ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ယောဒေသ ဖိုက်ခြင်းတောင်းပွဲခေါ် (သို့) မိုးခေါ်ပွဲအကြောင်း
Image

       မြန်မာနိုင်ငံတွင် တစ်ဆယ့်နှစ်လ ရာသီတိုင်း လစဉ် ပွဲတော်များ ကျင်းပလျက်ရှိပါသည်။ ရှေးပဝေသဏီမှ ယနေ့မျက် မှောက်ကာလအထိနှစ်စဉ်လစဉ်ကျင်းပလာခဲ့ကြသည်မှာရိုးရာယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်သည်။သင်္ကြန်ပွဲတော်မှသည်တပေါင်း ပွဲတော်အထိ ကျင်းပလာခဲ့ကြရာ အချို့သောပွဲတော်များသည် နေရာ ဒေသ၊ ထုံးတမ်း ဓလေ့အစဉ်အလာများကို မှီတည်ကာ ကျင်းပကြသည်။ အချို့သောပွဲတော်များသည် နေ့ရက် ကိုမှီတည်ကာ ဘာသာ၊ သာသနာ ဆိုင်ရာပွဲတော်များအဖြစ် ကျင်းပကြ သည်။ အချို့မှာ မိရိုးဖလာနတ်ပွဲများ ဖြစ် ကြသည်။

မြန်မာနိုင်ငံသည် လူမျိုးပေါင်းများစွာ စုစည်း နေထိုင်သော ပြည်ထောင်စုဖြစ်ပေရာ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းဟူသော စကားကဲ့သို့ ကျင်းပကြသောပွဲတော်များအမျိုးမျိုးကွဲပြားကြပေသည်။

ယောဒေသတွင်ထင်ရှားသောပွဲတော်များနှင့်ဓလေ့များမှာ-

သီတင်းကျွတ်လ(အောက်တိုဘာလ)တွင် ကျင်းပသော ဖယောင်းတောင်ချပွဲ၊ ဆီမီးတစ်ထောင်ချပွဲ၊ မီးကြာလှည့်ပွဲ၊ သနပ် ခါးပါးတို့ပွဲ၊ အိုးစည်ပြိုင်ပွဲ၊ မသိုးသင်္ကန်း ယက်ပြိုင်ပွဲ၊ မီးပုံးပျံလွှတ်ပြိုင်ပွဲ၊ လွန်ဆွဲပွဲ၊ မိုးခေါ်ပွဲ(ခေါ်) ဖိုက်ခြင်းတောင်းပွဲများနှင့် အားဆော်ခြင်း ဓလေ့ (ခေါ်) လုပ်အားပေးဓလေ့၊ ရှင်ပြုပွဲများ၌ ရွှဲတိုက် ခြင်းဓလေ့များ သည် ယောဒေသ၏ လူသိများသော ရိုးရာယဉ်ကျေးမှု ပွဲတော်များနှင့် ဓလေ့များပင် ဖြစ်ကြသည်။

ဖိုက်ခြင်းတောင်းပွဲခေါ် (သို့) မိုးခေါ်ပွဲ

ယောဒေသတစ်နယ်လုံးတွင် အဓိကအသက်မွေး လုပ်ငန်းမှာလယ်ယာစိုက်ပျိုးရေး ဖြစ်ပါသည်။ လယ်ယာ လုပ်ငန်းတစ်ဖက်နှင့်အားလပ်ချိန်လေးများတွင် မိန်းမကြီး/ငယ်တို့မှာဗိုင်း၊ချည်၊ဝါယက်ကန်းလုပ်ငန်းများကြားညှပ်လုပ်ကိုင်ကြသည်။ ယခုအခါ မာစရိုက်ချည်ဖြင့် ချည်ချောချိတ်လုံချည်ထုတ်လုပ်သည့်လုပ်ငန်းများပါလုပ်ကိုင် လာကြပါသည်။ မိမိတို့ယော ဒေသမှထွက်သောဝါဖြင့် ဝါဖန်၊ ဝါကြိတ်၊ ဗိုင်းငင်၊ ချည်ချအထည် ယက်လုပ်ငန်း မှာမူ မိရိုးဖလာလုပ်ငန်းဖြစ်ကာ အရွယ်ရောက် ပြီးသော မိန်းကလေးများမှာ ဗိုင်းငင်၊ ယက်ကန်း တတ်မြောက်ရ သည်။

