ရှမ်းဟူသောအမည်သည် အခြားလူမျိုးများက ရှမ်းလူမျိုးတို့ကို ခေါ်ဆိုသော ဝေါဟာရ ဖြစ်ပြီး ရှမ်းလူမျိုးတိုင်းက တိုင်း(သျှမ်း)ဟု ခေါ်ဆိုကြသည်။ ရှမ်းလူမျိုးတို့သည် ရိုးရာအထိမ်း အမှတ်တံဆိပ်အနေဖြင့် ရှမ်းအိုးစည်များနှင့် “ကျား” တံဆိပ်များကို အများဆုံးအသုံးပြုကြပါသည်။ ရှမ်းတို့၏ မင်္ဂလာအထိမ်းအမှတ်အဖြစ် တိုးနယားနှင့် ကိန္နရီကိန္နရာတို့ကိုလည်း သတ်မှတ်ထားကြပါသည်။ သီတင်းကျွတ်ပွဲတော်တွင် ရှမ်းလူမျိုးများသည် အိုးစည်ဗုံမောင်း တီး၍ တိုးနယားအက၊ ကိန္နရီကိန္နရာအကတို့ဖြင့် ပျော်ရွှင်စွာကကြပါသည်။ ရှမ်းတိုင်းရင်းသား လူမျိုးများ၏ အရေးအပါဆုံးနှင့် အစဉ်အလာကြီးမားစွာတည်ရှိခဲ့သော ယဉ်ကျေးမှုအကမှာကိန္နရီကိန္နရာအကဖြစ်ပါသည်။
ကိန္နရီကိန္နရာတွင် ပါဝင်သောအဆင်းသဏ္ဍာန်များ
ကိန္နရီကိန္နရာတွင် အဆင်းသဏ္ဍာန်ဖြစ်သော အောက်ဖော်ပြပါ အင်္ဂါရပ်(၅)ချက်ပါရှိပြီး မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုများနှင့်လည်း သင့်တင့်ညီညွတ်မှုရှိသည့်အပြင် ဘုရားဟော ဇာတ်တော်များနှင့် ကိုက်ညီမှုရှိပါသည်-
(က) ရွှေရောင်အဆင်းရှိပြီး အတီးအမှုတ်အကအခုန်ကျွမ်းကျင်သည်။
(ခ) သိမ်မွေ့နူးညံ့သည့် အမူအရာရှိသည်။
(ဂ) ပန်းဝတ်မှုံဝတ်ဆံများကိုသာ စားသည်။
(ဃ) ဖသာဒ ငါးပါးနှင့်ပြည့်စုံသည်။
(င) ဘုရားပွင့်သည့်နေ့တွင် ဝမ်းသာရွှင်မြူးစွာ ကခုန်သည်။
ကိန္နရီအကစတင်ဖြစ်ပေါ်လာပုံ
သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားသခင်သည် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူရာ၌ လူ၊ နတ်၊ ဗြဟ္မာ၊ ကိန္နရီ၊ ကိန္နရာတို့ပါမကျန် မြတ်စွာဘုရားရှင်အား လာရောက်ဦးညွတ်ပူဇော်ကြိုဆိုပါသည်။ ထိုသို့ဘုရားရှင်အား လာရောက် ကန်တော့ကြသည့် သတ္တဝါအပေါင်းတို့တွင် မြင့်မိုရ်တောင်မှ ဆင်းသက်လာကြပြီး လှပကျော့ရှင်း ဖော့ယမင်းကဲ့သို့ နွဲ့နှောင်းသွဲ့ပျောင်းသော ဟန်အမူအရာလည်းရှိသော ကိန္နရီကိန္နရာတို့ လည်းပါဝင်ပါသည်။ ကိန္နရီကိန္နရာတို့သည် လူတစ်ပိုင်းငှက်တစ်ပိုင်းပင်ဖြစ်သော်လည်း အခြားသော သတ္တဝါများထက် လှပနွဲ့နှောင်းပြီး ယဉ်ကျေးသိမ်မွေ့စွာဖြင့် မြတ်စွာဘုရားရှင်အား ပူဇော်ကန်တော့ပြီး ကခုန် မြူးတူးကာ မြင့်မိုရ်တောင်သို့ ပျံသွားကြသည်။ မြတ်စွာဘုရားရှင်အား လာရောက်ဖူးမြော်ပူဇော်ကန်တော့ကြသည့် ပရိတ်သတ်များမှာလည်း ကိန္နရီတို့၏ လှပဆန်း သစ်သော အမူအရာနှင့် ကကြိုးကကွက်များအား မမေ့နိုင်ဘဲတသသ လွမ်းဆွေးပြီးခံစားနေ ရခြင်းများကြောင့် ပန်တျာနှင့်ပတ်သက်၍ ကျွမ်းကျင်သူတို့က မြင်တွေ့လိုက်ရသည့် ကိန္နရီ တို့၏ ကကြိုးကကွက်များကို အတုယူပြီးလူဖြင့်အစားထိုး ကပြခဲ့ကြပါသည်။ ထိုအချိန်မှစ၍ ကိန္နရီအကစတင်ဖြစ်ပေါ်လာခဲ့ပြီး ရှမ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအစဉ်အလာ ဖြစ်ပေါ် လာခဲ့ပါသည်။
ကိန္နရာအက စတင်ဖြစ်ပေါ်လာပုံ
စတြဝတေးမင်စိုးစံပြီး အုပ်ချုပ်သောကာလသည် ဘုန်းတန်ခိုးအားကြီးမားသည့် မင်းတပါးဖြစ်သည့်အားလျော်စွာ တစ်နှစ်လျှင်တစ်ကြိမ် လူ၊ နတ်၊ တိရိစ္ဆာန်များ လာရောက်ပူဇော် ကန်တော့ကြရပါသည်။ လာရောက်ပူဇော်ကန်တော့ကြသည့် သတ္တဝါအပေါင်းတို့တွင် ကိန္နရာ ကိန္နရီ ငှက်တို့သည် လှပရှုချင်စဖွယ်ရှိပြီး ယဉ်ကျေးသိမ် မွေ့သော ဟန်ပန်အမူအရာနှင့် ပြည့်စုံကြပြီး နူးညံ့ပျော့ပျောင်း ဖယောင်းသဖွယ်ဖြစ်ကြသည်။အများနှင့်မတူတမူထူးခြားသည့် ကကြိုးကကွက်များဖြင့် သီဆိုမြူးတူးက ခုန်ပျော်ရွှင်လေ့ရှိကြပါသည်။ ကိန္နရာတို့သည် နှစ်စဉ် နှစ်တိုင်း စတြဝတေးမင်းအား လာရောက်ပူဇော်ကန်တော့လေ့ရှိရာ တွေ့မြင်ရသူတို့မှာ လွမ်းဆွတ်ကြည်နူး ပီတိဖြစ် ကြရပြီး စွဲတသသဖြင့် ရှုမဝအောင်ဖြစ်နေကြပါသည်။ စတြဝတေးမင်းမရှိသည့်နောက် မင်းအဆက်ဆက်ပြောင်းလဲခဲ့ရာ မင်းတို့၏စရိုက်မတူညီကြသဖြင့် ကိန္နရီကိန္နရာငှက်များလည်းလာရောက်ကန်တော့ကြသည့်အစဉ်အလာပျောက်သွားခဲ့ကြပါသည်။မိဘဘိုးဘွားများမှကိန္နရာတို့၏ကပြခဲ့သည့်သမိုင်းကြောင်းများကိုသားစဉ်မြေးဆက် များသို့ ဆက်လက်ပြောပြခဲ့ရာ ဘုရင်းမင်းမြတ်သည် ကိန္နရာတို့၏ ဟန်ပန်အမူအရာဖြင့် ကကြိုးကကွက်များကို တွေ့မြင်လိုသည့် ဆန္ဒများဖြစ်ပေါ်လာသဖြင့် ကိန္နရာငှက်များအား