ရှမ်းတိုင်းရင်းသားတို့၏ မင်္ဂလာဆောင်ပွဲများမှာ ဒေသအလိုက်အနည်းနှင့်အများကွဲပြားကြသည်။ မိဘများကတောင်းရမ်းပေးရာတွင် ဦးစွာပထမလူပျို၏ မိဘများ သည် အပျို၏မိဘများထံသို့သွား၍ပြောရသည်။ အပျို၏ မိဘများက လေး-ငါးရက် အချိန်ယူပြီး ဆွေမျိုးများနှင့် တိုင်ပင်ရသည်။ သမီးဖြစ်သူ၏ သဘောထားကိုမေးရသည်။ သမီးက သဘောတူပါက လူပျိုဖက်သို့အကြောင်း ပြန်ကြားရသည်။ လူပျို၏မိဘများက လူကြီးများနှင့် နေ့ကောင်းရက်သား ရွေးပြီး အပျို၏မိဘများထံ သမီးကိုတောင်းရန်လာကြသည်။ ထိုအချိန်တွင် အပျို၏အိမ်၌ ဆွေမျိုးအစုံအလင် ရောက်နေကြရသည်။ အပျိုဖက်မှလူငယ်များက လူပျိုကို ခြံတံခါးဝတွင်တစ်ကြိမ်၊ အိမ်တံခါးဝတွင်တစ်ကြိမ် ကြိုး တားကြသည်။ ငွေကြေးပေးမှဖွင့်ပေးကြသည်။
အိမ်ပေါ်သို့ရောက်လာသည့်အခါ အပျိုဖက်က လူကြီးနှစ်ဦးကို လူပျိုဖက်မှ လူကြီးများကသွား၍ နှုတ်ဆက် ရသည်။ အပျိုဖက်မှ လူကြီးများကလာရင်းကိစ္စကို မသိ ချင်ယောင်ဆောင်ပြီး မေးရသည်။ လူပျိုဖက်က သမီးလာ တောင်းသည့် အကြောင်းပြောပြရသည်။ ဤသို့တစ်ဖက် နှင့်တစ်ဖက် အပြန်အလှန်ပြောဆိုကြသည်။ ထိုသို့ပြောဆို နေစဉ်လူပျိုဖက်က လင်ပန်းတစ်ခုတွင် လက်ဖက်နှစ်ထုပ်၊ ကွမ်းနှစ်ထုပ်၊ ငှက်ပျောနှစ်ဖီး၊ အနည်းဆုံးငွေငါးမတ်နှင့် ကြက်ဥပြုတ်နှစ်လုံးထည့်၍ အိမ်ထောင်စုံအမျိုးသမီးထံ ပို့ထားရသည်။ အကယ်၍ စကားပြောဆိုလို့မပြီးမီ ထိုလင်ပန်းကို အောက်ချမိပါက အပျိုဖက်ကယူစားပစ် နိုင်သည်။ ထိုနောက်မှ ကြက်ဥနှစ်လုံးမှတပါး လင်ပန်း အတွင်းရှိ အစားအစာတစ်ဝက်ကို ဆွေမျိုးနှစ်ဖက်အား ကျွေးမွေးပြီး ကျန်တစ်ဝက်ကို အိမ်အပြင်တွင်နတ်ပသ၍ ဆုတောင်းခြင်းပြုကြသည်။
ထို့နောက်လူပျိုဖက်မှ ဧည့်သည်များကို အပျိုဖက်က ထမင်းကျွေးပြုစုရသည်။ အပျိုနှင့်လူပျိုအတွက်မူ ထမင်းပွဲတစ်ခုသီးသန့်ပြင်ပေးရသည်။လူပျိုနှင့်အပျို ထမင်း စားနေစဉ် အနားတွင် ကလေးများက သားသမီးများသဖွယ် ကြက်ဥနှစ်လုံးကိုခွဲပြီး "ဖေဖေ၊ မေမေ" ဟုခေါ်ကာ သတို့သားနှင့်သတို့သမီးတို့အား ခွံ့ကျွေးရသည်။ ချည် ခုနှစ်ပင်ပါသည့် ချည်မန်းကွင်းဖြင့်သတို့သား၊ သတို့သမီးတို့အားစွပ်ပေးရသည်။ လူပျိုနှင့်အပျို တစ်ပြန်စီ ထမင်းခွံ့ကျွေးသည့် ဓလေ့လည်းရှိသည်။ သတို့သားက သတို့ သမီးအား မိဘကသမီးမွေးသည့်အတွက် ငွေငါးကျပ် ကိုနို့ဖိုးအဖြစ် ကန်တော့ရသည်။ ထို့အပြင် အပျိုဖက်က ဆွေမျိုးများအတွက် တစ်အိုးစားလျှင်တစ်ကျပ်၊ နှစ်အိုး စားလျှင်နှစ်ကျပ်စသည်ဖြင့်ငွေကြေးပေးရသည်။ထိုသို့ပြုလုပ်ခြင်းမှာနောင်တစ်နေ့လင်မယားသဘောထားကွဲလွဲပါကဆွေမျိုးများကိုသက်သေထူပြီး သတို့သား၊ သတို့ သမီးတို့အား ဆုံးမရန်ဖြစ်သည်။
