မြန်မာနိုင်ငံအတွင်း၌ မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုး ပေါင်း (၁၃၅)မျိုး ရှိသည့်အနက် “ဝ” တိုင်းရင်းသားများလည်းပါဝင်ကြသည်။ “ဝ”လူမျိုးများသည် မွန်၊ ဗမာစကားများပြောကြသည့် သြစတြိုအေရှတစ် အနွယ်ဝင်များ ဖြစ်ကြပါသည်။ “ဝ” တိုင်းရင်းသားများသည် ရှမ်းပြည်နယ်( မြောက် ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် အများဆုံးနေထိုင်ကြသည်။ “ဝ”လူမျိုးများသည်ခေတ်အဆက်ဆက်ကမြန်မာနိုင်ငံထဲတွင် နေထိုင်သောလူမျိုးများဖြစ်သကဲ့ သို့ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းအစဉ်အလာ များရှိသော လူမျိုးများဖြစ်သည်။
“ဝ” လူမျိုးတို့၏ ရိုးရာဓလေ့
သမိုင်းအစဉ်အလာကြီးမားသော“ဝ”လူမျိုးတို့၏ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ် အလာအရ နတ်တင်မင်္ဂလာအခမ်းအနား၊ စစ်ချီအခမ်းအနား၊ အောင်ပွဲရအခမ်းအနား၊ နှစ်သစ်ကူးအခမ်းအနား၊ ပျော်ပွဲရွှင်ပွဲအခမ်းအနား၊ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလေ့ ရှိသည်။ ယင်းရိုးရာအခမ်းအနားများသည် ရွာလုံးကျွတ်၊ နယ်လုံးကျွတ်စုပေါင်း ကျင်းပသော အခမ်းအနားများပင်ဖြစ်သည်။ ရွာလူကြီးများ၊ နယ်လူကြီးများနှင့် နတ်ဆရာများတို့က ဦးဆောင်ကျင်းပလေ့ရှိသည်။
“ဝ” လူမျိုးတို့၏နေထိုင်မှုဓလေ့
“ဝ” လူမျိုးတို့သည် သမိုင်းမစတင်မီ ခေတ်ကတည်းက မြို့ပြ၊ ကျေးရွာများတည်ထောင်ကာ နေထိုင်ကြသည်။ မိမိတို့၏နယ်မြေဒေသအား မည်သူကမျှ ကျူးကျော်စိုးမိုးမှုကို တစိုးတစိမျှ မခံလိုသူများ၊ မည်သူ၏ စိုးမိုးချယ်လှယ်မှုကိုမျှ မခံလိုသူများဖြစ်သည်။ မိမိတို့ နယ်မြေဒေသတွင်ပင် ခင်တွယ်ကာ စုစုစည်းစည်းရွာတည်ပြီးနေလေ့ရှိသည်။ “ဝ” လူမျိုးတို့သည် ရပ်ဝေးသို့ခရီးသွားလာမှုအလွန်နည်းပါးသူများ ဖြစ်သော်လည်းအလွန်ဖော်ရွေမှုရှိကြပြီး အခြားလူမျိုးတို့ကို နှိပ်စက်မှုမပြု၊ အိမ်နီးချင်းနေလူမျိုးကွဲများနှင့်လည်း မိတ်ကောင်း ပီသစွာ ဆက်ဆံတတ်သည်။ မခိုးမဝှက်ကြပေ။ အမူအကျင့်ကောင်းသူများဖြစ်သည်။ သူတစ်ပါးအား အနိုင်အထက် မပြုသကဲ့သို့ သူတစ်ပါး၏ အနိုင်အထက်ပြုမှုကိုလည်း မခံလိုသောလူမျိုးများဖြစ်သည်။ တစ်ဦးအရေးကိစ္စပေါ်လျှင် ကျန်တစ်ဦးကလူအင်အား၊ ငွေအင်အားဖြင့် ကူညီတတ်သည့် ဓလေ့ရှိသည်။“ဝ”လူမျိုးတို့သည် သစ္စာရှိပြီး ရိုးသားပွင့်လင်းကြသည်။ အလုပ်လုပ်ကိုင်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဇွဲ၊ လုံ့လ ဝီရိယရှိကြပြီး စိတ်ဓာတ်ကြံ့ခိုင်မှုရှိကြသည်။ မိမိတို့အချင်းချင်းကူညီ ရိုင်းပင်းကြ၍ စည်းလုံး ညီညွတ်ကြ သည်။
“ဝ” လူမျိုးတို့၏ ကြက်ရိုးထိုးဗေဒင်