ဖမ်းယူစေခိုင်းခဲ့ပါသည်။ ဖမ်းဆီးရမိသည့် ကိန္နရာအား စောင့်ရှောက်ရန် ရှမ်းဘာသာဖြင့် ကွန်းန်မူင်” (မြန်မာဘာသာဖြင့် အစောင့် အရှောက်ဘီလူး) လိုက်ပါလာခဲ့ပါသည်။ ထို့ကြောင့် ပန်းချီပန်းပုများတွင် ကိန္နရာ၏ အစောင့်အရှောက်ဖြစ်သော ဘီလူးရုပ်နှင့် ယှဉ်တွဲပါရှိခြင်းကို တွေ့မြင်ကြရပါသည်။ နောက်ပိုင်းတွင် ကိန္နရာတို့၏ ဟန်ပန်အမူအရာနှင့် ကကြိုးကကွက်များကို အတုယူပြီး လူတို့က ဆက်လက်ကပြခဲ့ခြင်းများဖြင့် ကိန္နရာအက စတင်ဖြစ်ပေါ်လာခဲ့ပြီး ရှမ်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာဖြစ်ပေါ်လာခဲ့ပါသည်။
ကိန္နရီကိန္နရာအကအား အစဉ်အလာအတိုင်း ကပြခြင်း
ရှမ်းပြည်နယ်ရှိ အချို့ဒေသများတွင် ကိန္နရာတစ်ကောင်၊ မုဆိုးတစ်ယောက်နှင့်“ကွန်းန်မူင်” (မြန်မာဘာသာဖြင့် အစောင့်အရှောက်ဘီလူး) တစ်ကောင်တို့ ပါဝင်ကပြကြသည်ကို တွေ့ကြ ရပါသည်။ ကပြပုံမှာ မုဆိုးကြီး၏ လေးမြားညွှတ်ကွင်းများကို ကိုင်ဆောင်၍ လှည့်လည်နေဟန်၊ ကိန္နရာကို ကွင်းလယ်၌ ကပြနေဟန်၊ ထို့နောက် မုဆိုးကြီးမှ ထောက်ချောက်များကို ပြင်ဆင်ပြုလုပ်နေဟန်၊ ကိန္နရာကိုလေးမြားဖြင့် ပစ်ခတ်နေဟန် စသည်ဖြင့် သရုပ်ဖော် ကပြကြပါသည်။ ကိန္နရာကို စောင့်ရှောက်ရန်လိုက် ပါလာသည့် “ကွန်းန်မူင်” မှ ခက်ရင်းခွ သို့မဟုတ် လှံတစ်ချောင်းကို ကိုင်ဆောင်ပြီး ကိန္နရာ၏ အနီးတွင်ရှိနေပါသည်။ “ကွန်းန်မူင်” သည် လူများ အကြား မရောက်ရှိဖူးသဖြင့် ထိတ်လန့်နေဟန်၊ ကိန္နရာအား လူတို့ ရန်မပြုနိုင်စေရန်အတွက် ခြောက်လှန့်နေဟန် စသည်ဖြင့် ရသပေါ်လွင်စွာ လှုပ်ရှားကပြကြပါသည်။ ပွဲကြည့်ပရိသတ် များမှာ အထူးနှစ်ခြိုက်ကြသည်။ “ကွန်းန်မူင်” အဖြစ်သရုပ်ဆောင်သူမှာ ကြောက်လန့်ဖွယ် ရှိသည့် မျက်နှာဖုံးတပ်ဆင်ထားသည်။ အဝတ်ကိုလည်း ရှမ်းစက္ကူ များကို အမွှေးရှည် သဏ္ဍာန်ပြုလုပ်ပြီး ဝတ်ဆင်ထားပါသည်။ ကိန္နရာမှာ အမောဖြေနေစဉ် မုဆိုးမှ ရိုးရားသီချင်းကို လက်တန်းသီဆိုပြပါသည်။ ကပြသည့်အဖွဲ့ထဲ၌ ဝါသနာပါသူများလည်း ဝင်ရောက်သီဆိုကြပါသည်။ နောက်ပိုင်းတွင် ကိန္နရီကိန္နရာအက အဖွဲ့များသည် အိမ်ရှေ့၊ ခြံရှေ့ စသည်တို့၌ ကပြသည့်အခါ အိမ်ရှင်၊ ခြံရှင်များအားကျေးဇူးတင်ကြောင်း စည်းစိမ် ဥစ္စာတိုးပွားစေကြောင်း စသည့်ဆုတောင်းသီချင်းများကိုလည်း စပ်ဆိုလေ့ရှိကြပါသည်။