ယခုဖော်ပြလိုသောပွဲမှာလည်း ယင်း ဝါဖန်ဝါကြိတ် လုပ် ငန်းနှင့်   နှီးနွှယ်လျက်ရှိပါသည်။ အချိန်မှာဝါဆို ဝါခေါင်လ ဖြစ်ကာ ကောက်စိုက်ပြီးစကာလတွင် ဖြစ်ပါသည်။ ထိုနှစ်မိုးခေါင်သဖြင့် သည်ပွဲကို ကြည့်ရခြင်းဖြစ်ပါသည်။  ကောက်စိုက်ပြီး မိုးခေါင်သွားလို့မဖြစ်ရပါ။ ရေသွင်းနိုင် သောလယ်များမဟုတ်ကြချေ။ မိုးကောင်းမှ ကောင်းကင် ကျရေကို အားကိုးရသော လယ်များဖြစ်ရာ မိုးမှန်စေလိုသည်။ထိုသို့မိုးရွာစေလိုသောကြောင့်လည်းထိုပွဲကို ကျင်းပခြင်း ဖြစ်ပါသည်။

ပွဲအမည်မှာ “မိုးခေါ်ပွဲ (သို့) ဖိုက်ခြင်းတောင်းပွဲ” ဖြစ်ပါသည်။ မိုးနတ်ကို တင်မြှောက်ပသ ပူဇော်သည့်ပွဲ ဖြစ်ပါသည်။ ကျေးလက်တောရွာများတွင် ပွဲလမ်းသဘင် ရှားပါးပါသည်။ ထို့ကြောင့်လည်း ထိုပွဲကို ကလေးသူငယ် မှအပလူရွယ် လူလတ်ပိုင်းပါမကျန် ကြည့်လိုသောပွဲဖြစ် သည်။ ညနေ နေဝင်ရီ တရောအချိန်ကပင်လျှင် အိုးစည်သံ တစ်ထုံထုံ၊ လင်းကွင်း  (ရကွင်း) သံတညံညံ ကြားနေရပြီ။

ကလေးများ ဟေးလား…..ဝါးလား…အော်ဟစ် မြူးတူးနေကြပြီ။ ဆိုင်းသံဗုံသံကြားလျှင် ထိုးထိုးတွန့်တွန့် ဖြစ်လာကြပြီ ဆိုရပါမည်။ “မိုးခေါ်ပွဲ (သို့) ဖိုက်ခြင်း တောင်းကပွဲ” ကျင်းပမည့် နေရာမှာ အလယ်လမ်း မကြီး လေးခုဆုံရာ ကွက်လပ်ဘေး ဇရပ်ကြီးတစ်ဆောင်အနီး တွင်ဖြစ်သည်။ ဇရပ် သို့မဟုတ် ဝန်းကျင်မှ ဖျာပေါ်တွင် ငှက်ပျောဖီးဆိုင်နှင့် အုန်းသီး လှလှထည့်ထားသည့် ကန့်တော့ပွဲများ အုန်းသီး ပေါ်တွင် ဖယောင်းတိုင်မီးထွန်းထားသည်။

ကန်တော့ပွဲများ မနီးမဝေးတွင်မူ အောက်လင်း ဓါတ်မီးအိုးတစ်လုံး ထွန်းထားပါသည်။ အိုးစည်ဝိုင်း ကလည်း မြိုင်မြိုင် ဆိုင်ဆိုင် တီးနေကြပါသည်။ ရွာရှိ ရိုးရာမြန်မာ့ ဆိုင်းအဖွဲ့ကလည်း ပတ်စာရေစာ ပြင်ကြပြီ။ (ကိုယ့်ရွာ ကိုယ့်ဆိုင်းမရှိလျှင် ငှားရမည်) မြန်မာ့ဆိုင်း အဖွဲ့လည်း ဧည့်ခံတီးမှုတ်ဖျော်ဖြေကြပြီ။

