ရခိုင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ရခိုင်ရိုးရာထမင်းထောင်၊ ပန်းထောင်(ခ)သင်ပုတ်ဆွမ်း (သို့မဟုတ်) ကောက်ဦးဆွမ်းတင်လှူပွဲ (သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ ကဆုန်လပြည့် နေ့များ)
Image

     ခေတ်အဆက်ဆက်ပူဇော်ပွဲပြုလုပ်ပုံ

မြတ်စွာဘုရားကိုယ်တော်တိုင်ရခိုင်ပြည်သို့ကြွရောက် တော်မူသည်မှစပြီး ဗုဒ္ဓသာသနာ ရခိုင်ပြည်၌ ထွန်းကားခဲ့ ကြောင်း ရခိုင်ရှေးဟောင်းသမိုင်းများတွင် ဖော်ပြထားသည်။စန္ဒသူရိယမင်းမှ သူရိယကေတုမင်းတိုင်အောင် ဓညဝတီခေတ် တစ်လျှောက်လုံး ၌လည်း မဟာမြတ်မုနိဘုရားတွင် ပူဇော်ပွဲအမျိုးမျိုး ပြုလုပ်ခဲ့ကြသည်။ ထိုပူဇော်ပွဲများအနက် ထမင်းထောင်၊ ပန်းထောင်နှင့် ဆီမီးထောင်ပူဇော်ပွဲများမှာလည်း တခမ်းတနားပါဝင်ခဲ့ကြောင်း“သဗ္ဗဒါနပကာရန” ကျမ်းတွင်ဖော်ပြထားသည်။ ထို့အတူ  ဝေသာလီခေတ်ကို တည်ထောင်သော မဟာတိုင်းစန္ဒရားမင်းကြီးထုလုပ်စိုက်ထူခဲ့သည့် မဟာမြတ်မုနိဘုရားရှိ နတ်ရုပ်များအနက်ဒုတိယအဆင့်အရှေ့မြောက်ဘက်ရှိ နတ်ရုပ်၏ခြေရင်းတွင်လည်း သက္ကဋဘာသာဖြင့် မဟာသူရိယတိုင်းကို အစိုးရတော်မူသော မဟာတိုင်းစန္ဒရားမင်းသည် အလုံးစုံသော ကုသိုလ် ကောင်းမှု နှင့်ပူဇော်ပွဲများကို ပြုလုပ်ခဲ့သည်ဟု ရေးထိုးထားသည်။ ထို့ကြောင့် ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်ပူဇော်ပွဲကို ဓညဝတီခေတ်ကပင် စတင်ကျင်းပခဲ့ကြောင်းသိမှတ်ရပါသည်။ ထိုနည်းတူစွာ လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်တို့တွင်လည်း ဤပူဇော်ပွဲကို ပြုလုပ်ခဲ့ကြောင်း ရှေးဟောင်းရခိုင်မှတ်တမ်းများအရသိရှိရပါသည်။အထူးသဖြင့် မြောက်ဦးခေတ်၌ ထမင်းထောင်၊ ပန်းထောင် ၊ ဆီမီးထောင် ပူဇော်ပွဲကိုဝါကျွတ်လ၌ ကျင်းပခဲ့ပုံကို ရခိုင်စာဆိုတော် ဥက္ကာပျံက ဝါကျွတ်လဖွဲ့၌ဖော်ပြထားသည်မှာ−  'သူတော်မိန့်မှတ်၊ လဝါကျွတ်သည် ဆန်းလတ်ခါ၊ လူ့ရွာပွဲ သဘင်၊ ဆီမီးတန်ဆောင် ၊ပန်းထောင်ထီးကြီးဖြန့်၍ သင်ပုတ် တင်၊ ဒါနပေးစွန့်ကြဲလှူ ၊ ကောင်းမှုလက်ဆောင်၊ ထမင်းထောင်ကို ဝန်း၍ အံဘွယ်မှု တေးသံချို ၊ လက်ခုတ် ဖြောက် ဖြောက်ခြင်းကောက်၊ သံပြိုင်ဆို၍'ဟု ဆိုထားပါသည်။ ယနေ့ ထိတိုင် ရခိုင်လူမျိုးတို့သည် ရိုးရာ ဓလေ့ယဉ်ကျေးမှု တစ်ခု အနေဖြင့်တခမ်းတနားကျင်းပပြုလုပ်ကြဆဲပင်ဖြစ်သည်။ 