ကိန္နရီကိန္နရာဝတ်စုံ
ရှမ်းအကဖြစ်သည့် ကိန္နရာကမည့်သူ၏ခေါင်းတွင် မကိုဋ်ပါသည့်ခေါင်းကို မျက်နှာ စွပ်ထားရသည်။ တောင်ပံနှင့်အမြီးကို သုံးထပ်အထိ ပြုလုပ်ကြသည်။ ခုနစ်ထပ်ရှိလျှင် သုံးထပ်မှာ အသေပြုလုပ်ထားပြီး ကျန်ရှိသောလေးထပ်ကို အရှင်ပြုလုပ်ထားရပါသည်။ ကိန္နရာတောင်ပံကို လက်မောင်းရင်းနှင့် လက်ကောက်ဝတ်တွင် ကြိုးချည်ထားရပါသည်။ နောက်ထိန်းကြိုးနှစ်ချောင်းကို လည်ပင်းမှာတိုင်းပြီး ခါးပတ်၌ချည်ထားရပါသည်။ တောင်ပံနှင့်အမြီးကို လှလှပပလှုပ်ရှားစေရန်အတွက် နောက်ထိန်းကြိုးကိုအသုံးပြုခြင်း ဖြစ်ပါသည်။ တောင်ပံအရောင်ကို ဖဲအစိမ်းရောင်ဖြင့် အသုံးပြုကြသည်။ အချို့က ပိတ်ပါးအစိမ်းရောင်ဖြင့် ပြုလုပ်ကြပါသည်။ အင်္ကျီကိုရင်စေ့ချုပ်ထားပြီး ရင်ပတ်၌ ငွေပြား ရွှေပြားများကပ်ထားလေ့ရှိပြီး နတ်ဝတ်တန်ဆာကဲ့သို့် ဖန်တီးချုပ်လုပ်ထားပါသည်။ ရွှေချည်ထိုးဘောင်းဘီခံပြီး ပုဆိုးတောင်ရှည်ကို ခါး တောင်းကျိုက်၍လည်းး ဝတ်ဆင်ကြပါသည်။ ကိန္နရီ၏တောင်ပံကို နှစ်ထပ်မှသုံးထပ်အထိပြုလုပ်ကြပါသည်။ “ပန်းန်ကူမ်း” ခေါ် မကိုဋ်မှာ ကိန္နရာနှင့်မတူဘဲ အမျိုးအစားကွဲပြားအောင် ပြုလုပ်လေ့ရှိကြပါသည်။
ရှေးခေတ် ရှမ်းကိန္နရာအက
ရှေးခေတ် ရှမ်းကိန္နရာအကများမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ကြိုးပေါင်း ၆၀ ကျော်တပ်ပြီး မျက်နှားဖုံးလှလှများစွပ်ကာ ရှမ်းဘောင်းဘီနှင့် လက်ကြပ် အင်္ကျီပေါ်တွင် လယ်ဂျာ၊ ခါးပုံ၊ ခါးစည်း၊ လက်စည်းများဖြင့် တပ်ဆင်ပြီး အိုးစည်သံနှင့် လိုက်၍ ပျော့ပျောင်းသိမ်မွေ့ ညက်ညောစွာ ကပြလေ့ရှိကြပါသည်။ အမြီးအတောင်ကို ဖွင့်ချည်ပိတ်ချည်ပြုလုပ်၍ လက်ချောင်းလေးများတွင် ကြိုးတပ်ပြီး လက်လုပ်ဟန်ကို လိုက်၍အတောင်များ ကြွကြွရွရွဖြစ်အောင်ကရသော အကမျိုးဖြစ်သောကြောင့် အလွန် ပျော့ပျောင်းသော