တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်အတူ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးတွင် ကျင်းပခဲ့သည့် “မူပိုင်ခွင့်ဆိုင်ရာ အသိပညာပြန့်ပွားနိုင်ရေး အသိပညာပေးဟောပြောပွဲ”အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ရခိုင်လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မူပိုင်ခွင့် နှင့်ပတ်သက်၍ ကုန်အမှတ် တံဆိပ် မူပိုင်ခွင့် ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့် ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေဟူ၍ (၄)မျိုးရှိပါကြောင်း၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် စတင်အာဏာတည်ပါကြောင်းနှင့် ဒီအခမ်းအနားကနေ ရရှိသော အသိပညာများကို ထပ်ဆင့်မျှဝေသွားကြရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက တိုင်းရင်း သားလူမျိုးများ၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဖော်ထုတ်မြှင့်တင် နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီအဖွဲ့ဝင် ဦးသန်းမောင်က တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဉပဒေရေးရာနှင့်စပ်လျဉ်း၍ လည်းကောင်း၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်းက စာပေနှင့် အနုပညာ မူပိုင်နှင့် စပ်လျဉ်းသည့် အကြောင်းအရာများအားလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြရာ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို နေ့လည်(၁၅:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။