တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ် ဧရာဝတီ၊ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး 2025-01-20
Image

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှဦးစီး၍ တိုင်းဒေသကြီး ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် “တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်” ကို (၁၆.၁.၂၀၂၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး ဦးသူရိန်က မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးရေးရာ၊ မသန်စွမ်းရေးရာ၊ ကလေး သူငယ်ရေးရာနှင့်လူမှုရေးပင်စင်စသည့် လူမှုဝန်ဆောင်မှုဆိုင်ရာများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေပါ သိမှတ်ဖွယ်ရာများ၊ ကလေးအလုပ်သမားနှင့်သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်ပါ ကောက်နုတ်ချက်များ၊ ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်တာဝန်များ၊ အမုန်းစကားနှင့် လူမျိုးပြုန်းစေမှု တားဆီးရေးဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း အသိပညာပေးရှင်းလင်းပြောကြားခဲ့ ပါသည်။ 

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မောင်မောင်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဇလွန်မြို့နယ်၊ ဦးစီးမှူး ဦးနိုင်ကျော်စိုးက မျိုး၊ မြေ၊ ရေ၊ နည်းများ မှန်ကန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ မျိုးစပါးများ ရွေးချယ်စိုက်ပျိုးနိုင်ရန်၊ ပိုက်ဆံလျှော်ကဲ့သို့ သဘာဝမြေဩဇာများအသုံးပြုနိုင်ရေးနှင့် သဘာဝ ပိုးသတ်ဆေး ပြုလုပ်နည်းများစသည့် စိုက်ပျိုးရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဇလွန်မြို့နယ်၊ ဦးစီးမှူး ဒေါက်တာလေးမွန်ကြည်က ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များ အကြောင်း၊ ဇီဝလုံခြုံမှုနှင့် ရောဂါကာကွယ်ကုသနည်းများ၊ မျိုးကောင်းမျိုးသန့်များရွေးချယ်မွေးမြူနိုင်ရေး၊ မေထုံမဲ့သားစပ်ခြင်းများ၊ ဝက်မွေးမြူရေးနှင့် ဝက်အမျိုးအစားများအကြောင်း၊ ဒေသတွင်းမွေးမြူရေးလုပ်ငန်းများ အကြောင်းစသည့် မွေးမြူရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း အသိပညာပေး  ရှင်းလင်းပြောကြား ခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းများကို ကောက် ယူခဲ့ရာ ဒေသခံတိုင်းရင်းသား(၈၃)ဦးတို့မှ ဖြေဆိုခဲ့ကြပြီး တက်ရောက်လာကြသူများအား တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ၊ လက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ဇလွန်မြို့နယ် ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။


Image
Image
Image
Image
Image