ဗမာ ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ရွှေဂျီညို(ငဟီး) အက၏ သမိုင်းကြောင်း
Image

     ရွှေဂျီညိုအက၏ သမိုင်းကြောင်းအစ ဆင်းသက် လာပုံကို လေ့လာကြည့်သောအခါ ရှေးအခါကာလက မဟာမြိုင်တောတွင်ရှိသော မုန်းစပက်မြို့မှ မိုးကောင်း၊ မိုးညှင်းမြို့သို့ ပြောင်းရွှေ့လာကြပြီး ချင်းလေးမှုံတို့ မိသားစုတောင်ယာထဲတွင် ကျန်ခဲ့၍ ပြန်လာခေါ်ခဲ့သော ဆူမှုံနှင့်ဆူကပ်တို့ ညီအစ်ကိုနှစ်ဦးမှ ဆင်းသက်လာကာ အစ်ကိုဖြစ်သော ဆူမှုံနှင့် ချင်းလေးမှုံ၏သမီး ပွဲအွမ်တို့မှ အိမ်ထောင်ကျပြီး “ဖီဟော်”ခေါ်သော သားတစ်ယောက်ကို ဖွားမြင်ခဲ့သည်။ ဖီဟော်ဟုခေါ်တွင်ရသည်မှာ ဆူမှုံနှင့် ဇနီးပွဲအွမ်တို့သည် မိမိတို့၏သားကို အလွန်ချစ်မြတ်နိုးကြ သောကြောင့် နတ်ပေးသောရတနာထုပ်ကဲ့သို့ ယူဆကာ သားလေး၏နာမည်ကို “ဖီဟော်”ဟု ရှမ်းဘာသာဖြင့် မှည့်ခေါ်ခဲ့သည်။ “ဖီ”သည်နတ်ဖြစ်ပြီး၊ “ဟော်”သည် အရာဝတ္ထုကို ထုတ်ထားသောအထုပ်ဟု အဓိပ္ပာယ်ရ သဖြင့် မြန်မာဘာသာဖြင့် “နတ်ပေးသောသား”ဟု အဓိပ္ပာယ်ရကြောင်း သိရပါသည်။ 

ဆူမှုံနှင့် ဇနီးပွဲအွမ်တို့၏သား ဖီဟော်သည် လူလား မြှောက်လာသောအခါ ထိန်းသိမ်း မရလောက်အောင် ဆိုးသွမ်းလှသဖြင့် ဖခင်ဖြစ်သူဆူမှုံသည် ဆိုဆုံးမ မရ ဖြစ်နေသော မိမိ၏သား ဖီဟော်ကို ရင်သွေးသားရင်းဖြစ်၍ ချစ်ရသော်လည်း အများဆန္ဒနှင့်အညီ ခေါင်းဆောင်တစ်ဦး၏ ရိုးသားဖြူစင်မှန်ကန်လှသော အသိတရားအဆုံးအဖြတ်ကို လက်ကိုင်ထားကာ သားတော်ဖီဟော်ကို နယ်မြေမှ နယ်နှင်ဒဏ် ပေးလိုက်သည်။

ဖီဟော်သည် မိဘမှနယ်နှင်ဒဏ်ပေး၍ မောင်းထုတ် ခဲ့သဖြင့် နေရာမဲ့သွားသောကြောင့် ရှေးအခါက ဘိုးဘွားတို့ နေခဲ့ဖူးသော နေရာဖြစ်သည့် မဟာမြိုင်တောသို့ဝင်ကာ မုန်းစပက်မြို့ဟောင်းတွင် ကျက်စားနေထိုင်ခဲ့သည်။

