ရှမ်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

တောင်ရိုးအမျိုးသားနေ့ဖြစ်ပေါ်လာပုံနှင့် တောင်ရိုးတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုစုံညီပွဲတော်
Image

အမျိုးသားနေ့ဟူသည် သက်ဆိုင်ရာ နိုင်ငံတိုင်း လူမျိုးတိုင်းအတွက် ထူးခြား၍ ဂုဏ်အမျိုးမျိုးတို့နှင့် ပြည့်စုံသော နေ့ထူးနေ့မြတ်တစ်နေ့ပင် ဖြစ်ပါသည်။ တစ်နည်း အားဖြင့်ဆိုရသော် အမျိုးသားနေ့ဟူသည် သက်ဆိုင်ရာနိုင်ငံအလိုက် လူမျိုးအလိုက် အမျိုးသားရေး အားမာန်များ၊ ဇာတိမာန်များ၊ အမျိုးသားရေးစိတ် ဓာတ်များရှင်သန်ထက်မြက်ရေးနှင့် မိမိတို့နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုးသောစိတ်ဓာတ်များ ကိန်းဝပ်လာစေရေးအတွက် နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် အရေးကြီးသော နေ့တစ်နေ့ ဖြစ်ပါသည်။ တောင်ရိုးတိုင်းရင်းသားများသည် မိမိတို့၏ ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ရိုးရာယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ဘာသာစကားများ၊ စာပေများ၊ အဝတ်အစားများ စသည့် ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်စေရန်နှင့် ပြန်လည်ဖော်ထုတ်ထိန်းသိမ်း မြှင့်တင်ရန် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၁)ရက်၊(၂၉-၈-၂၀၀၉)အင်္ဂါနေ့တွင် တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)အဖွဲ့ချုပ်ကိုရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ အုပ်စု၊ ဆည်ခေါင်းကျေးရွာရှိ ဦးလွန်းကျော်၏နေအိမ်တွင် ဒေသအတွင်းရှိ တောင်ရိုးတိုင်းရင်းသားခေါင်းဆောင်များက ဦးဆောင်ဖွဲ့စည်းခဲ့ကြ သည်။ တောင်ရိုး အမျိုးသားတစ်ရပ်လုံး၏ ခေါင်းဆောင်မှာ ဉီးသောင်းရွှေဖြစ်သည်။ ထိုသို့ တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)အဖွဲ့ချုပ်ကို ဖွဲ့စည်းပြီး နောက်အစည်း အဝေး၏ ဆုံးဖြတ်ချက်အရ တပေါင်းလဆန်း(၃)ရက်နေ့ကို တောင်ရိုးအမျိုးသားနေ့အဖြစ်  အတည်ပြုသတ်မှတ်ခဲ့ကြသည်။                                         

တောင်ရိုးစာပေနှင့််ယဉ်ကျေးမှုအသင်း(ဗဟို)မှဦးဆောင်ကာဒေသအသီးသီးတွင်နေထိုင်ကြကုန်သော တောင်ရိုးတိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာ များကို ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ မပျောက်ပျက်စေရန်၊ ပညာရေး၊ လူမှုရေး၊စီးပွား ရေးစသည်တို့ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်ရိုးအမျိုးသားတစ်ရပ်လုံး နှစ်စဉ်စုစည်းမိကာ စည်းလုံး ညီညွတ်မှုရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ဆည်ခေါင်းကျေးရွာတွင် ၁၃၇၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း(၃)ရက်၊ (၁၅-၂-၂၀၀၀)တနင်္လာနေ့တွင် ပထမအကြိမ်အဖြစ် တောင်ရိုးအမျိုးသားနေ့ တောင်ရိုးတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုစုံညီပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ကြသည်။ ယခုအခါ တောင်ရိုးအမျိုးသားနေ့တောင်ရိုးတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုစုံ ညီပွဲတော်ကို ကျင်းပလာခဲ့ကြသည် မှာ(၁၀) ကြိမ် မြောက်ရှိခဲ့ပြီဖြစ်သည်။ ကျင်းပခဲ့သည့်ဒေသများမှာ ရှမ်းပြည်တောင်ပိုင်း၊တောင်ကြီးခရိုင်၊ပင်လောင်းမြို့နယ်၊တီကျစ်ကျေးရွာအုပ်စု၊ ဆည်ခေါင်းကျေးရွာ တွင် (၄)ကြိမ်၊ကလောမြို့နယ်၊ ဘော်နင်းကျေးရွာအုပ်စု၊ ဘော်နင်းကျေးရွာတွင် (၂)ကြိမ် ၊ ပင်လောင်းမြို့နယ်၊ ဘမ်းပြင်ကျေးရွာအုပ်စု၊ နောင်မူကျေးရွာတွင်(၂)ကြိမ် နှင့်ပင်းတယမြို့နယ်၊ ကျားကုန်းကျေးရွာအုပ်စု၊ တည် ပင်ရွာတွင်(၂)ကြိမ်တို့ဖြစ်သည်။ 

