မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးနွယ်စု များစွာ ရှိသည့်အနက် ကချင်ပြည်နယ်တွင်နေထိုင်သော ရှမ်းမျိုးနွယ်စု များလည်း ရှိပါသည်။ ကချင်ပြည်နယ်တွင် ရှမ်းမျိုးနွယ်စု (၅)မျိုး ရှိပါသည်။ ၎င်းရှမ်းမျိုးနွယ်စုများတွင် ထင်ရှားသည့် ရိုးရာဓလေ့၊ စာပေ၊ အနုပညာ၊ အစားအစာ၊ ယဉ်ကျေးမှု၊ အက၊ တူရိယာ စသည်ဖြင့် များစွာရှိပါသည်။ ထိုသို့ထင်ရှားသည့် ရိုးရာယဉ်ကျေးမှုများမှတိုင်းလေရှမ်းမျိုးနွယ်စု၏ "အီးမူဖောင်" ခေါ် “ဝက်သားဖုတ်” ခေါ် “ဝက်ကောင် လုံးမီးကင်” ဟင်းလျာသည် အရ သာထူးကဲကောင်းမွန် ခြင်းကြောင့် ထင်ရှားကျော်ကြား၍ လူကြိုက်များသော ဟင်းလျာတစ်မျိုးဖြစ်ပါသည်။
တိုင်းလေရှမ်းတိုင်းရင်းသားတို့၏ ဝက်သားဖုတ် အစားအစာ ပြုလုပ်ရာတွင် ပါဝင် သော ပစ္စည်းများမှာ-
- ဆယ်ပိဿာအရွယ် ဝက်တစ်ကောင်
- ( ၁၀ )ပေခန့် ရှည်သော ဝါးတစ်ချောင်း
- ငှက်ပျောရွက်ခြောက် တစ်ပိဿာခန့်
- အချည်ရည် (နံနံမိတ်စေ့၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်းအနည်းငယ်)တို့ဖြစ်သည်။
ပထမဦးစွာ ဝက်တစ်ကောင်လုံး၏ အမွှေးကို ပြောင်သွားရန် သက်ကယ်ခြောက်ကို မီးရှို့၍ မြိုက်ပြီးဝါးခြမ်းပြားဖြင့် ဝက်၏အမွှေးများကို ခြစ်ပစ်ရပါသည်။ ဝက်မွှေးခြစ်ပြီးနောက် ဝက်၏ဗိုက်ကို ခွဲ၍ အတွင်းကလီစာ များကို ထုတ်ယူရပါသည်။
ထို့နောက် ဝက်၏ခေါင်းဘက်မှ စအိုဘက်သို့ ဝါးအချွန်ဖြင့်ထိုးပြီး မီးရဲရဲတွင် ကင်ရပါသည်။ မီးကင် သောအချိန်တွင် မီးအပူရှိန်ကြောင့် အခေါက် မကွဲသွား စေရန်နှင့် အဆီထွက်သွားစေရန် အခေါက်ကိုအချွန်ဖြင့် ထိုးဖောက်ပေး၍ အနံ့သင်းပျံ့စေရန်အတွက် ထိုဖောက် ထားသောနေရာများတွင် ဂျင်းအရည်များဖြင့် ဖျန်းပက် ပေးရပါသည်။
ဝက်ကို ကင်နေသည့်အခါ မီးမကျွမ်းသွားစေရန် ရေဖြင့်ဖျော်ထားသော ပြာဖြင့်လူးပေး ရပါသည်။ ဝက် အကောင်ကြီးပါက အတွင်းပိုင်းကျက်စေရန် မီးဖုတ်ထားသော ကျောက်ခဲပူပူကို ဝက်၏ဗိုက်ထဲတွင် ထည့်ပေးရပါသည်။ ဝက်အကောင်သေးပါက ကျောက်ခဲပူအား ထည့်စရာ မလိုပါ။ ဝက်အတွင်းပိုင်းကျက်စေရန်အတွက် ဝက်မီးကင် နေသည့် မီးဖိုကို အနည်းငယ်ဖယ်ပြီး ၎င်းနေရာကျင်းတူး၍ ဝက်တစ်ကောင်လုံးကိုထည့်ပြီး အပေါ်တွင် ကောက်ရိုးကို ရေဆွတ်၍ အုပ်ပေးရပါသည်။
ဝက်ကောင်လုံးကျက်သည်အထိ မီးအုံးပြီးနောက် ၎င်းဝက်ကောင်လုံးကို သန့်ရှင်းအောင် ရေဖြင့်သန့်စင် ဆေးကြော၍ အနေတော်ဖြစ်အောင် ဓါးဖြင့် လှီးဖြတ်၍ အချဉ်ရည်တို့စရာ များဖြင့် တွဲဖက်စားသုံးနိုင်ပါသည်။
ဝက်မီးဖုတ်ဖြင့် တွဲဖက်စားသုံးရန် အချည်ရည်ကို ဝက်အသည်း (အချို့ဒေသများတွင် ဝက်ဦးနှောက်ကို သုံးပါ သည်)အား တောက်တောက်စင်းပြီးနောက် နမ့်ဆူ (ခေါ်) အချည်ရည် (မုန်လာဥဖြူအရွက်ကိုခြောက်အောင် နေလှန်း ပြီးနောက် ကျိုချက်၍ရရှိလာသော အရည်တစ်မျိုး)နှင့် ဆား၊ နံနံမိတ်စေ့၊ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ဂျင်းအနည်းငယ်တို့ကို ရောစပ်ကာ ပြုလုပ်သည်။
တိုင်းလေရှမ်းတိုင်းရင်းသားတို့၏ ဝက်မီးဖုတ်ဟင်းလျာ သည် စီးပွားဖြစ်ရောင်းချခြင်းမျိုး မရှိကြသော်လည်း မင်္ဂလာပွဲ၊ အလှူပွဲစသော အရေးပါသည့် အထိမ်း အမှတ်ပွဲ များတွင် မပါမဖြစ်သော အထူးဟင်းလျာတစ်မျိုး ဖြစ်ပါ သည်။