ခဏအကြာတွင် ကြမ်းခင်းထားသော ဖျာများပေါ်တွင် ဝါဂွမ်းဖတ်ရာတွင် ထည့်စရာ အဖြစ်သုံးသော ခြင်းတောင်းရှည်ကြီးတစ်လုံးကိုအလယ်မှာချကာအမျိုးသမီးကြီးများဝိုင်းဝန်းပြင်ဆင်နေကြသည်ကိုတွေ့ရသည်။ ထိုနေရာထိုအရာကား နတ် ဝင်မည့် နေရာပင်ဖြစ်တော့ သည်။ (ဖိုက်ခြင်းတောင်း ဆိုသည်မှာ ဆေးလိပ်ဖိုများ သဖွယ် ရှည်မျောမျော ယက်လုပ်ထားသော နှီးသေးသေးချောချောဖြင့်ယက်ထားသောအောက်အနည်းငယ်ကျဉ်းပြီးအဝတွင်အနည်းငယ်ပိုပြီး ကျယ်ကားနေသည့် ခြင်း တောင်းတစ်မျိုး ဖြစ်ပါသည်။ ဖိုက်ခြင်းတောင်းက ရန်ပြင်ဆင်ကြသောအခါ အဓိကမပါမဖြစ်သော အရာ ဝတ္ထု ပစ္စည်းများမှာ-

၁။ဝါဂွမ်းဖတ်ရာတွင် အသုံးပြုသော ခြင်းတောင်း ရှည်ကြီးတစ်လုံး
၂။မိန်းမဝတ်များ (အင်္ကျီ၊ ထဘီနှင့် ခါးစည်း တံဘတ်စအဝတ်)
၃။သီးပန်း၊သီးရွက်(မရပါက)နဘူးပန်း၊နဘူးရွက်။ 
၄။ဝါပင်မှ ဆွတ်ယူထားသောဝါပေါက်၊ဝါတွတ်၊ (ဂွမ်းအဖြစ်မရောက်မီ မူလ အခြေ အနေ)
၅။နံ့သာဖြူ/နီ၊ အမွှေးအကြိုင်များ ရိုးရာသနပ်ခါး စသည်တို့ မပါမဖြစ်လိုအပ်ပါသည်။
ဖိုက်ခြင်းတောင်းကို မိန်းမဝတ်များပတ်လျှက် ဝတ်ဆင်လိုက်ရပေသည်။ အမွှေးနံ့သာများလိမ်းကျံ ပက် ဖျန်းပေးထားရသည်။ သီးပန်း၊သီးရွက်(သို့မဟုတ်) နဘူး ပန်း၊ နဘူးရွက်တို့ကို ခြင်းတောင်း၏ ထိပ်(တောင်း ကို မှောက် လျက်အနေထားဖြင့်)တွင် ထိုးစိုက် ချည်နှောင် ကြသည်။ ထိုပန်းတို့၏ အလယ်တွင် ဝါပေါက်၊ ဝါတွတ် ကို ထားရပါသည်။

အားလုံးပြင်ဆင်ပြီးသောအခါ မိုးခေါ်ပွဲ(ဝါ) ဖိုက်ခြင်းတောင်းပွဲကို ဦးဆောင်ကျင်းပမည့်သူသည် အုန်း ငှက်ပျော၊ကန်တော့ပွဲကိုရှေ့မှာထားပြီး ဗုဒ္ဓမြတ်စွာ ဘုရားအား ဦးစွာကန်တော့ကာ နောက်ပိုင်း နတ်ပင့် ဂါထာရွတ်ဖတ် ၍ နတ်ပင့်ပါသည်။ နတ်ဝင်မည့် ဖိုက်ခြင်းတောင်းကိုင် မိန်းမကြီး/ငယ်တို့ကား အသင့်ဖြစ်နေရပါသည်။ ထိုဖိုက် ခြင်းတောင်းကိုကိုင်မည့်မိန်းမကြီး/ငယ်တို့သည်ကိုယ်ဝန် ဆောင်မိခင်များ မဖြစ်ရပါ။ ထိုသို့သတ်မှတ်ရ ခြင်းမှာ နတ်ဝင်ပူးခြင်း မရှိဟု အယူအဆရှိကြသော ကြောင့်ဖြစ် သည်။