တစ်နေ့သောအခါ မုဆိုးကြီးဖီဟော်သည် မိမိနေထိုင် ကျက်စားနေရာ မဟာမြိုင်တောတွင် အမဲလိုက်ထွက်သွား သောအခါ သမင်၊ စိုင်၊ ဆပ်၊ ဂျီ၊ သိုးကောင်များ ကျက်စား သွားလာကြသည်ကို တွေ့ရှိခဲ့ရသဖြင့် လိုက်လံ၍လေး၊ လှံလက်နက်တို့ဖြင့် ပစ်ခွင်းလိုက်သောအခါ ဂျီတစ်ကောင်ကို ထိမှန်ခဲ့လေရာ ဂျီသည် မုဆိုးကြီးဖီဟော် ပစ်လိုက်သော မြှားချက်ဖြင့် ချက်ကောင်းကို ထိမှန်ခြင်းမရှိသဖြင့် ဒဏ်ရာနှင့် တောတောင်ထူထပ်သောနေရာသို့ ထွက်ပြေး သွားလေသည်။ မုဆိုးကြီးဖီဟော်သည် မိုးချုပ်သွားသဖြင့် ဂျီသားဖြတ်ရန် အချိန်မရသောကြောင့် ဂျီသေကောင်ရှိရာ တောင်စောင်းကမ်းပါးယံတွင်ပင် ညအိပ်ခဲ့ရလေတော့သည်။ 

   မုဆိုးကြီးဖီဟော်သည် ဂျီသေကောင်ကိုစောင့်၍ အိပ်နေ ချိန်တွင် လူဝံမကြီးတစ်ကောင်သည် ဂျီသေကောင်၏ သွေးစက်အနံ့ ရရှိခဲ့သဖြင့် ဖီဟော်စောင့်နေသော ဂျီသေ ကောင်ရှိရာသို့ ရောက်ရှိခဲ့လေသည်။ လူဝံမကြီးသည် ဖီဟော်အိပ်နေသည်ကို တွေ့မြင်လိုက်ရသောအခါ ဖီဟော်ကိုရန်မမူဘဲ နှစ်သက်သောအမူအရာဖြင့် ဖီဟော်ကို ယုယုယယပြုစုစောင့်ပေးခဲ့သည်။ ထိုသို့ဖီဟော်နှင့် လူဝံမ တို့သည်ရင်းနှီးစွာ ပေါင်းသင်းနေထိုင်လာကြရင်း နှစ်ကာလ ကြာလာသောအခါ ဖီဟော်နှင့် လူဝံမတိုသည် တစ်ဦးနှင့် တစ်ဦးမေတ္တာမျှ၍ ပေါင်းသင်းနေထိုင် လာခဲ့ကြလေတော့ သည်။ ဖီဟော်နှင့်လူဝံမတို့သည် မဟာမြိုင်တောတွင်ရှိ မုန်းစပက်မြို့ဟောင်းတွင် ကာလရှည်ကြာစွာ ပေါင်းသင်း‌ နေထိုင်လာခဲ့ပြီးနောက် ဖီဟော်နှင့် လူဝံမတို့သည် သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားလာခဲ့ တော့သည်။ ဖီ‌ဟော်နှင့်လူဝံမတို့၏ ကလေးများသည် မိခင်လူဝံနှင့် မတူဘဲ ဖခင်ဖီဟော်ကဲ့သို့ လူသားစစ်စစ်ပင် ဖြစ်လာကာ စကားလည်းပြောတတ်လာခဲ့ကြသည်။ 

ဖခင်ဖီဟော်သည် ကလေးများ၏ နောင်ရေးအတွက် တွေးတော ပူပင်လာမိလေတော့သည်။ မိမိ၏ ကလေး များအား လူသည်လူ့အဖွဲ့အစည်းနှင့် ပေါင်းသင်း ကျက်စားနေထိုင်သင့်ကြောင်းကို ပြောပြခဲ့လေသည်။ ဖီဟော်သည် မိမိ၏ ကလေးများအတွက် နောင်ရေးကို ပူပန်ပြီး မိဘတို့ရပ်ရွာကိုပြန်လိုသော်လည်း မိဘတို့မှ ပြစ်ဒဏ်ပေး၍ မောင်းလာခဲ့သည်ကတစ်ကြောင်း၊ လူဝံ၏ သံယောဇဉ်ကို ထောက်ထားညှာတာသည်က တစ်ကြောင်း ကလေးများနှင့် ပြန်ရန် ကြိုးစားသော်လည်း မပြန်ဖြစ်ခဲ့ပေ။

