ရှမ်း ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

အဲန်တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာဓလေ့အကြောင်း
Image

၂၁ရာစုတွင် ဂလိုဘယ်လိုက်ဇေးရှင်းဟူသည့် ဝေါဟာရနှင့်အတူ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်လာ ပြီးဖြစ်သည့်အားလျော်စွာ ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပျက် နေသော အကြောင်းအရာပေါင်းစုံကို  သိရှိလာခဲ့သည်မှာ အမှန်ပင်ဖြစ်ပေသည်။အကြောင်းမှာ သွားလာရ ခက်ခဲကြမ်းတမ်းပြီး လူသိနည်းသော ဒေသများအနက် အဲန်လူမျိုးစုတို့နေထိုင်ရာ သီးသန့်ကမ္ဘာလေးလည်း ပါဝင်လာပါသည်။ အဲန်တိုင်းရင်းသားလူမျိုးတို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နယ်အတွင်းတွင် ရိုးရာဓလေ့ထုံးတမ်း များ၊ ဆင်ယင်ထုံးဖွဲ့မှုများနှင့် ရိုးရှင်းစွာနေထိုင် ရှင်သန်ကြ သောလူမျိုးတစ်မျိုး ဖြစ်ပါသည်။  

အဲန်တိုင်းရင်းသားလူမျိုးတို့သည် ရှမ်းတိုင်းရင်းသား လူမျိုးနွယ်ဝင် ဖြစ်၍ အဲန်လူမျိုးစုမှာမြန်မာတိုင်းရင်းသား (၁၃၅)မျိုး စာရင်းဝင်ဖြစ်ပြီး ကိုယ်ပိုင်ဘာသာစကား ရှိသည်မှာထူးခြားမှုဖြစ်သည်။ အဲန်လူမျိုးစုမှာ ရှေးစော်ဘွားများလက်ထက်က ဆင်းထိန်း၊ မြင်းထိန်းအနွယ်တော်များမှ ဆင်းသက်လာသူများဟုဆိုကြပြီး အဲန်ဆိုသည်မှာ ရှမ်းဘာသာ ဖြင့် လျင်မြန်ဖြတ်လတ်သူများဟု အဓိပ္ပာယ်ရပါသည်။ အဲန်လူမျိုးတို့သည် ရှမ်းလူမျိုးစုတွေထဲမှ လူမျိုးတစ်စု အပါအဝင်ဖြစ်ပြီး ၎င်းတို့သည် ရှမ်းစကားနှင့် အဲန်စကားကို အဓိက ပြောဆိုနိုင်ပါသည်။

အဲန်လူမျိုးများနေထိုင်ရာကျေးရွာတို့တွင် သွားရေးလာရေး ခက်ခဲသော်လည်း ရှေးရိုးရာဆန်ဆန် ဝတ်စုံအနက်ရောင် ဝတ်ဆင်ထားသော အဲန်ရွာသားများသည် သွားမည်းများပေါ်အောင်ရယ်တတ်ခြင်း၊ရိုးသားပျူငှာစွာကြိုဆိုတတ်ကြခြင်းတို့ကြောင့်နိုင်ငံခြားသားခရီးသွားများကို စိတ်ဝင်စားမှုများစွာဖြင့် ဆွဲဆောင်ထားနိုင်ခဲ့ပါသည်။

အဲန်တိုင်းရင်းသားလူမျိုးတို့နေထိုင်သည့် ခြေတံရှည် အိမ်အများစု၏ ကွပ်ပျစ်အဝင်တွင် လက်ရက်ကန်းစင်လေးများကိုလည်း တွေ့မြင်နိုင်ပြီး ရိုးရာအဝတ်အစားများကို ၎င်းတို့ကိုယ်တိုင် ဖန်တီးရက်လုပ် ဝတ်ဆင်ကြလေ့ ရှိကြသည်။ တောင်ယာစိုက်ပျိုးချိန် မဟုတ်သော်လည်း အဲန်လူမျိုးများမှာ အနားမနေနိုင်ပေ။ ခြင်းရက်လုပ်ခြင်း ကဲ့သို့ တစ်နိုင်တစ်ပိုင် အိမ်တွင်းမှုလုပ်ငန်းများ ပြုလုပ်ခြင်း၊ တောလိုက်ထွက်ခြင်းများနှင့် မိုးဦးမကျမီ နေအိမ်ခေါင်မိုး များလဲလှယ်ရန် သက်ကယ်များ ရက်လုပ်ခြင်းများကို အားသွန်ခွန်စိုက် ပြုလုပ်ကြပါသည်။