နတ်ပင့်ဆရာကနတ်ပင့်ခြင်း ပြီးဆုံးပါက တီးခတ် နေသောဆိုင်းအား ခေတ္တရပ်ဆိုင်းလိုက်ရသည်။ ဖိုက်ခြင်း တောင်းကိုင်မည့် အမျိုးသမီးများ ကလည်း နတ်ဝင်က မည့် ဖိုက်ခြင်းတောင်း၏ အစွန်းကို လက်ဝါးဖြင့်ပင့်ကာ တင်ထားကြရပြီး ပတ်လည် ဝိုင်းထိုင်နေကြရပါသည်။ နတ်ပင့်ပြီးသော် နတ်ဆရာက မတ်တပ်ရပ်ပြီး အမွှေးနံ့ သာ ရည်ဆွတ် ဖျန်းထားသော ခွက်ဖလားထဲမှ နံ့သာ ရည်ကို ဖိုက်ခြင်းတောင်းအား ပက်ဖျန်းလိုက်ပါသည်။ ထို့နောက် နတ်ဆရာမှ မိုးခေါ်ဧချင်းကို တိုင်ပေး သည်။ ဖိုက်ခြင်းတောင်း ကိုင်အမျိုးသမီးများက သံပြိုင် လိုက်ဆို ကြပါသည်။

ပွဲကြည့်ပရိတ်သတ်များကလည်း စိတ်ပါနစ်မြော စွာ လိုက်ဆိုကြသည်မှာ ပွဲကျင်းပရာ ကွင်းတစ်ခုလုံး ဟိန်း နေပါတော့ သည်။ထိုသို့နတ်ဆရာကတိုင်ပေးပြီး လက်ထဲ မှနံ့သာရည်များပက်ဖျန်းပါသည်။ထိုအချိန်တွင်ဆိုင်းအဖွဲ့ကအနားယူပြီး အိုး   စည်ဝိုင်းအဖွဲ့မှ ညာသံများပေးလျက် တီးခတ်လိုက်ကြရာ အလယ်မှ ဖိုက်ခြင်းတောင်းသည် ဘယ်ညာယိမ်းက လှုပ်ရှား လာပါတော့သည်။