တစ်နေ့တွင် ဆူမှုံတို့နေထိုင်သော ရပ်ရွာ (ယခု မေတ္တာ၊ မူးပေါက်နေရာ)တွင် ဆူမှုံကွယ်လွန်သွားခဲ့ပြီး “အဘအရာခံသား၊ နောင်ဘွားအရာခံညီ” ဟူသော အစဉ်အလာအတိုင်း ဖီဟော်မရှိခဲ့သဖြင့် အစ်ကို၏ အရိုက် အရာကို ညီဖြစ်သူ ဆူကပ်မှ ဆက်ခံ အုပ်ချုပ်ခဲ့လေသည်။ ဆူကပ်လည်း ကွယ်လွန်သွားပြန် သောအခါ ဆူမှုံ၏သား ဖီဟော်ရှိနေကြောင်း စည်းဝေး တိုင်ပင်ညှိနှိုင်းကြပြီး ဖီဟော်အား မိဘမှ နှင်ထုတ်ထားသည်ကို လိုက်ရှာရန် တာဝန်ပေး၍ စေခိုင်းလိုက်လေသည်။

ဖီဟော်အား လိုက်ရှာကြသူများသည် ဖီဟော် ထွက်ခွာရာအရပ်သို့ လိုက်လံရှာဖွေခဲ့ကြရာ မဟာမြိုင် တောတွင်းရှိ မုန်းစပက်မြို့ဟောင်း တစ်နေရာတွင် ဖီဟော် နှင့် သားတစ်ယောက် သမီးတစ်ယောက်တို့ကို ရှာဖွေတွေ့ရှိခဲ့ ကြလေသည်။ ဖီဟော်ကိုတွေ့ရှိကြသည့်အခါ ဖခင်ဆူမှုံနှင့် ဦးလေးဆူကပ်တို့ ကွယ်လွန်ကုန်သဖြင့် အုပ်ချုပ်စီမံရန် လိုက်ရှာခဲ့ရကြောင်း ပြောပြခဲ့သောအခါ ဖီဟော်သည် လူဝံမ၏သံယောဇဉ်ကို သိရှိနားလည်ခဲ့သော်လည်း မနေသာတော့ဘဲ ကလေးများ၏ ဘဝနောင်ရေးကို ရှေးရှုလျက်ကလေးများ လူဘဝ လူ့အသိုင်းအဝိုင်း နှင့် ကင်းကွာသွားမည်ကို စိုးရိမ်ပူပန်နေခဲ့သောကြောင့် လူဝံမ အစာရှာထွက်သွားနေခိုက်ကို ကလေးနှစ်ယောက်ကို ခေါ်၍ ပြန်လိုက်လာခဲ့သည်။

လူဝံမသည် ညနေစောင်း၍ အစာရှာပြီးပြန်လာ သောအခါ ဖီဟော်နှင့် သားသမီးများကို မတွေ့ရ၍  ဖီဟော်နှင့် သားသမီးများကို တွေ့လိုဇောဖြင့် ညအချိန် မိုးသည်းထန်စွာ ရွာနေခဲ့သော်လည်း မအိပ်နိုင် မစားနိုင် ဖြစ်ကာ လင်နှင့် ကလေးများ သွားလေရာအရပ်ကို မှန်းဆပြီး အနံ့ခံ၍ လိုက်ရှာခဲ့လေသည်။ ဖီဟော်နှင့် သား သမီးတို့သည်လည်း မိုးသည်းထန်စွာ ရွာနေခဲ့သောကြောင့် ရေကြီး‌ရေလျှံမဖြစ်ခင် စည်းလိမ်းချောင်း တစ်ဖက်ကမ်းကို ကူးခတ်နိုင်ရန်အတွက် ဖီဟော်နှင့် လာခေါ်သူများသည် သားသမီးများကို ပွေ့ချီလျှက် အမြန်ထွက်လာခဲ့ကြရာ စည်းလိမ်းချောင်း တစ်ဖက်ကမ်းကို ကူးနိုင်ခဲ့ကြလေသည်။

