ဂုံရှမ်းတိုင်းရင်းသားများကို ဂုံရှမ်း (ခ) တိုင်းခဲင် ဟုလည်း ခေါ်ဆိုကြသည်။ တိုင်းဆိုသည်မှာ ရှမ်းဖြစ်ပြီး ခဲင်ဆိုသည်မှာ နမ့်ခဲင်ချောင်းဘေးတွင် နေထိုင်သည့် ရှမ်း လူမျိုးဟု အဓိပ္ပာယ်ရသည်။ ဂုံရှမ်းတိုင်းရင်းသားတို့သည် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသော အုပ်စုကြီးသုံးခုအနက် ထိုင်းတရုတ်အုပ်စုကြီးတွင် ပါဝင်သော တိုင်း ရင်းသားမျိုးနွယ်စုများဖြစ်သည်။ ဂုံရှမ်းအပါအဝင် ရှမ်းလူမျိုးစုများသည် လွန်ခဲ့သောနှစ်ပေါင်း ၄၅၀၀ ခန့်က အာရှတိုက် အလယ်ပိုင်းမွန်ဂိုလီးယားဒေသတွင် ရှမ်းပြည်ထောင်ကြီးကို ထူထောင်နေထိုင်ခဲ့ကြပါသည်။ နောက်ပိုင်းတွင် ရေကြည်ရာ မြက်နုရာ ရှာဖွေရွှေ့ပြောင်းလာကြပြီး နှစ်ပေါင်း ၃၅၀၀ ခန့်အထိ တရုတ်ပြည်အလယ် ပိုင်း ယန်ဆီကျင်းမြစ်ကမ်း ဒေသမှ အရှေ့ပင်လယ်ကမ်းခြေအထိ နေထိုင်ခဲ့ကြ ပါသည်။ တရုတ်မင်းများက ဟောင်ဟိုမြစ် အထက်ပိုင်းတွင် အုပ်ချုပ်ခဲ့ကြပြီး မြစ်ဝါမြစ်တောင်ပိုင်းတစ်လျှောက်ကို ရှမ်းလူမျိုးက အုပ်ချုပ်နေထိုင်ခဲ့ကြပါသည်။ ၎င်းနေရာမှ တောင်ပိုင်းဒေသသို့ လမ်းကြောင်းသုံးသွယ်ဖြင့် ဆင်းသက် လာခဲ့ရာ ဂုံရှမ်းလူမျိုးစုများသည် မြန်မာနိုင်ငံ သံလွင်မြစ်နှင့် မဲခေါင်မြစ်၊ နမ့်ဖယားမြစ်ကြားသို့ ဆင်းသက်လာသော လူမျိုးစုများတွင် ပါဝင်ခဲ့ကြောင်း လေ့လာသိရှိရသည်။
ဂုံရှမ်းတိုင်းရင်းသားတို့သည် အခြားသောမြို့၊ ရွာများတွင် အခြားသောတိုင်းရင်းသားများနှင့် ရောနှော နေထိုင်ကြပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံဒေသ တွင် အများဆုံးနေထိုင်ကြသည်။ ကျိုင်းတုံဒေသအတွင်း သို့ ဝင်ရောက်နေထိုင်သော ဂုံရှမ်းများသည် ယခင်က ယွန်းရှမ်းများဖြစ်ကြသည်။ ထို့အပြင် ယိုးဒယားပြည် (ထိုင်း) တောင်ဘက်ပင်လယ်ပြင်တွင် သင်္ဘောတစ်စင်း ပျက်ရာမှ ယင်းသင်္ဘောပေါ်တွင် ပါလာသူအချို့သည် အသက်မသေဘဲ ထိုင်းပင်လယ်ကမ်းစပ်သို့ ရောက်လာကြသည်။ ထိုမှတစ်ဆင့် ဇင်းမယ်သို့ ရောက်ရှိလာရာ ဇင်းမယ်စော်ဘွားသည် သင်္ဘောသားများကို လွန်စွာသဘောကျသဖြင့် ကျိုင်းတုံစော်ဘွားထံ အမှုထမ်းရန် စေလွှတ်ခဲ့သည်။ ကျိုင်းတုံစော်ဘွား စဝ်နမ့်တုမ်က ယင်းသင်္ဘောသားတို့၏ အရည်အသွေးကို သဘောကျသော်လည်း ၎င်းယွန်းရှမ်းများ ရောက်လာပြီးနောက် ကျိုင်းတုံနယ်၌ ရောဂါ ဘယများ ထူပြောပြီးစော်ဘွားများလည်း အသက်တိုပျက်စီးကြသဖြင့် ဗေဒင်ပညာရှိတို့ကို မေးမြန်းရာ ယွန်းဆိုသောအမည်သည် တိုင်းပြည်၏နေ့နံနှင့်မတည့်သဖြင့် ပြောင်းလဲရန်လိုအပ်ကြောင်း လျှောက်ထားကြရာမှ ယွန်းအမည်အစား ခဲင် ဟုခေါ်ဝေါ်ခဲ့ကြောင်း သမိုင်းကြောင်း အဆိုရှိသည်။
ထို့အပြင် အဆိုနောက်တစ်ခုကလည်း မန်ရိုင်းဘုရင် (ဇင်းမယ်စော်ဘွား) က သားဖြစ်သူ စဝ်နမ့်တုမ်ကို စော်ဘွားခန့်အပ်၍ ရဟန်း၊ သံဃာတော်များနှင့်အတူ ကျိုင်းတုံကိုစေလွှတ်ပြီး ကျိုင်းတုံကို ခေမရဌတုံဂပူရီ ဟု အမည်ပေးသည် စဝ်နမ့်တုမ်ဘယားအဖြစ် နန်းတက်သည့် ဘိသိက်ခံပွဲ၌ ရဟန်း၊ သံဃာတော်များနှင့်နက္ခတ်ပညာ ရှင်များက ကျိုင်းတုံ၏နက္ခတ်အား တွက်ချက်ရာ ကျိုင်းတုံမြို့၏နာမ်သည် တနင်္လာနံ၊ နေထိုင်သော လူမျိုးများသည် ဗုဒ္ဓဟူးနံယွန်းဖြစ်သဖြင့် ကျိုင်းတုံမြို့ကို ဘေးအန္တရာယ်ကျရောက်စေနိုင်သည်ဟု အဟောထွက်သဖြင့် ယွန်းလူမျိုးများ ဂုံအဖြစ် လူမျိုးအမည် ပြောင်းလဲခဲ့ကြောင်း ဆိုကြသည်။ဂုံရှမ်းအများစုနေထိုင်ရာကျိုင်းတုံ မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် ပေ ၂၇၀၀ ခန့်တွင် တည်ရှိသည်။ ကျိုင်းတုံမြို့ ပတ်လည်တွင် နမ့်လွေချောင်း၊ နမ့်ခဲင့်ချောင်း၊ နမ့်လပ်ချောင်းများ စီးဆင်း လျက်ရှိသည်။ နမ့်ခဲင့်ချောင်းနှင့် နမ့်လပ်ချောင်းတို့သည် အခြားသော ချောင်းများနှင့်မတူဘဲ တောင်မှမြောက်သို့ စီးဆင်းနေကြသည်။
ရှေးက ကျိုင်းတုံသည် မြို့အမည်ငါးခု၊ တောင်ထိပ် သုံးထိပ်၊ ကျိုင်းခုနစ်ကျိုင်း၊ တံခါး ၁၂ ပေါက် နှင့် ကန်ကိုးကန် ရှိသောမြို့ဟု ထင်ရှားသည်။ မြို့အမည် ငါးခုမှာ မိုင်းစန္နရဝဇီရကွမ်း၊ မိုင်းဒမ္မလပ်၊ ခေမရ ၊ တုံဂပူရီ၊ ကျိုင်းတုံမြို့တို့ ဖြစ်သည်။ တောင်ထိပ်သုံးထိပ်မှာ စွမ်ဆတ်၊ စွမ်မွန်း၊ စွမ်တောင်း တို့ဖြစ်ပြီး အဆိုပါ တောင်ထိပ်သုံးခုဖြင့်မြို့ကို ဝန်းရံထားကြောင်း သိရသည်။ ကျိုင်းအင်း၊ ကျိုင်းခုနှစ်ကျိုင်းမှာ ကျိုင်းစံ၊ ကျိုင်းငမ်း၊ ကျိုင်လန်း၊ ကျိုင်းစမ်း၊ ကျိုင်းယင်း၊ ကျိုင်းခုံတို့ဖြစ်သည်။ တံခါး ၁၂ ပေါက်မှာ မင်္ဂလာတံခါး၊ ပါလျန်တံခါး၊ ကျိုင်းလန်း တံခါး၊ ငမ်ဖတံခါး၊ ဖာယန်တံခါး၊ စဲန်းမိုင်တံခါး၊ ယန်းခမ်းတံခါး၊ နောင်လိတ်တံခါး၊ နောင်ဖာတံခါး၊ ကိုင်ဟိုက်တံခါး၊ ယန်းပိန်းတံခါး၊ ယန်းကုန်းတံခါးတို့ဖြစ် သည်။ ကျိုင်းတုံမြို့ကို လေးမိုင်ငါးဖာလုံခန့် ရှည်လျား သောမြို့ရိုး၊ ကျုံးရုံးတို့ဖြင့် တည်ဆောက်ကာရံထားပြီး အထက်ပါ တံခါးပေါက် ၁၂ပေါက်ပါဝင်ကြောင်း သိရ သည်။ ကန်ကိုးကန်မှာ နောင်တုံကန်၊ နောင်ယန်းကန်၊ နောင်ခေ့ကန်၊ နောင်တုံးကန်၊ နောင်ယေးကန်၊ နောင်လျန့်ကန်၊ နောင်ခိုက်ကန်၊ နောင်တာစန့်ကန်၊ နောင်ပေါင်းကန်တို့ ဖြစ်ပြီး ယခုအခါ နောင်တုံကန်နှင့် နောင်ယန်းကန်တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။
ကျိုင်းတုံဒေသသည် ရှေးယခင်က လွလူမျိုးတို့ နေထိုင်ကြပြီး ခရစ်နှစ် ၁၂၆၃ ခုနှစ်တွင် ကျင်းရိုင်းဘုရင် မန်းရိုင်းသည် လွတို့ထံမှ သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ဘုရင်မန်ရိုင်းသည် ၎င်း၏သား စဝ်နမ့်တုမ်ကို ဘယားဘွဲ့ခံ အုပ်ချုပ်သောမင်းအဖြစ်ခန့်အပ်၍ ရဟန်းသံဃာတော်များနှင့် ကျိုင်းတုံသို့စေလွှတ်သည်။ မြို့ကိုလည်း ခေမရဌတုံဂပူရီဟု ဘွဲ့အမည်ပေးထားသည်။ စဝ်နမ့်တုမ်သည် ကျိုင်းတုံ စော်ဘွားဆက် စတင်ဖြစ်ကြောင်းသိရသည်။ ၁၄၁၀ ပြည့် နှစ်တွင် စော်ဘွားဘယားကျောက်မထု (ခ) စဝ်ယီခမ်း လက်ထက်တွင် မိုးခေါင်သဖြင့် နမ့်ခဲင်ချောင်း၌ ဖားနတ် ပူဇော်ပွဲ (မင်္ဂလာစည်တော်ပို့ဆောင်ပွဲ) ကျင်းပမှ မိုးရွာ သဖြင့် နှစ်စဉ်ထိုပွဲကို ဧပြီလ သင်္ကြန်ရက်အတွင်း ကျင်းပ လာခဲ့ရာ ယနေ့တိုင် ထင်ရှားသောပွဲ တော်ဖြစ်သည်။ ထိုစော်ဘွား လက်ထက်မှ စတင်ပြီး ကျိုင်းတုံမြို့တည်နှစ် သတ်မှတ်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ကျိုင်းတုံမြို့တည်နှစ် ၆၀၀ ပြည့်ပွဲ ကျင်းပခဲ့သည်။