အဲန်လူမျိုးစုများမှာ တောင်ပေါ်ဒေသများတွင် အခြေတည်နေထိုင်ကြ၍ သောက်သုံးရေရရှိမှု ခက်ခဲ ရှားပါးရာ ရက်ရှည်လများ ရေချိုးခြင်းမရှိကြပေ။ ထို့ကြောင့် ရေမချိုးသည့်လူမျိုးများဟုလည်း ပြောစမှတ် ရှိ၏။ ထို့ပြင် သွားမည်းမှ လှသည်ဟုယူဆထားသည့် အဲန်လူမျိုးများမှာ သစ်ရွက်ခြောက်နှင့် ဆေးနီ သစ်ခေါက်ကိုအခွံခွာ၍ ကွမ်းယာ ကဲ့သို့ အမြဲတစေ ဝါးနေလေ့ရှိကြသကဲ့သို့ အမျိုးသမီးများမှာ သစ်ခေါက် တစ်မျိုးမှရရှိသည့် အခေါက်ကို အဆီရရှိရန် မှိုင်းတိုက်၍ သွားများကို လိမ်းကျံလေ့ရှိကြ၏။ သွားများမည်း စေရန် အစတွင် တစ်ရက်နှစ်ကြိမ်ခန့် သုတ်ပေးရပြီး သွားများ အမည်းရောင်သို့ ပြောင်းသွားသည့်အခါတွင် တစ်ပတ်လျှင် တစ်ကြိမ်သာ ဆက်သုတ်ပေးရပါသည်။ ယင်းသို့ပြုလုပ်ခြင်းမှာ သွားမည်းစေရန်ထက် ခံတွင်းနံ့ ကင်းစေရန်နှင့် သွားကိုက် သွားနာ မဖြစ်စေရန်သာ မကဘဲ သွားမည်းမသုတ်ထားပါက အဲန်လူမျိုးဟု မသတ်မှတ်ဘဲ ကဲ့ရဲ့ခြင်းစသည့် အယူအဆ ယုံကြည်ချက်များကြောင့်သာ သက်ဆိုင်ပေသည်။

 အဲန်တိုင်းရင်းသားလူမျိုးတို့သည်  ရိုးရာဓလေ့နှင့် ခိုင်မာသည့် ယုံကြည်ကိုးကွယ်မှုရှိပါသည်။ အဲန်လူမျိုး တို့သည် နတ်ကိုးကွယ်မှုကို ခိုင်ခိုင်မာမာယုံကြည် နေဆဲဖြစ်ပြီး မိရိုးဖလာရိုးရာနတ်များက ၎င်းတို့၏ လူမှုရေး၊ စီးပွားရေးနှင့် စားဝတ်နေရေး ကိစ္စတွေကို ဖြည့်ဆည်းပေး နေသည်ဟု ယုံကြည်ခဲ့ကြပါသည်။ အဲန်ရွာ စုစုပေါင်း ၄၀ ဝန်းကျင်သာရှိပြီး အဲန်လူဦးရေမှာ (၅၀၀၀) ဝန်းကျင်ရှိကြောင်းသိရပါသည်။ အဲန်လူမျိုးတို့သည်ဝေးလံခေါင်ဖျားသည့်နေရာများတွင်အများအားဖြင့်နေထိုင်ကြပါ သည်။ရွာတစ်ရွာတွင် ရွာသူကြီး ရှိပြီး ခွန်ဆောင်ဟုခေါ်သည့် နတ်ဆရာလည်းရှိပါသည်။ ၎င်းတို့သည် အလှည့်ကျစနစ်နှင့် တာဝန်ထမ်းဆောင် ကြပါ သည်။