လူဝံမကြီးသည်လည်း ဖီဟော်နှင့် သားသမီးတို့ကို လိုက်ရှာခဲ့ရာမှ စည်းလိမ်းချောင်း တစ်ဖက်ကမ်းသို့ ရောက်ရှိလာသည့်အခါ စည်းလိမ်းချောင်း တောင်ကျရေ များသည် တလဟော စီးဆင်းလာကာ ရေများပြည့်လျှံ၍ အရှိန်ပြင်းစွာ စီးဆင်းနေလျက်ရှိရာ ချောင်းတစ်ဖက်တွင် ရှိနေသော ဖီဟော်နှင့်သားသမီးကို မြင်ရသောအခါ သား သမီးတို့ကို အော်ခေါ်သံပေးကာ ချောင်းကိုဖြတ်ကူးနိုင်ရန် အတန်တန်ကြိုးစားလျက် တိရစ္ဆာန်ပင်ဖြစ်သော်ငြားလည်း မိခင်၏သောက ဗျာပါဒရောက်ကာ ရေပြည့်လျှံနေသော ချောင်းဘေးတစ်လျှောက် လူးလာခေါက်ပြန် စုန်ဆန် ပြေးလွှား၍ သောကရောက်နေချိန်တွင် မျောပါလာသော သစ်ပင်ကြီး၏ အကိုင်းအခက်နှင့် တိုးခတ်ရိုက်မိကာ လူဝံမကြီးအသက် သေဆုံးသွားခဲ့လေသည်။ 

ဖီဟော်နှင့် သားသမီးတို့သည်လည်း မိခင်လူဝံမ ပြန်လိုက်လာခဲ့သည်ကို မြင်ခဲ့ရသဖြင့် တစ်ဦးပေါ်တစ်ဦး သံယောဇဉ်ကြောင့် စောင့်မျှော်ခဲ့လေရာ တောင်ကျရေ လျော့နည်းသွားသောအခါ စည်လိမ်းချောင်း တစ်ဖက်ကမ်းသို့ ပြန်ကူး၍ မိခင်လူဝံမကြီးကို လိုက်ရှာခဲ့ရာ လူဝံမကြီးသည် လက်တစ်ဖက်တွင် မိမိလင်နှင့် သားသမီးများ ကြိုက်နှစ် သက်တတ်သော သစ်သီးတုံးများကို ကိုင်ဆောင်ကာ မျက်ရည်စက်လက်ဖြင့် ဒဏ်ရာရကာ အသက်သေဆုံး နေသော လူဝံမကြီးကို တွေ့ရှိခဲ့ရလေသည်။    ဖီဟော်နှင့် သားသမီးတို့သည် မိခင်လူဝံမကြီးကို ကောင်းမွန်စွာ မြှုပ်နှံထားခဲ့ပြီးလျှင် ဖီဟော်ကို လာခေါ်သော ရွာသားတို့ နှင့်အတူ ဖခင်ဆူမှုံတို့ နေထိုင်ခဲ့ရာရပ်ရွာ (ယခုဆူမှုံ နတ်နန်းရှိရာ)သို့ပြန်လာခဲ့ကြသည်။ လူဝံမကြီးကွယ်လွန် သေဆုံးသွားသောချောင်းကို စည်လိမ်းချောင်းမှ တစ်ဖန် မိခင်မေတ္တာကြီးမားပုံကို အကြောင်းပြု၍(ယခုထက်တိုင်) မေတ္တာချောင်းဟု ခေါ်ဝေါ်စွဲကျန်ခဲ့လေသည်။

ဖီဟော်သည် မိဘရပ်ရွာသို့ ပြန်ရောက်သောအခါ ရပ်ရွာမှ နှင်ထုတ်ထားသော ဖီဟော်ကို မြင်တွေ့ကြလျှင် တအံ့တဩဖြစ်ကြသော နတ်မျိုးနတ်နွယ်ဖြစ်သောကြောင့် တောထဲတွင် တစ်ယောက်တည်းနှစ်ပေါင်းများစွာ နေထိုင်ခဲ့ သော်လည်း ဘေးအန္တရာယ်တစ်စုံတစ်ရာ မကျရောက်ဘဲ ပြန်လာခဲ့ရခြင်းဖြစ်သည်ဟု ယုံကြည်လာခဲ့ကြပေသည်။