ကြက်ရိုးထိုးဗေဒင်ကြည့်ရန် ကြက်ရိုးထိုးခြင်းသည် “ဝ” လူမျိုးတို့၏ ရိုးရာဓလေ့ဖြစ် သည်။ ကြက်ရိုးထိုးဗေဒင်ကြည့်ရန်၊ ကြက်ရိုးထိုးရန် အနီရောင်ကြက်အထီး၏ အရိုးကိုသာ သုံးရသည်။ ကျန်းမာရေး၊ စီးပွားရေး၊ ခရီးလမ်းကြောင်းဖြောင့်ဖြူးမှုတို့အတွက် သိလိုပါက မေးမြန်းနိုင်ပါသည်။
“ဝ” လူမျိုးတို့၏ ရိုးရာပွဲများ
“ဝ” လူမျိုးတို့သည် ပြက္ခဒိန်တစ်နှစ်အတွင်း သို့မဟုတ် (၁၂)ရာသီပွဲတော်များ ကျင်းပလေ့ရှိသည်။ ရိုးရာပွဲများအနေဖြင့် နိုဝင်ဘာလအတွင်း ကျင်းပသောနှစ်သစ်ကူးပွဲ၊ စက်တင်ဘာလ၊ အောက်တိုဘာလအတွင်း ကျင်းပသော ကောက်သစ်စားပွဲနှင့် ဒီဇင်ဘာလအတွင်း ကျင်းပသော မီးပုံပွဲ(ပန်းပွဲ)များသည် ရွာလုံးကျွတ်ပါဝင်ဆင်နွှဲကြသော ပွဲတော်များ ဖြစ်သည်။
နှစ်သစ်ကူးပွဲ
“ဝ” လူမျိုးတို့သည် ပြက္ခဒိန် နှစ်၊ လ၊ ရက်တို့ရှိသည်။ ရိုးရာဓလေ့အရ နှစ်သစ်ကူးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် တစ်နှစ်လုံးပင်ပစ္စည်း၊ ဆန်စပါး၊ ငွေကြေးများ ကြိုတင်စုဆောင်းလျက်ပြင်ဆင်မှုများလုပ်ကြသည်။ အချို့ဒေသများတွင် ကျေးရွာရှိလူကြီးများသည် နှစ်သစ်ကူးပွဲဖြစ်မြောက်ရေးအတွက် ကြက်တစ်ကောင် ကိုသတ်ခြင်းဖြင့် နိဒါန်းအစပျိုးကြ သည်လည်းရှိကြသည်။
ကောက်သစ်စားပွဲ
“ဝ” လူမျိုးများ၏ ကောက်သစ်စားပွဲကို “ဝ” ရိုးရာပြက္ခဒိန်၏ (၁၁)လပိုင်း (၁၅)ရက် အတွင်း ကျင်းပတတ်ကြသည်။ ကောက်သစ်စားပွဲတော်မကျင်းပမီ တောင် ယာသွားလမ်း၊ တစ်ရွာနှင့် တစ်ရွာ ဆက်သွယ်သောလမ်းများကို စုပေါင်း၍ ပြုပြင်ကြသည်။ မိမိတို့ရွာထဲ တွင်လည်း အိမ်တိုင်းခြံတိုင်း၌ သန့်ရှင်းရေးလုပ်ကြသည်။ ဤလတွင် ကောက်သစ်များ စတင်ပေါ်နေပြီဖြစ်၍ ပထမဦးဆုံးရရှိသော စပါးကိုနတ်တင်ခြင်း၊ ဘိုးဘွားတို့အားကန်တော့ခြင်း၊ အိမ်နီးပတ်ဝန်းကျင် မိတ်ဆွေများအား ဖိတ် ကြားကျွေးမွေးခြင်းတို့ဖြင့် ကောက်သစ်စားပွဲကို အိမ်ထောင်စုအလိုက် သော်လည်းကောင်း၊ စီရင်ကျင်းပလေ့ရှိကြသည်။ ရွာလုံးကျွတ် စုပေါင်း ကျင်းပသော ကောက်သစ် စားပွဲ ကုန်ကျစရိတ်များကို အိမ်ထောင်တိုင်း စုပေါင်းကျခံကြသည်။ ကျွဲ၊ နွား၊ ဝက်၊ ကြက်တို့ကို သတ်၍ အရက်ခေါင်ရည်များဖြင့် လူကြီး၊ လူငယ်မရွေး ပျော်ရွှင်စွာ စားသောက်ကြသည်။ အချို့သောဒေသများတွင် တစ်ရွာလုံးအတွက် ရွာလုံးကျွတ်စုပေါင်း စိုက်ပျိုးသော ဘုံယာမြေဟူ၍ ရှိသည်။ တစ်ရွာလုံး စုပေါင်းစိုက်ပျိုးပြီး စပါးထွက်ရှိလာသည့်အခါ အညီအမျှခွဲဝေခြင်း သို့မဟုတ် ရပ်ရေးရွာရေးကိစ္စများတွင် အသုံးပြုရန် ထားရှိခြင်းတို့ရှိတတ်သည်။ ကောက်သစ်စားပွဲများ ကိုလည်း ရွာလုံးကျွတ် စုပေါင်း၍ ပြုလုပ်ကြသည်။ ကျွဲ (သို့) ကြက်၊ ဝက်တို့ကို စုပေါင်းကျခံ ဝယ်ယူပြီး တစ်စုတစ်ဝေးတည်း ကျင်းပ၍ အရက်၊ ခေါင်ရည်တို့ကို အဝသောက်ကာ ပျော်ရွှင်စွာ ကခုန်လေ့ရှိကြသည်။