အမျိုးသားများသာ ကပြလေ့ရှိပါသည်။ ရှမ်းကိန္နရာအကနှင့်အတူ တိုးနယားအကကိုလည်း ထည့်သွင်းကျင်းပကြပါသည်။ ရှမ်းပြည်နယ်ကိန္နရာအက (တိုးနယားအက) များကပြရာတွင်လည်း သီတင်းကျွတ်ပွဲတော်တွင် ကျင်းပပုံမှာ ရှမ်း တိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအရ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့မှစ၍ တစ်ညလျှင်ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းသတ်မှတ်၍ ပူဇော် ကန်တော့ပွဲပြုလုပ်လေ့ရှိပါသည်။ ဒေသအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအားလုံးမှ သံဃာတော်အရှင်သူမြတ်တို့သည် ပူဇော်ကန်တော့ပွဲ ပြုလုပ်မည့်ကျောင်းသို့ ကြွရောက် လာကြပါသည်။ ပူဇော်ကန်တော့ပွဲ ကျင်းပမည့်ရွာမှ ဒါယိကာ၊ဒါယိကာမများမှ လှူဖွယ် ဝတ္တုပစ္စည်းများမျိုးစုံတို့ဖြင့် သံဃာတော်များအား ပူဇော်လှူဒါန်းဆပ်ကပ်ကြပါသည်။ ထိုသို့အစဉ်အလာအတိုင်း ပြုလုပ်ပြီးမှ ကိန္နရာအက၊ တိုးနယားအကများကို အားပါးတရ ကခုန်ဖျော်ဖြေကြပါသည်။ နယ်စပ်ဒေသများတွင် ဘုန်းကြီးကျောင်းများ များပြားသဖြင့် ကိန္နရီကိန္နရာအက၊ တိုးနယားအကများမှာ တစ်လကျော်ခန့် ကပြလေ့ရှိပါသည်။
ကိန္နရီကိန္နရာအက ကပြရာ၌ ကျင့်သုံးလေ့ရှိသော ဓလေ့ထုံးစံများ
ကိန္နရီန္နရာအကအဖွဲ့သည် အလှူအတန်းပွဲလမ်းသဘင်ရှိလျှင် အလှူရှင်အိမ်များသို့ လာရောက်ကပြမည့်အကြောင်းအား ကြိုတင်အကြောင်းကြားထားရပါသည်။ အလှူရှင်၊ အိမ်ရှင်များမှလည်း ပန်း၊ ပေါက်ပေါက်နှင့် ငှက်ပျောသီးများပါဝင်သည့် ကန်တော့ပွဲကို ပြင်ဆင်ပေးရသည်။ ထို့နောက် ကိန္နရာအကအဖွဲ့ခေါင်းဆောင်နှင့် အလှူရှင်၊ အိမ်ရှင်တို့မှ ကာရံ၊ နဘေများဖြင့် အတိုင်ဖောက်ညီညာစွာဖြင့် အောက်ပါအတိုင်း အချီအချပြောဆို ကြပါသည်။
မေး။ အဆွေတို့ဘယ်အရပ်မှ လာကြပါသလဲ။ ဘာတွေများယူဆောင်ခဲ့ကြပါသလဲ။
ဖြေ။ အကျွန်ုပ်တို့ မြင့်မိုရ်တောင်ခြေရင်းမှ လာပါသည်။ ကပြအသုံးတော်ခံရန် ကိန္နရာလည်း ပါလာပါသည်။
မေး။ ကိန္နရာဆိုသည်မှာ ဘယ်လိုငှက်မျိုး ဖြစ်ပါသလဲ။
