တိုင်းခန္တီး(သျှမ်း)တို့၏ ထင်ပေါ်ကျော်ကြားသော ရိုးရာဟင်းများမှာ ဟင်းကောများပင် ဖြစ်ပါသည်။ ငါးကော ၊ အသားကော ၊ မှိုကော၊ ကြိမ်ဖူးကော၊ ရေညှိကော၊ သင်ကောက်ကော စသည်ဖြင့် ရှိကြပါသည်။ ၎င်းဟင်းကောများအနက် တော်ဝင်ရိုးရာဟင်းဖြစ်သော ငါးကောမှာ အကျော်ကြားဆုံးဖြစ်ပါသည်။
တိုင်းခန္တီး (သျှမ်း) တို့၏ တော်ဝင်ရိုးရာငါးကောဟင်းကို အေဒီ ၁၁ရာစုနှင့် ၁၂ ရာစုလောက်မှ စတင်၍ ပြုလုပ်စားသောက်ခဲ့ကြပြီး အေဒီ ၁၃ရာစုနှင့် ၁၄ရာစုတွင် တွင်ကျယ်စွာ ပြုလုပ်စားသောက်လာခဲ့ကြသည်။ အေဒီ၁၃ရာစုတွင် တိုင်းခန္တီး (သျှမ်း)တို့သည် အာသံ၊ မဏိ ပူရ၊ အရူနာချာပြည်သို့ စစ်ချီထွက်ရာတွင် အားအင်ပြည့်ဝစေရန်အတွက် တော်ဝင်ငါးကောဟင်း သောက်ကာ စစ်ချီထွက်ခဲ့သည်ဟုဆိုသည်။
တိုင်းခန္တီး(သျှမ်း)တို့၏ တော်ဝင်ရိုးရာငါးကောဟင်းသည် စော်ဘွားနန်းတက်ပွဲတွင် လည်းကောင်း၊ စော်ဘွားအချင်းချင်း မိတ်ဆုံပွဲတွင်လည်းကောင်း၊ စစ်ချီထွက် ၍ အောင်ပွဲခံသော အချိန်တွင်လည်းကောင်း၊ ဝေးကွာသွားသည့် မောင်နှမသားချင်းများ၊ ဆွေမျိုးများ ပြန်လည်ဆုံ ဆည်းချိန်တွင်လည်းကောင်း၊ တရားရင်ဆိုင်ပြီး၍ အောင်မြင်မှုရရှိချိန်တွင်လည်းကောင်း မပါ မဖြစ်ပြုလုပ်စားသောက်ကြရသော တော်ဝင်ဟင်းတစ်ခွက်ပင်ဖြစ်ပါသည်။
ငါးကောလုပ်နည်း (၂) မျိုး
ငါးကောပြုလုပ်နည်း (၂)မျိုးရှိပါသည်။ ပထမ(၁)မျိုးမှာ ငါးအကျက်ကော(ဆာဆုက်)ဟု ခေါ်ဆိုပြီး ဒုတိယ(၁)မျိုးမှာ ငါးစိမ်းကော(ဆာနိပ်)ဖြစ်ပါသည်။ ငါးစိမ်းကောနှင့် အကျက်ကော ပြုလုပ်ပုံချင်း တူညီကြပါသည်။ အစိမ်းကောမှာ ငါးစိမ်းကို ကောခြင်းဖြစ်ပြီး အကျက်ကောမှာ ငါးကို ကင်၍ ကောရခြင်းဖြစ်ပါသည်။
ငါးကော ပြုလုပ်ပုံ
ငါးစိမ်းကောပြုလုပ်ရာတွင် ကြေးခွံပါသော ငါးကို အသုံးပြုပါသည်။ ပထမဦးဆုံးငါး၏ ကြေးခွံကို ခွာပြီး အရိုးနှင့်အသားကို ခွဲ၍ လွှာထုတ်ရပါသည်။ နုသည့်နေရာက အသားကို အရိုးမ ပါဘဲ သပ်သပ်လွှာယူရပါသည်။ အရိုးနှင့် ဦးခေါင်းတောင်ပံအရည်ခွံများကို ဝါးနှင့် ညှပ်ပြီး မီးကင် ရပါသည်။