ယင်းတောင်ရိုးအမျိုးသားနေ့ တောင်ရိုးတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု စုံညီပွဲတော်တွင် သာသနာတော်ဆိုင်ရာ၊ ပရိယတ္တိစာမေးပွဲဆိုင်ရာဘွဲ့ တံဆိပ်တော်များကိုလည်းဆွတ်ခူးတော်မူခဲ့ကြသည့် သာသနာ့အာဇာနည် တောင်ရိုးတိုင်းရင်းသား သံဃာတော်များကိုဂုဏ်ပြုပူဇော်ခြင်း၊ ပွဲတော်သို့ကြွရောက်လာ သမျှသော သံဃာတော်အရှင် မြတ်များအား ဆွမ်းစ သည်ဖြင့် ဆက်ကပ်လှူဒါန်းခြင်း ၊သံဃာတော်အရှင် မြတ်တို့၏ဩဝါဒစကားနာကြားခြင်း၊သရဏဂုံသီလ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာကြား ခြင်း၊ ကုသိုလ်ကောင်းမှုများကိုပြုလုပ်၍ ပြုသမျှ ကုသိုလ်အစုစုတို့၏ အဖို့ဘာဂကို ရေစက်သွန်းချ အမျှပေးဝေကြသည်။ 

ယင်းတောင်ရိုးအမျိုးသားနေ့ပွဲတော်သို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ညီနောင်တိုင်းရင်းသားခေါင်းဆောင်များ၊ အနယ်နယ်အရပ်ရပ်ဒေသအသီးသီးရှိတောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြလျှက်ဧည့် သည်တော်များအားဧည့်ခံကျွေးမွေးကြသည်။ ယဉ်ကျေးမှုအဖွဲ့အသီးသီးတို့က အကပဒေသာတို့ဖြင့် ကပြဖြေဖျော်ကြသည်။ ယင်းတောင်ရိုးအမျိုးသားနေ့ တောင်ရိုးတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုစုံညီပွဲတော် သို့မိမိတို့တောင်ရိုးကျေးရွာများရှိ ယဉ်ကျေးမှုအက အဖွဲ့များက မိမိတို့၏ယဉ်ကျေးမှုများကို လာရောက် ကပြဖျော်ဖြေလျက်ဖော်ထုတ်ကြသည်။ ဤသို့ တောင် ရိုးအမျိုးသားနေ့တွင် တောင်ရိုးတိုင်းရင်းသားရိုးရာ စုံညီပွဲတော်ကိုကျင်းပရသဖြင့် မိမိတို့၏ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ရိုးရာယဉ်ကျေးမှုဓလ့ထုံးစံများ၊ ရိုးရာတေးသီချင်းများ၊ ရိုးရာဝတ်စုံများ၊ ရိုးရာအက များ၊ အနုရိုးများ၊ မော်များ၊ ရတုများ၊ သံချပ်များ စသည်တို့ ပြန်လည်ပေါ်ထွက်လာနိုင်ခဲ့သည်။ ဒေသ အသီးသီးမှ တောင်ရိုးတိုင်းရင်းသားညီအစ်ကိုမောင် နှမများ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ချစ်ခင်ကြလျက် တောင်ရိုးတိုင်းရင်းသားထုတစ်ရပ်လုံးစည်းလုံး ညီညွတ်မှုကို ရရှိစေခဲ့ပါသည်။