မုဆိုးကြီးဖီဟော်သည် မိဘရပ်ရွာသို့ပြန်ရောက် သောအခါ ဦးလေးဖြစ်သူဆူကပ်၏ အရိုက်အရာဖြစ်သည့် ထူးယဉ်(ကနန်း)နွယ် အကြီးအကဲအဖြစ် ဆက်ခံခဲ့လေသည်။  ဖီဟော်သည် ထူးယဉ်(ကနန်း)နွယ် အကြီးအကဲဖြစ်လာ သောအခါ သံဝေဂတရားရပြီး မိမိငယ်စဉ်အခါက မိဘရပ်ရွာကို ပြစ်မှားမိုက်မှားမိသမျှကို ဝန်ချတောင်းပန်ပြီး နောင်တကြီးစွာ ရလေတော့သည်။ ထို့ကြောင့် ကွယ်လွန် သွားကြရှာပြီဖြစ်သော အဘနှင့် ဦးလေးတို့အား မြှုပ်နှံရာ သုဿာန်သို့သွား၍ မိမိပြစ်မှားမိသမျှကို အပြစ်တို့မှ ခွင့်လွှတ်ပေးပါရန် တောင်းပန်ခဲ့သည့်အပြင် မိမိနှင့်တကွ ထူးယဉ်(ကနန်း)မျိုးနွယ် များအားလည်း မိဘနှင့်ဦးလေးတို့ အသက်ထင်ရှား ရှိစဉ်သကဲ့သို့ စောင့်ရှောက်ပေးရန် တောင်းပန်ခဲ့လေသည်။ ဖခင်ဆူမှုံနှင့် ဦးလေးစူကပ်ဖြစ်သူ တို့အား နေထိုင်ရန်အတွက် နတ်ကွန်းအဆောက်အဦး နှစ်ဆောင်ကိုလည်း ဆောက်လုပ်ပေးခဲ့သည်။ ဖခင်နှင့် ဦးလေးတို့အား ဖီဟော်မှ ဦးဆောင်၍ ထူးယဉ်(ကနန်း) နွယ်ဖွားတို့သည် နှစ်စဉ်နှစ်တိုင်း ကောက်ဦးကောက်သစ် ပေါ်ချိန်ရောက်တိုင်း အိမ်တိုင်း ကျွဲသားဟင်း၊ ကြက်ဥနှင့် ကောက်ဦးကောက်သစ်ကို ယူဆောင်လာခဲ့ကြပြီး ထူးယဉ် (ကနန်း)နယ်အားလုံး တစ်ချိန်တည်း၊ တစ်ရက်တည်း  ဆူမှုံ၊ ဆူကပ် နတ်ပူ‌ဇော်ပသပွဲကို ကျင်းပသည့်ထုံးစံသည် ကနန်းနယ်တွင် ယနေ့အချိန်အထိ ကနန်းတို့၏ ရိုးရာ မပျက်ဆူမှုံ၊ ဆူကပ် နတ်ပူဇော်ပသခဲ့ကြလေသည်။  မုဆိုးကြီး ဖီဟော်သည် တူးယဉ်(ကနန်း)အမျိုးနွယ်များကို အုပ်ချုပ်နေစဉ် ကာလတစ်လျှောက်လုံးတွင် ရွာသားများအား မိမိတတ်မြောက် ထားသော တောလိုက်မုဆိုး အတတ်ပညာကို သင်ကြားပေး ခဲ့လေသည်။ ဖီဟော်သည်လည်း အသက်အရွယ် အိုမင်း  လာပြီး သက်ရှိသတ္တဝါတို့၏ သင်္ခါရသဘောအရ မုဆိုးကြီး သေဆုံးသွားလေသည်။ 