လွှာထားသည့်အသားကို တောက်တောက်စင်းယူပြီး လုံးဝကြေမွနေအောင် တောက်တောက်စင်းရပါသည်။ နံနံပင်၊ သျှမ်းနံနံ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိတ်၊ ဂျင်း၊ ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်အကျက်၊ ဆား၊ (ရေစိမ်ထားသော ဆားရည်ကိုသုံးသည်)စသည့် အစာများကို ထည့်၍ တောက်တောက်စင်းရပြန်ပါသည်။ ထို့နောက် မီးကင်ထားသည့် အရိုးများကို တစ်ခါပြန်တောင်း ရပါသည်။ ထောင်းပြီး အရိုးများကို ရေနှင့်စိမ်၍ အရည်ကို စစ်ယူပြန်ပါသည်။ ၎င်းအချိန်မှာပင် နောက်တစ်ယောက်က ဗမာလိုခေါ်သည့် ဖက်ဝိုင်းအရွက်များကိုထောင်းပြီး ရေစိမ်ထားရပါသည်။ အရွက်များ၏ အဖန်အရည်ဓါတ်ကိုယူ၍ ငါးအသားစိမ်းကို ကျက်သွားစေရန်ဖြစ်ပါသည်။
ထို့နောက် အိုးကြီးထဲသို့ စင်းကောထားသည့်ငါးနှင့်ထောင်းပြီး စစ်ယူထားသည့်အရွက် များ၏အဖန်ရည်နှင့်အရိုးအရည်များကိုထည့်ပြီး သမနေအောင်မွှေရပါသည်။ အရည်များကိုသမအောင် အဆက်မပြတ်မွှေပေးရင်းနှင့် ကိုယ်လိုသည့်အရသာ အချို၊ အဖန်၊ အချဉ်အရသာအတိုင်း ပြုလုပ် နိုင်ပါသည်။
အဖန်ရည်၊ အချဉ်ရည်တို့နှင့် ရောစပ်သည့်အတွက် အဆာပလာများ အားလုံးထည့်ပြီးလျှင် ငါးစိမ်းကောဟင်း ရရှိပြီဖြစ်ပါသည်။ ထို့နောက် အရိုးမှာပါသော အသားများ၊ ကင်ထားသည့် ငါးအရည်ခွံများကို အတုံးအတုံးလေးဖြစ်အောင်လုပ်၍ ငါးကောဟင်းထဲတွင် အပြီးသတ်ထည့်လိုက် ရပါသည်။
သျှမ်းဟင်းကောသည် ကမ္ဘာပေါ်တွင် အလွန်ရှားသော ဟင်းမယ်တစ်မျိုးဖြစ်လေသည်။ တိုင်းခန္တီးတို့သည် ဟင်းကောကို ယနေ့ထိတိုင် ရိုးရာဟင်းကောင်းတစ်မယ်အဖြစ် ချက်ပြုတ် သုံးဆောင်ကြသည်။
ဟင်းကော စားသုံးခြင်း၏ အကျိုးကျေးဇူး
တိုင်းခန္တီးတော်ဝင်ရိုးရာ ငါးကောဟင်းသည် သောက်သုံးသူများအား ခံတွင်းတွေ့စေသည်။ ၎င်းဟင်းသောက်သုံးသူများအား ခွန်အားတိုးစေပြီး လန်းဆန်းမှုရှိစေပြီး ကျန်းမာရေးအတွက် အထောက်အကူပြု ရိုးရာဟင်းကောင်းတစ်မျိုးဖြစ်လေသည်။ “ဆေးလည်းအစာ၊ အစာလည်းဆေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဆီလုံးဝမပါသော ကျန်းမာရေးနှင့် ညီညွတ်သည့် ရိုးရာဟင်းဖြစ်လေ သည်။ ၎င်းဟင်းကောသည် သွေးတိုးခြင်း၊ ဝမ်းရောဂါစသည့် ရောဂါများမဖြစ်စေဘဲ ယနေ့ထိတိုင် မရိုးနိုင်သော ရိုးရာဟင်းကောတစ်မယ်အဖြစ် သောက်သုံးသူများ လက်ခံလျက်ရှိလေသည်။