၁၂၆၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိအုပ်ချုပ်ခဲ့သော ကျိုင်းတုံစော်ဘွားဆက် ၄၅ ဆက်ရှိပြီး နောက်ဆုံးစော်ဘွားမှာ စော်ဘွားစဝ်စိုင်းလုံဖြစ်သည်။ ၁၈၉၀ ပြည့်နှစ်ခန့်တွင် အင်္ဂလိပ်တို့ နေထိုင်ခဲ့သောအိမ်များ ယနေ့ထက်တိုင် တည်ရှိသည်။ ကျိုင်းတုံ စော်ဘွားများ၏ ထူးခြားချက်မှာ ရှမ်းပြည်နယ် စော်ဘွားအားလုံး ၁၉၅၉ ခုနှစ်တွင် အာဏာစွန့်ပြီး ရှမ်းအစိုးရဖြစ်ပေါ်နေချိန်တွင် ကျိုင်းတုံ စော်ဘွားများမှာ အာဏာမစွန့်ရသေးဘဲ လိုသလို မပြင်ဆင်ရသေးသဖြင့် ၁၉၆၂ ခုနှစ်ရောက်မှ အာဏာစွန့် ခဲ့ရသည်။
ကိုးကွယ်ယုံကြည်မှု
တိုင်းခဲင်(ခ)ဂုံရှမ်း တိုင်းရင်းသား ၉၅ ရာခိုင်နှုန်း မှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး နတ်ကိုးကွယ်မှု အနည်းငယ် ရှိသည်။ ကျိုင်းတုံဒေသသို့ ဗုဒ္ဓသာသနာ ရောက်ရှိလာပုံမှာ မဟာသက္ကရာဇ် ၁၁၉ ခုနှစ်တွင် ဂေါတမမြတ်စွာဘုရားသည် အရှေ့ဖျားသို့ ဒေသစာရီ ကြွချီခဲ့ရာ တရုတ်ပြည်ဆစ်ဆောင်ပနားမှ တစ်ဆင့် ကျိုင်းတုံမြို့သို့ ကြွရောက်တော်မူခဲ့သည်။ ထိုစဉ်က ကျိုင်းတုံမြို့နေရာသည် ရေကန်ကြီးသဖွယ် ရေလွှမ်းမိုး လျက်ရှိပြီး မြတ်စွာဘုရားရှင်က ငါဘုရားပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၁၅၀ တွင် တုံဂမည်သော ရသေ့တစ်ပါး ရောက်ရှိလာပြီး ဤအရပ်ကို ရေခန်းအောင်ပြုလိမ့်မည်။ ထို့နောက် ဗုဒ္ဓသာသနာတော် ထွန်းကားလိမ့်မည်ဟု ဗျာဒိတ်တော်အတိုင်းပင် ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်ပြီးနောက် တုံဂရသေ့ရောက်ရှိလာပြီး တောင်ဝှေးဖြင့် ရေကန်ကြီးကို ဖောက်ချခဲ့ရာ ခုနစ်နှစ် ခုနစ်လ ကြာသောအခါ ရေကန်ကြီးခန်းခြောက်ပြီး အလယ်တွင် ရေကန်ငယ် အဖြစ်သာ ကျန်ရစ်ခဲ့သည်။ ထိုရေကန်ငယ်သည် ယနေ့တိုင်ထင်ရှားသော နောင်တုံကန်ပင်ဖြစ်သည်။
ဂုံရှမ်းတိုင်းရင်းသားများသည် ဘုန်းတော်ကြီးကျောင်း များကိုလည်း ခမ်းနားထည်ဝါစွာ ဆောက်လုပ် ကိုးကွယ်ကြသည်။ အရေးကြီးဆုံး ဘာသာရေးကိစ္စအဖြစ် ဥပုသ်စောင့်ရေးကို ဆောင်ရွက်ကြသည်။ ဘုန်းကြီးကျောင်းများကို ကြီးမားခံ့ထည်စွာတည်ဆောက်ပြီး ကျောင်းဝင်းအတွင်း၌ သိမ်၊ စေတီတို့ တည်ထားပုံမှာ ဂုံရှမ်းရွာတိုင်းတွင် လေ့လာတွေ့ရှိရသည်။