ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးကကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးချွန်စွမ်းရည်ပြပွဲ၊ ပြိုင်ပွဲ အခမ်းအနားကို (၁၂-၁-၂၀၂၅) ရက်နေ့၊ နံနက် (၇:၀၀) နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲကုန်ကျေးရွာ (အောက်) ၊ မူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းမိတ်ဆက်ပြောကြားခြင်း၊ အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများအကြောင်း၊ တိုင်းရင်းသားအချင်းချင်း အမုန်းစကားနှင့် အကြမ်းဖက်မှုဖြစ်စေရန် လှုံ့ဆော်မှုကို တားဆီးရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မှော်ဘီမြို့နယ် ပညာရေးမှူး ဦးစည်သူဟိန်းက ဗလငါးတန်နှင့်ပက်သက်၍လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြပြီး မှော်ဘီမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးအေးသိန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
ထို့နောက် ဗလငါးတန်နှင့် ပြည့်စုံသော ပြပွဲပြိုင်ပွဲများဖြစ်သည့် အာလူးကောက်ပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ချယ်ပြိုင်ပွဲ၊ စက္ကူဖြင့် စုပေါင်းအရုပ် ခေါက်ပြိုင်ပွဲ၊ ဉာဏ်စမ်းမေးခွန်းများဖြေဆိုခြင်း စသည့်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ အားကစားပစ္စည်းများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမြင့်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ဝါးညှပ်အက၊ ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။