အာခါတိုင်းရင်းသားလူမျိုးတို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားလူမျိုးစု (၁၃၅)မျိုးထဲမှ လူမျိုးစုတစ်စု ဖြစ်သည်။ သံလွင်မြစ်အရှေ့ခြမ်းတွင် နေထိုင်ကြပြီး လူဦးရေ နှစ်သိန်းပတ်ဝန်းကျင်ရှိသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့ကိုအခြေပြုပြီး တာချီလိတ်၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊မိုင်းဆတ်၊မိုင်းတုံစသည့်ဖြင့်(၁၀)မြို့နယ်တွင် ပျံ့နှံ့နေထိုင်ကြသော်လည်း သံလွင်မြစ် အနောက်ဘက်ခြမ်းတွင်မူ မနေထိုင်ကြပေ။ အာခါတိုင်းရင်း သားလူမျိုးစုသည် တိဘက်တို ဘားမားဟု ခေါ်သော တိဘက်မြန်မာ အုပ်စုဝင် ဖြစ်သည်။ အာခါတိုင်းရင်းသားတို့၏အမည်အရင်းမှာ“အာခါ” ဖြစ်ပြီး၊ အခြားတိုင်းရင်း သားများက“အီကော”ဟုခေါ်ဆိုကြသည်။ အာခါလူမျိုးတို့သည်အဓိကအားဖြင့်ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး မိရိုးဖလာနတ်ကိုးကွယ်သူများလည်း အများအပြား ရှိသည်။
အာခါတိုင်းရင်းသားလူမျိုးများဆင်းသက်လာပုံသမိုင်းအကျဉ်း
အာခါလူမျိုးစုတို့၏ ဇစ်မြစ်ကိုလေ့လာသော် တရုတ် ပြည် သမိုင်းမှတ်တမ်းတွင် အေဒီ(၂)ရာစု ကတည်းက တွေ့ရသည်။ အာခါလူမျိုးတို့၏ မူရင်း ဒေသမှာ ယူနန်ပြည်နယ်ဖြစ်သည်။ ရှေးအာခါ အခေါ် (ဂျာဒယ်း) ယခုယူနန်ပြည်နယ် ၊ မိုးဂျားမြို့ဒေသ အေဒီ (၅)ရာစုနှစ် နောက်ပိုင်းတွင် မျိုးနွယ်စု တစ်ခုအဖြစ် သီးခြားရပ်တည်လာခဲ့သည်မှစ၍ ခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်မှ ရေကြည်ရာမြက်နုရာသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ အာခါလူမျိုးတို့၏ (ဂျာဒယ်း)ဒေသတွင် အေဒီ(၅)ရာစုနှစ်မှ (၁၀)ရာစုအထိ မြို့ပြတည်ထောင်၍ နေလာခဲ့ရာ၊ အေဒီ (၁၀) ရာစုနောက်ပိုင်းတွင် ပြောင်း ရွှေ့မှုကြီးရှိခဲ့သည်။ တရုတ်ပြည်တောင်ပိုင်း၊ ဗီယက်နမ် အနောက်မြောက်ပိုင်း၊ လောနိုင်ငံအလယ်နှင့်မြောက်ပိုင်း ဒေသ၊ မြန်မာနိုင်ငံရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများသို့ ပျံ့နှံ့နေထိုင်သွားခဲ့ကြသည်။ မြန်မာနိုင်ငံသို့ (၁၀)ရာစုကတည်းက ရောက်ရှိလာခဲ့ ကြောင်း ၊ အထူးဒေသ (၄)ရှိ အာခါရွာများဖြစ်ကြသော ဘားဆာအာခါရွာ၊ အေးချွေးအာခါရွာနှင့် အခြားရွာ များစွာတို့က ရွာတည်နှစ်(၈၀၀)ကျော် ဖြစ်သည်ဟု သိရသည်။ တောင်ပေါ်နေတိုင်းရင်းသား အာခါလူမျိူးများသည် တောင်ပေါ်ဒေသ၌နေထိုင်ရခြင်း၏အကြောင်းလေ့လာသော်ပတ်ဝန်းကျင်ရှိလူမျိုးများ၏အနိုင်ကျင့်မှုဒဏ်နှင့်နှောက်ယှက်ခြင်းဒဏ်မှကင်းလွတ်ခြင်း၊တောင်ပေါ်ဒေသ၏ရာသီဥတု၌နေပျော်ခြင်း၊ အာခါလူမျိုးများသည် သမိုင်းအရ အနောက် ပိုင်းဒေသသို့ အဆက်မပြတ်ရွှေ့ပြောင်းနေခြင်းကြောင့် မြေပြန့်ဒေသ၏အပူဒဏ်ကို မခံနိုင်ခြင်း၊ မြစ်ချောင်းဘေး နေရာဒေသများ၌ ဖြစ်လေ့ရှိသော ငှက်ဖျားရောဂါ ဒဏ်ကိုစိုးရိမ်းခြင်း၊ တောင်ပေါ် ဒေသ၌သာ ရွှေ့ပြောင်း တောင်ယာလုပ်ရန် သင့်လျော် ခြင်းတို့ကြောင့် ဖြစ်နိုင် သည်ဟုယူဆရသည်။
အာခါတိုင်းရင်းသားများသည်မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့သောလူမျိုးစုအုပ်စုကြီး(၃)ခုအနက်တိဘက်မြန်မာအနွယ်အုပ်စုဝင်ဖြစ်သည့်“လိုလိုမိုဆို”အုပ်စုဖြစ်သည်။ တိဗက်လွင်ပြင် မဲခေါင်မြစ်အတိုင်း တရုတ်ပြည်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ အာခါလူမျိုးနွယ်ဝင်ဖြစ်သော အိမ်ထောင်စု တိုင်းက အိမ်ထောင်ဦးစီး အမျိုးသားတိုင်းသည် မိမိတို့၏ မျိုးရိုးအစဉ်အဆက် အမည်မှတ်တမ်းကို အစဉ်အမြဲ မှတ်မိအောင် မှတ်သားထားရသည်။ယဉ်ကျေးမှုသမိုင်းနှုတ်မှတ် မှတ်တမ်းအရ မျိုးဆက်ပေါင်း (၅၇)ဆက် ရှိနေပြီဖြစ်သည်။ မည်သည့်နေရာ ရောက်သည်ဖြစ်စေ မြို့သား၊ ရွာသားခွဲခြားမှုမရှိဘဲ မိမိလူမျိုးနှင့်တွေ့လျှင် မိသားစု နှင့်တွေ့သကဲ့သို့ ဖော်ရွေကြသည်။ အာခါလူမျိုးနွယ်ဝင်အမျိုးသားတိုင်းသည် မိမိတို့၏ မျိုးရိုးစဉ်ဆက် အမည်များကို မရွတ်ဆိုနိုင်ပါက အာခါအမျိုးသား သွေးချင်းအပေါ် သစ္စာမရှိသူဟု မှတ်ယူကြသည်။ အာခါတိုင်းရင်းသားတို့၏ မျိုးရိုးစဉ်ဆက် အမည်များ မှတ်သားရခြင်း ရည်ရွယ်ချက်များမှာ-
(၁) မိမိသည်မည့်သည့်မျိုးနွယ်ဝင်ဖြစ်ကြောင်း သိစေရန်
(၂) သားစဉ်မြေးဆက် မျိုးချစ်စိတ်ဓါတ်၊ ညီအစ်ကို စိတ်ဓါတ်ပျောက်ပျက်မသွားစေရန်
(၃) မောင်နှမချင်း ဆွေမျိုးရင်းချာ အချင်းချင်း အိမ်ထောင် မပြုမိစေရန်