အချို့ဒေသများတွင် လက်ထပ်ပွဲပြုလုပ်လျှင် ငှက်ပျောပွဲကိုပြင်၍ ငါးချဉ်ထုပ်များကို အုပ်ဆောင်းထဲ တွင်ထည့်ထားသည်။ ရွာထဲမှ အသက်ကြီးရင့်သူတို့က ထိုအထုပ်များကိုဖြေပြီး ဧည့်သည်များကိုကျွေးမွေးသည်။ ရွှေ၊ ငွေထည့်ထားသည့်ရေကို လက်ထပ်ပေးသူလူကြီးက သတို့သမီးကိုတိုက်သည်။ သတို့သမီးမှ တဆင့်သတို့ သား အားတိုက်သည်။ လက်ဖွဲ့သောဓလေ့ရှိသည်။ သတို့သမီး အရံ၊ သတို့သားအရံနှင့် လက်ပေးသူတို့သည် မိဘစုံလင်စွာ ရှိပြီး ငယ်လင်၊ ငယ်မယား အိမ်ထောင်စုံများဖြစ်ရသည်။ လူပျို၏မိဘများကအပျို ၏မိဘများထံသမီးတောင်းရာ တွင် တင်တောင်းသောပစ္စည်းမှာ ရွှေ၊ငွေ၊အဝတ်အစားများသာဖြစ်သည်။ အိမ်နှင့်မြေယာများကို တင်မတောင်းကြပေ။ လက်ထပ်ပွဲကုန်ကျငွေကို ယောက်ျားလေးဖက်က အကုန်ခံရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း အချို့ဒေသများတွင် မိန်းကလေးကို သွားရောက်တောင်းယူရာတွင် ရေအပြည့် ပါသောရေတကောင်းတစ်ခု၊ နှစ်တောင်ပတ်လည်ရှိသော ဖျာချောတစ်ချပ်၊ ကွမ်းဆေးအစုံထည့်ထားသော ကွမ်းအစ်တစ်လုံး၊ ဆေးလိပ်ထည့်ထားသော ဆေး လိပ်ခွက်တစ်ခွက် နှင့်သွားတောင်းရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း အချို့ဒေသများတွင် လက်ဖက်စိုတစ်ပိဿာ၊ ဆားတစ်ပိဿာ၊ ကြံသကာ တစ်ပိဿာ၊ ဆင်အန်ငှက်ပျောဖီးတစ်ဖီးနှင့် မိန်းကလေး မိဘသို့မဟုတ်အုပ်ထိန်းသူထံ လာရောက်ကန်တော့ပြီး မိန်းကလေးဝတ်ဆင်ရန် ရွှေတိုငွေစအဆင်တန်ဆာများ ကိုပါ ယူဆောင်သွားရသည်။
တောင်းရမ်းရာတွင် ကွမ်းတော့တော်ခေါ်တစ်ဖက် နှင့်တစ်ဖက် အချီအချစကားပြောဆိုရာတွင် ကြားဝင် ပြောရမည့်စကားပြောလိမ္မာကျွမ်းကျင်သူ၊ အာဝဇ္ဇန်းရှိပြီး လူမှုရေးရာသိနားလည်သူ (အများအား ဖြင့်လူပျိုခေါင်း) တစ်ယောက်ယောက်ကို ငှားရမ်းခေါ်ဆောင်ကာသွားရောက်တောင်းလေ့ရှိသည်။ခွန်ဆမ်လောဝ်နှင့်နန်းဦပြင် တို့ကိုအစွဲပြုပြီး သတို့သား၊သတို့သမီးအိမ်သို့ အလာလမ်းတွင် ရွှေကြိုး၊ ငွေကြိုးတားကြသည်။လက်ထပ်ပြီးခုနှစ်ရက်အတွင်းခရီး ထွက်လေ့မရှိကြပေ။ ယောက္ခမအိမ်တွင် အနည်းဆုံး တစ်နှစ်နေပြီးမှ အိမ်ထောင်ခွဲလိုက ခွဲနေကြလေ့ရှိသည်။