ဧချင်း
-တမင်သီ ရှင်ဇော်ဂျီ ဇော်ဂျီရှင်မ နတ်ကယ် တိမ်းပေ တော့ ယိမ်းပေတော့။
-ဝါဖတ်လေး ဖြူတော်စင် ရွှေလက်တောက်နဲ့ငင် ဇော်ဂျီ ရှင်မ နတ်ကယ်တိမ်းပေတော့ တိမ်းပေတော့။
-သံပုရာခွံ၊ လမ်းမမှာညွှံ ဒူးဆစ်မြုပ်အောင် ရွာပါ့မိုး၊ ရွာပါ့မိုး။
-လှေခါးဦး ကျွဲလူးရအောင် ရွာပါ့မိုး၊ ရွာပါ့မိုး။
-စားဖိုထောင့် ကြာပင်ပေါက်အောင် ရွာပါ့မိုး၊ ရွာပါ့ မိုး။
-ယက္ကန်းစင်၊ ပျိုလေးခင်၊ ချည်ခင်မျောအောင် ရွာပါ့မိုး၊ ရွာပါ့မိုး။ 
-အိမ်မိုးခေါင် မြုံးထောင်ရအောင် ရွာပါ့မိုး၊ ရွာပါ့မိုး။
နတ်ဆရာက တိုင်ပေးလိုက် နတ်ထိန်း (ဖိုက်ခြင်း တောင်းကိုင်) များက လိုက်ဆို လိုက်ဖြင့် အရှိန်ရနေချိန် မှာနတ်ဝင်ပူးထားသည့် ဖိုက်ခြင်းတောင်းသည် ဘယ်ညာ ယိမ်းကခုန်ပေါက်လာပါ တော့သည်။ ဖိုက် ခြင်း တောင်း ကိုင်များကလဲ အလိုက် သင့်ထိန်း ပေးရလေသည်။
-ငါးပိကောင်၊ ငါးရှင်းဖြစ်အောင် ရွာပါ့မိုး၊ ရွာပါ့မိုး။
-ပေဖူးပေါ် ပေပင်ပေါက်အောင်  ရွာပါ့မိုး၊ ရွာပါ့မိုး။
-ကောက်ပင်ညိုမြ၊ မမိုးခကို၊ရေရမြက်တင် ရွာစေချင်၊ ဇော်ဂျီရှင်မနတ်ကယ် တိမ်းပေတော့   ယိမ်းပေတော့။
ဖိုက်ခြင်းတောင်းသည် ပိုမိုအရှိန်ကောင်းစွာ ခုန်ပေါက်လာပါတော့သည်။ ဆိုင်းဝိုင်းက နတ်ဒိုးတီး ပေး ပြီ။ နတ်ချင်းမှာမူ “ရွှေပုပ္ပါး၊ ရွှေပုပ္ပါးရယ်သာ၊ လာချင်ပါရဲ့  လေးဝ”ဟူသော တေးသွားပင်ဖြစ်ပါသည်။ ပွဲကြည့် ပရိတ် သတ်များသည် နတ် ချင်း၊ နတ်ဒိုးသံတို့တွင် နှစ်မျောလေပြီ။ စိတ်တွေလှုပ်ရှား လာကြပြီး ကိုယ်တိုင် ဝင်ကကြ တော့သည်။ ထန်းရေသောက်ထားသူများ အဖို့ ကား ပြောဖွယ်ရာမရှိတော့ပြီ။ ကလေးသူငယ်များပါ အပျော်တွေကူးစက်ပြီး ဝင်ကကြပါ လေတော့သည်။ မဖော်ပြနိုင်သော  ဝမ်းသာပီတိဖြစ်မှုမျိုး ခံစားလာရပါ သည်။ ကြက်သီးတွေ တသီတတန်း ပင်ထလာပါတော့ သည်။
ယိမ်းယိုင်လှုပ်ခတ်နေသော ဖိုက်ခြင်းတောင်းမှာ အရှိန်လာသည်နှင့်အမျှ လမ်းမပေါ်သို့ဦးဆောင်ခေါ်ယူသွားတော့သည်။ အထိန်းတော် အမျိုးသမီးများမှာလဲ အလိုက်သင့် ခြံရံထိန်းပေးရင်း အိုးစည်၊ ဒိုးပတ်သံတွေ တမြိုင်မြိုင်ဖြင့် ရွေ့လျားကာရှေ့သို့ဦးတည်ကာ ကခုန်လျက် ချီတက်ကြသည်။ ပွဲကြည့်ပရိတ်သတ်များကလည်း သစ်ကိုင်းသစ်ခက်တို့ကို ကိုင်ဆောင်အော်ဟစ် လိုက်ပါကြ သည်။
ခပ်လှမ်းလှမ်းသို့ ရောက်လျှင်တော့ နတ်ဆရာမှ  ပြန်လည်ပင့်ဖိတ်ပြီး သတ်မှတ်နေရာသို့ ခေါ်ဆောင်ကာ ကပြကြပြီး ဖိုက်ခြင်းတောင်း အလိုအလျောက် ငြိမ် သက်မှ မိုးခေါ်ပွဲပြီးမြောက်သည်ဟု ယူဆကြပါသည်။
မူလကျင်းပရန် သတ်မှတ်ထားသော နေရာတွင် နဘူးနွယ်ဖြင့် လွန်ဆွဲပွဲ ကျင်းပရန် ကျန်နေသေး သည်။ ယောကျ်ားလေးဆိုလျှင် ယောကျ်ားချင်း၊ မိန်းမသားတို့ လျှင် မိန်းမသားတို့ချင်း ကိုယ့်နှစ်သက်ရာ အစုအဖွဲ့ဖြင့် လွန်ဆွဲကြခြင်းဖြစ်သည်။
ထိုသို့ သုံးလေးကြိမ်ကပြခြင်းဖြင့် ညဉ့်နက်သည် အထိကျင်းပကြသည်။ ဖိုက်ခြင်းတောင်းနတ်မှာ မအောင် ဖြူဟုခေါ်ကြောင်း ရွာမှလူကြီးသူမများ ပြောကြားမှုဖြင့် သိရှိရပါသည်။ ဖိုက်ခြင်းတောင်းပွဲသည် ငွေကုန်ကြေးကျ သိပ်မများပဲ ကလေး၊လူကြီးအားလုံး ပါဝင်ဆင်နွှဲနိုင်သော ကျေးလက်ရိုးရာပွဲတော်တစ်ခုပင် ဖြစ်ပါသည်။