(၄) ပျောက်လုနီးပါးဖြစ်နေသော ဆွေမျိုးဆက်များ ပြန်လည်ရှာဖွေရာတွင် လွယ်ကူစေရန်
(၅) မျိုးဆက်စာရင်း ရေတွက်ခြင်းဖြင့် မျိုးနွယ်စု သန့်ရှင်း၊ မသန့်ရှင်း ဝေခွဲနိုင်စေရန်တို့ဖြစ်ပြီး အမွေအနှစ် အဖြစ်လက်ဆင့်ကမ်းလာခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။
အာခါတိုင်းရင်းသား လူမျိုးစုတို့သည် အနွယ် ပေါင်းမည်မျှရှိသည်ကို တိတိကျကျ မဖော်ပြနိုင် သေးပါ။ လက်လှမ်းမှီသရွေ့ ဖော်ပြရမည်ဆိုလျှင် မျိုးနွယ်ပေါင်း (၄၀) ကျော်ရှိမည်ဟုခန့်မှန်းရသည်။ အာခါလူမျိုးစစ် မစစ်ကို မျိုးဆက်အမည်စာရင်း ရေတွက်ကြည့်ပါက ရှင်းလင်းစွာသိရှိနိုင်ပေသည်။ မျိုးဆက်အမည်စာရင်း ရေတွက်ခြင်း၏ ဦးတည် ချက်မှာ-
(၁) အာခါလူမျိုးစစ်မှန်လျှင် အာခါမျိုးနွယ် အမည်စာရင်းကိုသိရမည်။ အချိန်မရွေးရေတွက် နိုင်ရမည်။
(၂) ရွာတစ်ရွာလျှင် မျိုးနွယ်တစ်နွယ်တည်း ဖြင့်ရွာမတည်ရ။ အနည်းဆုံးမျိုးနွယ် (၃)နွယ်ပါဝင် နေထိုင်ရမည်။
(၃) မျိုးနွယ်တစ်နွယ်ခြင်း၏ သားသမီးများ သည် အိမ်ထောင်ဘက် မပြုစေရ။ ပြုလိုပါက မျိုးဆက်(၇)ဆက် ကွာခြား စေရမည်။ မျိုးဆက် (၇) ဆက်မခြားဘဲ လက်ထပ်ခဲ့ပါက အမျိုးအနွယ်စာရင်း ထဲမှ ပယ်ဖျက်ခံရမည်ဖြစ်သည်။
(၄) မိမိအမျိုးနွယ်၏ အမည်စာရင်း မေ့ပျောက်၍ ပြန်လာကြသူများကို လက်ခံကြသော်လည်း သူတို့၏မျိုးဆက် အမည်စာရင်းသည် အာခါလူမျိုး၏ ဖခင်ကြီးဖြစ်သော ဂျွေထန်ဖန်မှ ပြန်လည် စတင်ရေတွက်စေရမည်။ အာခါလူမျိုးစု တို့သည် တစ်နေရာ၌တွေ့ဆုံ၍ မိတ်ဖွဲ့ ကြသောအခါ ရိုးရာယဉ်ကျေးမှုအရ လူအမည်ကိုတိုက်ရိုက်မေးမြန်းလေ့မရှိ။ နေရပ်လိပ်စာ၊ အမျိုးအနွယ်၊ အိမ်ထောင် ရှိ/မရှိ၊ သားသမီးရှိ/မရှိ၊ ဘယ်နေရာမှ ပြောင်းရွှေ့လာခဲ့ကြောင်း စသည်ဖြင့်မေး ရသည်။ အာခါလူမျိုးတို့သည် အမည်ကို တိုက်ရိုက်မေးသော်လည်း ဖြေကြားလေ့မရှိ။ မိရိုးဖလာ အာခါဇန်းဘာသာကို ကိုးကွယ်သူ များသည် မိမိ၏ အမည်ကို အလွန်တန်ဖိုးထားကြသည်။ အမည်ကို သိလိုလျှင်အခြားသူထံမှတစ်ဆင့် မေးမြန်းရသည်။ ဤသည်မှာအာခါ ရိုးရာယဉ်ကျေးမှု တစ်ရပ် ဖြစ်သည်။
အာခါတိုင်းရင်းသားလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှု
အာခါတိုင်းရင်းသားလူမျိုးတို့၏ ကနဦး ကိုးကွယ်မှု ဘာသာသည် အာခါရိုးရာဘာသာ(အဖွေပေါ်လော်-အာခါဇန်း) ဘာသာဖြစ်သည်။ အာခါဇန်းဘာသာသည် အာခါလူမျိုးစုသာ သီးသန့် ကိုးကွယ်ရသော ဘာသာဖြစ်သည်။ အကယ်၍ အခြားသောလူမျိုးစုက အာခါဇန်းဘာသာ ကိုးကွယ်လိုပါက အာခါအနွယ်အဖြစ် ခံယူကြရသည့်ဓလေ့ ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဘိုးဘွားတို့၏ ဘုရားကို ကိုးကွယ်သောကြောင့် မျိုးရိုးဆက်ခံရခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ ယနေ့ခေတ်တွင် အာခါ ဇန်းဘာသာ အပြင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလည်းရှိလာကြသည်။ အာခါတိုင်းရင်းသား များသည် နေရာဒေသ၊ ကိုးကွယ်သည့်ဘာသာ မတူကြ သော်လည်း “အာခါ ချေးခါ ထီခါးမာ” အာခါလူမျိုးရှိသမျှ တအူထုံဆင်း မိသားစုဝင်များဖြစ်ကြသည်ဟု ခံယူ၍ ဂုဏ်ယူစွာ နှုတ်မြွက်ကြသည်။ အာခါတိုင်းရင်းသားလူမျိုးများသည် ရက်၊ လ၊နှစ် ရေတွက်ပုံနှင့် ရာသီပွဲတော်များ လည်းရှိကြသည်။ အာခါ တိုင်းရင်းသားတို့သည်ယခင်ကနတ်ကိုးကွယ်သူများ ဖြစ်ကြသည်။ ထို့နောက် ခရစ်ယာန်သာသနာပြုများ ရောက်ရှိလာပြီး ခရစ်ယာန် ဘာသာသို့ ကူးပြောင်း ကိုးကွယ်ခဲ့ကြသည်။ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်သူလည်း ရှိလာခဲ့ သည်။
ကျိုင်းတုံမြို့နယ် ယန်းခကျေးရွာအုပ်စု၊ ဝမ်ဆန် ကျေးရွာနေ ဦးအာချိုး(ခ)ပူရှိနှင့် ဦးအားဒို (ခ) အိုက်ကျိုင်း တို့ညီအစ်ကိုမှ ၁၉၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့မှစတင်၍ ဗုဒ္ဓဘာသာသို့ စတင်ကိုးကွယ်လာ ကြောင်းသိရှိရသည်။ ၂၀၁၄ခုနှစ်၊ မတ်လတွင်နှစ်(၉၀) ပြည့်မြောက်ပြီဖြစ်ပါသဖြင့် အာခါလူမျိုးတို့ ဗုဒ္ဓဘာသာ ကိုးကွယ်ခြင်းနှစ် (၉၀) ပြည့် အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ၁၉၉၉ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့မှ စတင်၍ အာခါဗုဒ္ဓဘာသာ စောင့်ရှောက် ရေးအသင်းကို ဦးအောင်စိုး ဦးဆောင်၍ဖွဲ့စည်းခဲ့ပါသည်။ ယခု လက်ရှိတွင် အဆိုပါအသင်း၌ ဦးအာဆို့က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀ဝ၀ပြည့်နှစ်မှ စတင်၍ ဗုဒ္ဓဘာသာခံယူပွဲအခမ်းအနားများ ကျင်းပ လျက်ရှိသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းသို့ ကက်သလစ် ခရစ်ယာန်သာသနာ ၁၉၁၁ ခုနှစ်တွင်လည်းကောင်း၊ နှစ်ခြင်းခရစ်ယာန်သာသနာသည် (၁၉၀၁) ခုနှစ်တွင် လည်းကောင်း ရောက်ရှိလာသဖြင့် နတ်ကိုးကွယ်သူ အာခါ၊ လားဟူ၊ ဝတိုင်းရင်းသားများလည်း ခရစ်ယာန် ဘာသာဝင်များဖြစ်လာကြသည်။ အာခါရွာတစ်ရွာ ဖြစ်သောကျိုင်းတုံရှိ ဝေါ်နိမ့်အာခါရွာသည် တစ်ရွာလုံး နီးပါး ကက်သလစ်ဘာသာဝင်များ ဖြစ်ကြပြီး ရွာစတင်တည်ထောင်ခြင်း (၇၅)နှစ်ပြည့်စိန်ရတုကို ၂၀၁၄ ခုနှစ် မေလတွင် ကျင်းပခဲ့ပါသည်။ ရွာစတင် တည်ထောင်စဉ်ကပင် ကက်သလစ်ဘာသာဝင် အာခါ များဖြစ်ပါသည်။
အာခါတိုင်းရင်းသားများတွင် ခရစ်ယာန် သာသနာနှင့်ဗုဒ္ဓဘာသာသို့ ကူးပြောင်းသက်ဝင် ယုံကြည် သော်လည်း နတ်ကိုးကွယ်သူ၊ နတ်စား အာခါများမှာ အများဆုံးဖြစ်ပါသည်။ နတ်ကိုးကွယ်သည်ဆိုရာတွင် ရွာစောင့်နတ်၊ အိမ်စောင့်နတ် စသည် တို့ကိုပူဇော်ပသ ခြင်းရှိသော်လည်း အထူးသဖြင့် ဘိုးဘေးတို့၏ဝိညာဉ် များကို ပူဇော်ပသခြင်းဖြစ်ပါသည်။ မည်သည့်ပွဲ ကျင်းပသည်ဖြစ်စေ ဦးစွာဘိုးဘေး တို့အားပူဇော်ပသပြီးမှ ကျန်သည့်ဆောင်ရွက်ရန် ရှိသည်များကို ဆောင်ရွက်ကြ ခြင်းဖြစ်ပါသည်။ အာခါတိုင်းရင်းသားလူမျိုးများ ဆင်းသက်လာပုံနှင့် အာခါတိုင်းရင်းသားလူမျိုးတို့၏ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်ပြီး အာခါတိုင်းရင်းသား လူမျိုးတို့၏စိတ်ဝင် စားဖွယ်ရာ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းများ လေ့လာမှတ်သားခဲ့ရပါသည်။ အာခါ တိုင်းရင်းသားတို့၏ ဓလေ့ထုံးစံများမှာ ယခုထက်တိုင် ကျင့်သုံးလိုက်နာဆဲဖြစ်ပြီး၊ အခြားသော တိုင်းရင်းသားများနှင့် ရောနှောနေထိုင်ခြင်းမရှိဘဲ ၎င်းတို့လူမျိုးများသာ သီးသန့်နေထိုင်သော ရွာများ ရှမ်းပြည်နယ်အရှေပိုင်းတွင် များစွာကျန်ရှိ နေပါသေးသည်။
အိမ်ထောင်စု(၁၀)စုခန့်ဖြင့်လည်း ရွာတည်ထောင် နေထိုင်ကြသဖြင့်လည်းကောင်း၊ ဓလေ့ထုံးစံများအပေါ်တွင် အယူသီးမှုများကြောင့်လည်းကောင်း တိုးတက်မှု နောက်ကျသော အာခါရွာများစွာ ကျန်ရှိနေသေးပါကြောင်း လေ့လာတင်ပြအပ်ပါသည်။