ထမင်းထောင် ၊ ပန်းထောင်(ခ) သင်ပုတ်ဆွမ်းပြုလုပ်ပုံ အဆင့်ဆင့်

ရှေးရိုးရာ အစဉ်အလာမပျက် သင်ပုတ်ဆွမ်းပြု လုပ်ပုံမှာ ရခိုင်တောင်သူလယ်သမားတို့သည် ဝါကျွတ်လတွင် ကောက်လတ် စပါးရိတ်သိမ်းကြသည်။ထိုသို့ အလျင်ဆုံးထွက်သော စပါးကိုထောင်း ၍ ဆန်ကိုဆွမ်းအဖြစ် ချက်ပြုတ်ကာ ကျောင်းကန်ဘုရားသို့ တင် လှူသည့် ဓလေ့တစ်ခုဖြစ်သည်။ ထို့ကြောင့် ရှေးအခါ ဤပူဇော်ပွဲ အခမ်း အနားကို သီတင်းကျွတ်လတွင်သာ ကျင်းပပြုလုပ်ခဲ့သည်။ သို့သော်လည်း ယခုအခါ သီတင်းကျွတ်လပြည့်အပြင် အခြားဗုဒ္ဓ၏ နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့်နှင့်  ကဆုန်လပြည့် နေ့များတွင်လည်းကျင်းပပြုလုပ်လာကြပါသည်။ပူဇော်ပွဲကို လပြည့် နေ့ ပြုလုပ်မည်ဆိုလျင် မပြုလုပ်မီ တစ်ရက်အကြို အဖိတ်နေ့က မိမိ တို့ကျေးရွာရပ်ကွက်အလိုက်အမျိုးသမီးကြီးတို့သည် ထမင်းထောင် ပြုလုပ်ရန် အတွက် တအိမ်တက်ဆင်း ပေါ်ဦးပေါ်စ ကောက်သစ်ဆန် များကိုကောက်ခံကြပြီး ရာသီပေါ်သစ်သီး ဝလံများကိုလည်း အလှူ ခံကြပါသည်။ ထို့အတူ အပျိုလူပျိုတို့မှာလည်းတပျော်တပါး ကြာပန်း မျိုးစုံခူးရန် သွားကြပါသည်။

ဝါကျွတ်လတွင်ပွင့်သော ကြာဖြူ ၊ ကြာနီ၊ ကြာညို၊ ကြာခေါင်း လောင်းပန်းတို့မှာ အခြားသော ပန်းများထက် မြင့်မြတ်သည်ဟု ခံယူ ထားကြသဖြင့် ကြာပန်းမျိုးစုံကို ရနိုင်သရွေ့ခူးရပါသည်။ ထမင်းထောင်ပြုလုပ်ရန်အတွက် သစ်ရွက်များထဲတွင် အမြင့်မြတ်ဆုံးဟု ယုံကြည်ထားသော ဗောဓိရွက်နှင့် ညောင်ရွက်များ ကို ဖက်ကတော့ ပြုလုပ်ရန် ဆွတ်ခူးကြသည်။ ထို့အပြင်ထို    လပြည့်နေ့အာရုံမတက်မီဆွမ်းအချိန်မီချက်ပြုတ်နိုင်ရန်အတွက်လည်းအမျိုးသားများကညဦးပိုင်းတွင်ဆွမ်းချက်ရန် သတ်မှတ်ထားသောနေရာသို့ အလှူခံ ရရှိထားသောဆန်များကို ပြောင်းရွေ့ပေးပြီးအမျိုးသမီးများက ထိုဆန်များကိုသန့်စင်ပေးကြသည်။ထိုသို့ဆောင်ရွက်နေစဉ်တူရိယာ ဝိုင်းကလည်း တေးသီချင်းများဖြင့် ဖြေဖျော်လျက်ရှိနေပါသည်။ ထိုလပြည့်နေ့ အရုဏ် တက်ချိန် ရောက်သောအခါတွင် ဆွမ်းအဖြစ် အချိန်မီချက်ပြုတ်ပြီး ဖြစ်သောထမင်းကို လင်ပန်း (ဗျတ်)များတွင် သွန်းလောင်း စုပုံထားကာ အသင့်ပြုလုပ်ပြီးဖြစ်သော ဗောဓိ ညောင် ရွက်ကတော့ များတွင်ထည့်၍ ပြောင်းပြန်လှန်ထားသည်။ ထိုဖက် ကတော့များကိုခွာလိုက်လျှင်ကတော့ပုံထမင်းထုချွန် (ထမင်းထောင်) များကိုရရှိပြီး   ထိုကတော့ပုံထမင်းထောင်များကိုဆေးရောင်စုံဆိုးပြီးလင်ပန်း(ဗျတ်)များတွင်ထောင်၍အရေအတွက်တစ်ထောင်ပြည့်သည်အထိထည့်ရပါသည်။ အရေ အတွက် တစ်ထောင်ရှိသော ကြာပန်းမျိုးစုံတို့ကိုလည်း သန့်စင်စွာဆေးကြောပြီး လင်ပန်း (ဗျတ်) များ၌ အသင့်ထည့်ထား ရပါသည်။

