ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၆-၁၂-၂၀၂၄) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရခိုင်တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသဖြင့် ကဏ္ဍ ပေါင်းစုံတိုးတက်မှု ရရှိအောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်တိုင်းရင်းသားပြည်သူများက လည်း အတူတကွလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ယခုသင်တန်းကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် တိုင်းရင်းသားရေးရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းဆိုင်ရာ လိုအပ်ချက်စစ်တမ်းများကို ကောက်ယူခဲ့သည့် စစ်တမ်းရလဒ်များအရ အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စက်ချုပ် ပညာရပ်ဖြင့် ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းလုပ်ငန်းတစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပြီး တစ်ဖက်တွင်လည်း မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိပြည်နယ်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေမှာ ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုအခွင့်အရေးကို အကျိုး ရှိစွာအသုံးချ၍ အလေးအနက်ထား သင်ယူကြရန် တိုက်တွန်းလိုပါကြောင်း၊ သင်တန်းတက်ရောက် နေစဉ် ကာလအတွင်း စိတ်ပါဝင်စားစွာဖြင့် သင်ယူမှတ်သားကြရန်နှင့် သင်တန်းသူများ အချင်းချင်း ရိုင်းပင်းကူညီကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက ကျေးဇူးတင် စကားပြောကြားခဲ့ပြီး သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်၍ လူမှု ဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သင်တန်းပို့ချမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက အခြေခံစက်ချုပ်သင်တန်းအတွက် ထောက်ပံ့ငွေကျပ် (၁၈၀)သိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှအား ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါ သည်။ ယခုဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းကို (၂၆-၁၂-၂၀၂၄)ရက်နေ့မှ (၂၅-၁-၂၀၂၅) ရက်နေ့အထိ (၁) လကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ရခိုင် (၁၄)ဦး၊ မရမာကြီး(၁၄)ဦး နှင့် ခမီ(၂)ဦး စုစုပေါင်း(၃၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။