တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ လုပ်ငန်းဆောင်ရွက် နေမှုများအား ကြည့်ရှုစစ်ဆေး ရန်ကုန် မတ် (၄)
ရန်ကုန် 2025-03-04
Image

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် မတ်လ (၄) ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်)၏ အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးက တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများ ထိန်းသိမ်း မြှင့်တင်ခြင်းနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကိုဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံတော်အတွက် “We are Myanmar” ဆိုသည့်  ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာစေရန် ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ပွင့်လင်းစွာ တင်ပြဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပါသည်။

၎င်းနောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များက တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံအမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ကိုသိရှိပြီး ကျေပွန်အောင်ဆောင်ရွက်ရန်၊ ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိရှိရန်၊  ဌာနတွင်းစည်းလုံးညီညွတ်မှုမှ တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုအထိ ရည်မှန်းချက်ထား ဆောင်ရွက်ကြရန် မှာကြားပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံအရာရှိက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို Power Point ဖြင့်ရှင်းလင်းတင်ပြပါသည်။

ယင်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တိုင်းရင်းသားများ၏ ရိုးရာနေအိမ်များ ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအိမ်များအား ၎င်းတို့၏ မူလရိုးရာအစဉ်အလာများ မပျောက်ပျက်အောင် ဂရုပြုထိန်းသိမ်းစောင့်ရှောက်ရန်၊ စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံထိန်းသိမ်းရန် မှာကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ပင်မဝင်ပေါက်ဂိတ်၏ ရုံးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဝင်္ကပါပတ်လမ်း ဆောင်ရွက်ပြီးစီးမှုလုပ်ငန်း၊ နန်းမြင့်မျှော်စင်၊ ဝန်ထမ်းအိမ်ရာ၊   ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တင်ဒါ ခေါ်ယူ ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 


Image
Image
Image
Image
Image