     မုဆိုးကြီးဖီဟော် သေဆုံးသွားသောအခါ ဖီဟော် သည် (တူးယဉ်) မျိုးနွယ်စစ်ဖြစ်သော်လည်း လူဝံမနှင့် ပေါင်းဖက်ခဲ့ပြီး မျိုးနွယ်မတူသောဖီဟော်နှင့် လူဝံမတို့၏ သားကို အကြီးအကဲအဖြစ် ရွေးချယ်တင်မြောက်ခဲ့ခြင်း မပြုကြတော့ပဲ ထူးယဉ်(ကနန်း)မျိုးနွယ် စစ်ဦးဆောင် ညွှန်ကြားနိုင်သောသူကိုသာ ရပ်ရွာပြည်သူ၏ သဘောကျ ရွေးချယ်ပြီး အကြီးအကဲကို တူးယဉ်နွယ်မှလူကို စတင် ရွေးချယ်ခဲ့ကြသော အစဉ်အလာသည် ကနန်းနွယ်တွင် ယနေ့အချိန်အထိ အစဉ်အလာအတိုင်း ပြည်သူသဘောကျ ရွေးချယ်အုပ်ချုပ် သော အစဉ်အလာရှိခဲ့လေသည်။

မုဆိုးကြီးဖီဟော် သေဆုံးပြီးနောက် ဖီဟော်အား အရပ်သူအရပ်သားများကို အုပ်ချုပ်ခဲ့သော အကြီးအကဲ ဖြစ်သောကြောင့် ရွာသူရွာသားများက ညှိနှိုင်းတိုင်ပင်ကြ ပြီးလျင် ဆူမှုံနှင့် ဆူးကပ်များကဲ့သို့ မိမိတို့၏ တူးယဉ် (ကနန်း) မျိုးနွယ်တူ ခေါင်းဆောင်အကြီးအကဲများလည်း တူးယဉ်(ကနန်း) မျိုးနွယ်စုကို ဆက်လက်ပြုစု စောင့်ရှောက် ပေးရန်အတွက် ဆူမှုံ၊ ဆူကပ်နတ်နန်း၏ အနောက်ဖက် တောတစ်နေရာ နတ်ကွန်းတစ်ခု ဆောက်လုပ်ပြီး နှစ်စဉ်နှစ်တိုင်း ဆူမှုံ၊ ဆူကပ် နတ်ကိုးကွယ်ပြီးနောက် ဖီဟော်မုဆိုးနတ်အားလည်း “ဂျီ” တစ်ကောင်လုံးကို ဟင်းချက်ကာ ပူဇော်ပသခဲ့လေသည်။ ဆူမှုံ၊ ဆူကပ်ကို ပသသကဲ့သို့ ဖီဟော်နတ် ပသသောအခါတွင်လည်း ပူဇော်ပသပြီးနောက် လုယူ စားသောက်ခြင်းမပြုလုပ်ရဘဲ မိမိမိုက်မှားမိခဲ့သမျှ နောင်တရကာ ဖီဟော်နတ်ပူဇော် ပသရန်လာခဲ့ကြသော ပုဂ္ဂိုလ်များသည် ဟင်းခွက် သို့မဟုတ် သောက်ရေခွက်တစ်ခုစီနှင့် ကြက်ဥ၊ ကောက်ဦး ကောက်သစ်၊ စားဦးသောက်ဦးကို ယူဆောင်လာခဲ့ကြ၍ ဖီဟော်နတ်အား ပူဇော်ပသလာသူ အားလုံး ယူဆောင်လာသော ခွက်ထဲသို့ အညီအမျှခွဲဝေပေးပြီး စားသောက်စေခဲ့သော ဓလေ့ထုံးစံ သည်လည်း ယနေ့အချိန်အထိ ကျန်ရှိခဲ့လေသည်။ 

ဖီဟော်နတ်အား ပူဇော်ပသရန် နှစ်စဉ်နှစ်တိုင်း ကောက်ဦးကောက်သစ်ပေါ်ချိန် ဆူမှုံ၊ ဆူကပ်နတ် ပူဇော် ပသပြီးနောက် ထူးယဉ်(ကနန်း) မျိုးနွယ်စုတို့သည် ဖီဟော် သင်ပေးသော မုဆိုးအတတ်ပညာဖြင့် တောလိုက်ထွက်ကြသော အစဉ်အလာသည် ထိုအချိန်မှစ၍ ယနေ့အချိန်ထိ ထိန်းသိမ်းလျက် ကျန်ရှိနေခဲ့သေးသည်။ 