မီးထွန်းပွဲ၊ မီးပုံပွဲ
ဒီဇင်ဘာလတွင် မီးပုံပွဲ(ပန်းပွဲ)ခေါ် မိုးနတ်ပူဇော်ပွဲကို ကျင်းပသည်။ “ဝ” လူမျိုးတို့၏ လုပ်ရိုးလုပ်စဉ် တစ်နှစ်တစ်ကြိမ်ကျင်းပသော နတ်ပူဇော်ပွဲများအပြင် သုံးနှစ်တစ်ကြိမ်ကျင်းပ ရသော နတ်ပူဇော်ပွဲကြီးမျိုးလည်းရှိသည်။ ယင်းပွဲသည် တစ်နယ်လုံးနှင့် သက်ဆိုင်သောကြောင့် နယ်တွင် သြဇာအရှိဆုံး ပုဂ္ဂိုလ်က ကျင်းပမည့်နေရာကို ရွေးချယ်ရသည်။ မီးပုံပွဲကို ထင်းမီးတစ်ဖို နှစ်ဖို ဖို၍ လူကြီးလူရွယ် ကျား၊ မ မရွေးလာရောက်ဝိုင်းဖွဲ့၍ ပျော်ရွှင်စွာ ကခုန် ကြသည်။ မီးပုံပွဲများ တွင် ဗူးပလွေ၊ ဝါးပုလွေ၊ ဗုံဆရာတို့မှ ဦးဆောင်၍ အမျိုးသားတစ်ကျော့၊ အမျိုးသမီးတစ်ကျော့ အတိုင်အဖောက်ညီစွာ သီဆိုရင်း ကခုန်ကြသည်။ ယင်းမီးပုံပွဲတွင် လူပျိုအပျိုတို့က ကြင်ဖော်ရှာ ဖွေတတ်ကြသည်။
“ဝ” လူမျိုးတို့၏ ရှင်ပြုပွဲ
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌ ရှင်လောင်းပွဲကို တပေါင်းပွဲတော်တွင် နှစ်စဉ်ကျင်းပ လေ့ရှိပါသည်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ကျင်းပသည့် ရှင် လောင်းပွဲကို ရှင်လောင်း မိဘများမှ မိမိတို့၏ သားရတနာကို သာမဏေပြုဖို့အတွက် ကုန်ကျစရိတ်များကို အကုန်အကျ ခံကြပါသည်။ ရှင်ပြုရန်ငွေကြေးမတတ်နိုင်သည့် မိဘများအတွက်ကိုမူ ဥက္ကဋ္ဌကြီးမှ စိုက်ထုတ်အလှူငွေထည့်ဝင်ပြီး အကုန်အကျခံ ရှင်ပြုပေးပါသည်။ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွင် တပေါင်းလဆန်း (၁၂)ရက်နေ့မတိုင်မီ တပို့တွဲလဆန်းမှ စတင်ပြီး အားလပ်သည့် တစ်ရက်ရက်တွင် မိမိနေအိမ်၌ မိတ်ဆွေများကို ဖိတ်ကြားကာဧည့်ခံပွဲများနှင့် တည်ခင်း ဧည့်ခံ ကြပါသည်။ ဧည့်သည်များကလည်း ဆန်နှင့်ငွေများယူလာပြီး အကူအဖြစ်ထည့်ကြပါသည်။ တပေါင်းလဆန်း(၁၂)ရက်နေ့ ရောက်သည့်အခါ ညနေပိုင်းတွင် (၃၁)ဘုံစေတီ ဘုန်းကြီး ကျောင်းသို့ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ရှင်လောင်း များစုကြရပါသည်။ လဆန်း(၁၃)ရက် နံနက်ပိုင်းတွင် ရှင်လောင်းများ ဟိုပန်မြို့ရှိ နတ်ကွန်း၌ နတ်ပြသရပါ၏။ ထို့နောက် စေတီနှင့် ဘုန်းကြီး ကျောင်းကို လက်ယာရစ်ပတ်ပြီး ကပြပါသည်။ လဆန်း(၁၄)ရက်နေ့တွင် မြို့တွင်းသို့ ပတ်၍ ကပြကြပါသည်။ ထို့နောက် ဥက္ကဋ္ဌအိမ်တော်၌ ဂါရဝပြုရပ်ကွက်အလိုက် ရှင်လောင်းများ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကပြကြပါသည်။ ညနေပိုင်းတွင် ရှင်လောင်းများကို သာမဏေဘောင်အတွင်း သွတ်သွင်းကြပါသည်။ ရှင်လောင်းအပါး (၁၀၀)ကျော်ဖြင့် စုပေါင်းရှင်ပြုပွဲ ကျင်းပခြင်းကို ဟိုပန်မြို့တွင် ငြိမ်းချမ်းရေးရပြီးနောက် (၃၁)ဘုံစေတီ၌ ယခုအချိန်ထိ နှစ်စဉ်ကျင်းပသော ရှင်လောင်းပွဲဖြစ်ပါသည်။