ဖြေ။ ကိန္နရာဆိုသည်မှာ ငှက်ကောင်းငှက်မြတ်မျိုး ဖြစ်ပါသည်။ ကပြအသုံးတော်ခံလျှင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံပြီး ရွှေ၊ ငွေ၊ ရတနာ စည်းစိမ်ဥစ္စာများ တိုးပွားလာပါ လိမ့်မည်။
မေး။ ဒီလိုဆိုရင် ကျွန်ုပ်တို့ရဲ့ အိမ်ထဲဝင်ရောက် ကပြပါဦးလား။ အဆွေတို့ အဖွဲ့အားလုံးကို ကန်တော့ပွဲဖြင့် ခရီးဦးကြိုဆိုပါတယ်။
ဆုမွန်ကောင်းတောင်းခြင်း
ထိုသို့ အပြန်အလှန်မေးမြန်းပြီးနောက် ကန်တော့ပွဲကို အသင့်ပြင်ဆင်ထားသော ကန်တော့ပွဲအား အဖွဲ့ခေါင်းဆောင်ထံ ပေးအပ်ရပါသည်။ အဖွဲ့ခေါင်းဆောင်မှ အလှူရှင်၊ အိမ်ရှင်အား မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေရန် ရွှေငွေရတနာများ ပေါများကြွယ်ဝစေရန်နှင့် စည်းစိမ်ဥစ္စာများ တိုးပွားလာစေရန် ဆုမွန်ကောင်းတောင်းပေးရပါသည်။
ကိန္နရာအဖွဲ့စည်းကမ်းများ
ကိန္နရာကမည့်သူသည် ကိန္နရာဝတ်စုံကို ပထမဦးဆုံးကန်တော့ရသည်။ ကန်တော့ပြီးမှ ဝတ်စုံကို ဝတ်ဆင်ရသည်။ ကိန္နရာဝတ်စုံဝတ်ဆင်ပြီးလျှင် အိုးစည်ကို ကန်တော့ပြီးမှသာ ကပြ ရသည်။ ကပြရာ၌ အိမ်ရှင်များ၏ ဆန္ဒအတိုင်း ကပြရသည်။ ရရှိသည့်ဆုငွေကို အဖွဲ့သား အားလုံး ပိုင်ဆိုင်ကြသည်။ ကိန္နရာဝတ်စုံကို အမျိုးသမီးများကျော်လွှားခြင်း မပြုလုပ်ရသည့် အပြင် ဝတ်ကြည့်ခြင်း၊ စွပ်ကြည့်ခြင်းများလည်း မပြုလုပ်မိစေရေးအတွက် အထူးသတိထားရ ပါသည်။
ကိန္နရီကိန္နရာအကတွင် ပါဝင်သော အကနှစ်မျိုးနှင့် ကကြိုးကကွက်
ရှမ်းကိန္နရာအကတွင် ပါဝင်သောအကနှစ်မျိုးမှာ လိုင်းကကန်တော့(ကန်တော့ပန်းဆင် အက)နှင့် လိုင်းကလော်အပုမ်(ဝတ္ထုပုံပြင်သရုပ်ဖော်)အကဟူ၍ ရှိပါသည်။ လိုင်းကကန်တော့ (ကန်တော့ပန်းဆင်)အကကို ဘာသာရေးနှင့််ပတ်သက်သည့် ပွဲလမ်းသဘင်များနှင့်သာ ကပြရ သည်။ ကိန္နရာတစ်ကောင်တည်း ကပြရပြီး မျက်နှာဖုံးတပ်ဆင်ရသည်။ ကပြရမည့်နေရာတွင် ရပ်၍ ကိန္နရာဝတ်စုံအလှကို ပြသရသည်။ တောင်ပံနှင့်အမြီးတို့ကို လှပစွာဖြန့်ပြရသည်။ ထို့နောက် ကွင်းတစ်ပတ်လျှောက်ပြရသည်။ စ၍လျှောက်ပြသည့်နေရာသို့ ရောက်ရှိမှသာ ကိန္နရာအကကို ကပြရသည်။ လက်အုပ်နှစ်ဖက်ချီ၍ ခေါင်းကိုဟိုဒီငဲ့ကာ နွဲ့နွဲ့နှောင်းနှောင်း