စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအကသင်တန်းဖွင့်ပွဲကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့၊ နေ့လည် (၂) နာရီအချိန်တွင် ဟုမ္မလင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး၊ ဒေါက်တာဝင့်မြတ်သီက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ဒေသခံတိုင်းရင်းသားများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
အဆိုပါ သင်တန်းကို (၂၃-၁-၂၀၂၅) ရက်နေ့မှ (၂၅-၁-၂၀၂၅) ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းတွင် ဟုမ္မလင်းမြို့နယ်မှ ဒေသခံတိုင်းရင်းသား သင်တန်းသား/သူ (၄၀)ဦးတို့အား အခြေခံကတ္တီပါဖိနပ်ချုပ်လုပ်နည်း၊ ပန်းအလှထိုးနည်း၊ ရိုးရာအကနည်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါကြောင်း သိရှိပါသည်။