     ရှေးအခါက ဘိုးဘွားများသည် ဖီဟော်နတ်ပူဇော် ပသရန် အသင်းလိုက်အဖွဲ့လိုက်စုစည်းပြီး တောလိုက် မုဆိုးအဖြစ်ထွက်၍ ဂျီလိုက်ကြသော ထုံးစံဓလေ့ကို မှီငြိမ်းကာ ဖီဟော်သင်ပေးထားသော တောလိုက်မုဆိုး အဖွဲ့များ အကြောင်းကိုလည်း မေ့ပျောက်သွားခြင်း မရှိရ လေအောင် ပျော်ပွဲရွှင်ပွဲ၊ အလှူပွဲတော်များ၊ ထူးယဉ်(ကနန်း) လူများ၊ဗုဒ္ဓဘာသာယဉ်ကျေးမှုပွဲတော် အလားဖြစ်သည့် သီတင်းကျွတ်လ ဝါကျွတ်ကာလများတွင် (ရွေတိုညို) အရုပ် အမည်ပေးကာ သမင်၊ ဆပ်၊ ဆိတ်၊ စိုင်၊ သိုးကောင်၊ ဂျီ စသောအရုပ်အမျိုးမျိုးကိုမိမိတို့၏အနုပညာစိတ်ကူးများဖြင့် ကြံဆကြပြီးလျင်ပွဲသို့ လာရောက်ကြည့်ရှုကြ သော ကလေး၊ လူကြီးများအားလုံး၏ စိတ်တွင်သဘောကျ နှစ်သက်ဖွယ်ကောင်းပြီး ဟာသလည်းမြောက်အောင် ရုပ်ပြောင်များကို တီထွင်ကာ ရုပ်လုံးတစ်ရုပ်တစ်ကောင် ကို နှီးများဖြင့် ယက်လုပ်ပုံဖော်ကာ ကပြခဲ့ကြသည်။

ရှေးယခင် ဘိုးဘွားများသည် အရုပ်ကို တီထွင်ကြရာတွင် အရုပ်၏ဦးခေါင်းကို သမင်၊ ဂျီ ပုံသဏ္ဍာန်ဖော်ထား ခဲ့ပြီး ကိုယ်ကောင်ကို ခြင်းများယက်လုပ်၍ ကိုယ် ထည် အမွှေးများစုပ်ဖွား တွဲလောင်းကျစေရန် လျှော်ပင်မှ လျှော်နီစ များကို ခွာပြီးအသေးစိပ်များခွဲကာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းအောင် မွန်းမံစီရင်ထားခဲ့သော အရုပ်ကိုပင်သမင်၊ ဂျီ မည်သည့်အရုပ်သဏ္ဍာန်ပင် ဖြစ်သော်လည်း ထူးယဉ် (ကနန်း) လူမျိုးတို့၏ အခေါ် ပညတ်သဘောအရ “ရွှေတိုညို” အရုပ်အမည် တပ်ပေးခဲ့ကြလေသည်။ ထိုသို့ ရွှေဂျီညိုပွဲဝင် ရုပ်ပြောင်အက ကသောအခါ တီးမှုတ်ခဲ့သောတူရိယာများမှာဗုံညီနောင်တစ်စုံ၊ နှဲ(သို့မဟုတ်) ပုလွေ၊ လင်းကွင်းနှင့် ဝါးလက်ခုတ်များဖြင့်သာ တီးမှုတ်ခဲ့ကြသည်။

တီးလုံးတီးခဲ့ကြသော ရှေးဘိုးဘွားများသည် တောင်ရှည် ပုဆိုးကိုဝတ်ဆင်ကြပြီး ပုဆိုးအစွန်းတစ်ဖက်အရှည်ကို ပုခုံးပေါ်တင်ကာ တီးလုံးကို စတင်တီးလိုက်သောအခါ ရွှေဂျီညို အရုပ်ပြောင်သည်လည်း ထ၍ကလေသည်။ တီးလုံးတီးကြသူများကလည်း တီးရင်းပင် ဝိုင်းပတ်၍ ကွေးညွတ်ကာ ကခုံကြလေသည်ဟု ရှေးဘိုးဘေးများက မှတ်တမ်းတင်ရေးသားဖော်ပြ ထားခဲ့ကြလေသည်။