ဟန်ပန်အမူအရာဖြင့် ကန်တော့ပန်းဆင်ပြီးနောက် ကွင်းပတ်၍ ကပြရသည်။ ကပြရာ၌ ပျော်ရွှင်ဝမ်းမြောက် မြူးကြွသည့် ဟန်အမူအရာဖြင့်ကပြရသည်။ ကွင်းတစ်ပတ်ကပြရာ၌ မူလ နေရာသို့ ရောက်ရှိသောအခါ သိမ်မွေ့သော အမူအရာဖြင့် ကပြရင်းရှေ့သို့တက်ရသည်။ ကွင်းလယ်သို့ရောက်ရှိလျှင် ကိုယ်ကိုနှိမ့်လိုက်၊ မြှင့်လိုက်လုပ်ပြီး တဖြည်းဖြည်းအောက်သို့ နှိမ့်ချဝပ်တွားဟန်ဖြင့် ရှေ့တည့်တည့်သို့ ကန်တော့ပန်းဆင် ကကြရပါသည်။ ထို့နောက်ကိုယ်ကိုနိမ့်ထားရာမှ တဖြည်းဖြည်းချင်းထပြီး သုံးကြိမ်ပြည့်အောင် ကန်တော့ပန်းဆင်ရသည်။ ယင်းသို့ သုံးကြိမ်တိုင်ကန်တော့ပန်းဆင်ပြီးလျှင် အိုးစည်တီးသံသို့လိုက်ပြီး ပျော်ရွှင်မြူးကြွ လှပစွာ ကခုန်ဖျော်ဖြေတင်ဆင်ကြပါသည်။ ကိန္နရာ ၏ လှပနွဲ့နှောင်းသည့် ခန္ဓာကိုယ်နှင့်အတူ မြီးဖျား၊ တောင်ပံတို့ကို ဖြန့်လိုက်၊ စုလိုက်၊ ခေါင်းကိုငဲ့လိုက်၊ စောင်းလိုက်ဖြင့် ကပြနေသည့် ကိန္နရာအကမှာ ပရိတ်သတ်များ မှင်တက်မိအောင် အသည်းသို့ထိမျှ စွဲငြိစေသော ရှမ်းရိုးရာ အကပညာတစ်ရပ်ဖြစ်ပါသည်။ လိုင်းကလော်င်အပုမ် (ဝတ္တုပုံပြင်သရုပ်ဖော်) အကအား များသောအားဖြင့် ဇာတ်စင်များပေါ်တွင် ကပြလေ့ရှိပါသည်။ ထိုအကကို ကပြရာ၌ ကိန္နရာ ကိန္နရီ မောင်နှံစုံ ပါဝင်ပါသည်။ ကိန္နရာ(အမျိုးသား)က မျက်နှာဖုံးတပ်ဆင်ပြီး ကိန္နရီ (အမျိုးသမီး)မှာ မျက်နှာဖုံးမတပ်ဆင်ပါ။ ရှေးဦးစွာ ကိန္နရာက ကွင်းတစ်ပတ်လျှောက်ပြီး ကပြရာနောက်သို့ ကိန္နရီမှ နောက်မှ လိုက်ပြီးကပြရသည်။ ကိန္နရာ က ကိန္နရီကို စိတ်မချသည့် ဟန်ဖြင့် ရပ်လိုက်၊ သွားလိုက်၊ ကိန္နရီ၏ မျက်နှာကို တစ်ဝကြီးကြည့်လိုက်ဖြင့် ကွင်းတစ်ပတ် ပြည့်အောင် လှည့်၍ကပြရသည်။ ကွင်းလယ်သို့ ရောက်ရှိမှသာ ဝတ္တုဇာတ်လမ်းကို စ၍ကပြ ရသည်။ ကိန္နရာက ကောင်းကင်သို့ မြားသုံးကြိမ်၊ ပစ်လွှတ်ဟန်၊ မြားကိုလိုက်ဖမ်းဟန်၊ မြားမှန် သဖြင့် ထိခိုက်နာကျင်လဲကျဟန် စသည်ဖြင့် ပြုလုပ်ရသည်။ နာကျင်သည့်ဒဏ်ကြောင့် ကိုယ်လုံး၊ တောင်ပံနှင့် အမြီးတို့ကို တဖျပ်ဖျပ်လှုပ်ကာ ယိမ်းယိုင်နေဟန် ပြုလုပ်ပြရပါသည်။