တောစောင့်နတ်၊ တောင်စောင့်နတ်နှင့် ဘိုးဘေး ဘီဘင်နတ်များကို ကိုးကွယ်မှုပြုသည့် အဲန်လူမျိုးတို့၏ ရွာများတွင် နတ်ဆရာနှင့် ရွာသူကြီးမှာ သြဇာတိက္ကမ ကြီးမားသူများဖြစ်ပြီး ရွာတည်ရှိရာ တောင်ထွတ် မြေပြန့်နေရာတွင် ကျယ်ဝန်းသည့် နတ်ကွန်းကို တွေ့ရမည် ဖြစ်သည်။ နတ်ကွန်းဟုဆိုသော်လည်း နတ်ကွန်းအတွင်းနတ်ရုပ်တုမှာ သစ်သားတိုင်တစ်ခု ပုံသဏ္ဌာန်သာဖြစ် သည်။ 

အဲန်လူမျိုးတို့၏ ထူးခြားချက်မှာ ရပ်ရွာအလှူပွဲနှင့် နတ်ပွဲဆိုလျှင် နတ်ဆရာက ရွာသူကြီးထက် အာဏာပိုရှိပြီး နတ်ဆရာတွင် လက်ထောက်(၂)ယောက်၊ သို့မဟုတ် (၁) ယောက်ထားကြသည်။အကြောင်းမှာနတ်ဆရာကွယ်လွန်သွားခဲ့သော် လက်ထောက်တစ်ယောက်က နတ်ဆရာ၏နေရာကို ပြန်လည်၍ တာဝန်ထမ်းဆောင်ရန် ဖြစ်ပါသည်။ ရွာ၏ နတ်ဆရာအိမ်ထဲတွင် နတ်ဆရာများ ပူဇော်သည့် နတ်ကို ခေါ်ရန် ဗုံအကြီး (၁)လုံး၊ နတ်စင် (၂)ခု ထားရှိသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ၎င်းဗုံအား အကြောင်းမဲ့မတီးရပါ။ နတ်အလှူပွဲ ရှိမှသာလျှင် ရွာတွင်ရှိ သည့် အမျိုးသားသာ တီးရသည်။  အကြောင်းမဲ့ ဗုံတီးမိခဲ့သော် နတ်ကိုပြန်၍ တောင်းပန်ပူဇော်ပသရပါသည်။ နတ်ပူဇော်သည့်အချိန်တွင် ဗုံတီးခြင်းအားဖြင့် မိသားစုထဲတွင် လာဘ်ပွင့်ခြင်း၊ လူချစ်လူခင်ပေါများခြင်း ရွာထဲမကောင်းဆိုးဝါးများမဝင်ရောက် နိုင်ခြင်း၊ ရွာထဲတွင် ကလေးမွေးဖွားသည့်အခါ စောင့်ရှောက် ပေးခြင်း၊ ရန်သူများ ၎င်းတို့ကို မတွန်းလှန် နိုင်ခြင်း၊ ဆန်ရေ စပါးတစ်နှစ်စာ ဖူလုံခြင်းစသည်ဖြင့် ယုံကြည်ကြပါသည်။ အဲန်လူမျိုးတို့၏ ထင်ရှားသော ရိုးရာနတ်ပွဲများမှာ တန်ဆောင်မုန်း လဆန်း (၁၂)ရက်နေ့တွင် ကျင်းပသည့် နတ်ပွဲနှင့် ဆောင်းအကုန် နွေအကူးတွင် အမဲလိုက်ပြီး နတ်ပူဇော်သည့်ပွဲဖြစ်ပါသည်။၎င်းတို့၏ ယုံကြည်ကိုးကွယ် သည့် နတ်အမည်မှာ ဖီမွန်ဟုခေါ်ဆိုပြီး တောတောင် စောင့်နတ်၊ သေသွားသည့် ဘိုးဘေးနတ်များ ဖြစ်ကြပါသည်။ အဲန်လူမျိုး တို့၏  ၈၀ ရာခိုင်နှုန်းမှာ နတ်ကိုးကွယ်ကြပြီး ကျန်သည့် ၂၀ရာခိုင်နှုန်းတွင်ဗုဒ္ဓဘာသာဝင် အနည်းငယ် နှင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါသည်။