      ရွှေဂျီညိုအကသည် ထူးယဉ်(ကနန်း) နွယ်တို့၏ ဒေသတစ်ခုလုံးတွင် ရှေးလူကြီးများ၏ ရှေးအကျဆုံး အကသည် ရွှေတိုညိုအကပင်ဖြစ်ကြောင်း သိရှိခဲ့ကြသည်။ ရွှေတိုညိုအကသည် ရှေးနှစ်ပေါင်း(၂၀၀) ကတည်းက အကဖြစ်ခဲ့သဖြင့် လူအများသဘောဆန္ဒသည်ကား အသစ်အဆန်းများကို ပိုမိုနှစ်သက်ကြသည့် သဘောရှိသဖြင့် ရိုးလွန်း၍ ခေတ်နှင့်မလျော်ညီသော ရွှေတိုညိုအက ရှေးထုံးတမ်း ရိုးရာဓလေ့အစဉ်အလာကို ပစ်ပယ် လိုကြကာ ခေတ်ကာလရွှေ့လျားရာနောက်သို့ မျောပါ လိုက်သွားခဲ့ကြသဖြင့် ရွှေဂျီညိုအကသည် မှေးမှိန် ပျောက်ကွယ်ခဲ့ရလေတော့သည်။

    ထိုသို့ပျောက်ကွယ်တိမ်မြုပ်နေသော  ရှေးရိုးရာ အကကို ပြန်လည်ဖော်ထုတ်လာချိန်တွင် ရွှေဂျီညို အရုပ်ခေါင်းများ၊ ဗုံး ညီနောင်များကို ရှေးနှစ်ပေါင်းတစ်ရာကျော် ဘုန်းကြီးကျောင်းများတွင် လိုက်လံရှာဖွေစုဆောင်း မေးမြန်းကာ လေ့လာမှုပြုပြီး သက်ကြီးရွယ်အို အသက်(၈၀)ကျော် ဘိုးဘွားများကို မေးမြန်းလေ့လာခဲ့ကြသော ရှေး ရိုးရာ ထူးယဉ်(ကနန်း)လူမျိုးတို့၏ ရိုးရာအက ကဟန်၊  တီးဟန် များကို ပြန်လည်ဖော်ထုတ်သွားနိုင်ကြနိုင်စေရန်   မှတ်တမ်း ပြုထားခဲ့လေသည်။

ရွှေဂျီညိုအက အရုပ်ကို ရှေးရိုးရာ ထူးယဉ်

(ကနန်း) လူမျိုးတို့၏ အကအဖြစ်အတည်ပြု သတ်မှတ်သွားနိုင် ကြစေရန်အတွက် (၅၁) နှစ်မြှောက် ကနန်းတိုင်းရင်းသား ရိုးရာပွဲတော်တွင် ပြိုင်ပွဲတစ်ခုအဖြစ်ထည့်သွင်း၍ စတင် ပုံဖော်သွားနိုင်ရန်အတွက် ထည့်သွင်းရခြင်းဖြစ်ပါသည်။

ရွှေဂျီညိုရုပ်ပြောင်တစ်ခု ထည့်သွင်းရခြင်းသည်က ရှေးကနန်းလူမျိုးတို၏ လူနေမှုဘဝ၊ စားဝတ်နေရေး၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာတရားနှင့် ရှေးဘိုးဘွားတို့၏ ဂီတသဘင်ကို တီထွင်ကြံဆမှု အကြောင်းအရာများကို ယခုခေတ် (ပညာတတ်)ခေတ်ကာလ ကနန်းဒေသ လူငယ် မောင်မယ်များ ဆက်လက်၍ ကနန်းသမိုင်းအကြောင်းကို လေ့လာဖော်ထုတ်လာနိုင်ခဲ့ကြပြီး ကနန်းလူမျိုးများသည် လည်း မြန်မာအသိ၊ ကမ္ဘာသိအောင် ရေးသားကြိုးစား ဖွင့်ဟနိုင်ကြစေရန် ရေးသားတင်ပြအပ်ပါသည်။