အဆိုပါပူဇော်ပွဲကိုလပြည့်ညအာရုဏ်တက်အချိန်တွင် ကျင်းပပြုလုပ်လေ့ရှိပါသည်။ ဘုရားသို့ပူဇော်ရန်သွားရာ ထမင်းထောင် များကိုဆေးရောင်စုံဆိုးပြီးလင်ပန်း(ဗျတ်)များတွင်ထောင်၍အရေအတွက်တစ်ထောင်ပြည့်သည်အထိထည့်ရပါသည်။ အရေ အတွက်တစ်ထောင်ရှိသောကြာပန်မျိုးစုံတို့ကိုလည်းသန့်စင်စွာဆေးကြောပြီးလင်ပန်း(ဗျတ်)များ၌အသင့်ထည့်ထားရပါသည်။ 
        အဆိုပါပူဇော်ပွဲကို လပြည့်ညအာရုဏ်တက်အချိန်တွင် ကျင်းပပြုလုပ်လေ့ရှိပါသည်။ ဘုရားသို့ပူဇော်ရန်သွားရာတွင် လည်း ရှေ့ဆုံးမှ ကြေးစည်ကို လူငယ်နှစ်ဦးထမ်း၍ တီးသွားရပါသည်။ ၎င်းနောက်မှ ပန်းကျား(ပန်းတျား)ခေါ် စည်ရှည်ကိုတီး ၍ စည်တီးသား (၂) ယောက်မှလိုက်ပါပြီးလျင် အဝတ်ဖြူဝတ်၍ ဥပုသ်သီလယူပြီးသော လူကြီးများကလိုက် ရပါသည်။ ရွှေ၊ ငွေ၊ ကြေးတခုခုဖြင့် ကြာမောက်၊ ကြာလံပုံ ပြုလုပ်ထားသော ပူဇော်ကလပ်၌ ပေါက်ပေါက်ပန်းတို့ကို ထည့်၍ရပ်ရွာတွင် ရုပ် ရည်ချောမောလှသည့်မိန်းမပျိုတစ်ဦးခေါင်းပေါ်တင်၍လိုက်ရပါသည်။ရခိုင်လူမျိုးတို့သည် ဘုရားကိုပူဇော်ရာ၌ ပေါက်ပေါက် ပန်းကို သုံးလေ့ရှိပါသည်။ ပြီးလျင် အမျိုးသမီးကြီးငယ်တို့သည် ထမင်း၊ ပန်း၊ ဆီမီးများ အသင့်ထည့်ထားသော လင်ပန်း တို့ကို ဦးခေါင်းပေါ်ရွတ်၍ ပူဇော်ကလပ်နောက်မှ အစီအစဉ်အတိုင်း လိုက်ပြီးနောက်ဆုံးမှတီးဝိုင်းအဖွဲ့က ရခိုင်ရိုးရာအက အလှများဖြစ် သော လူရုပ်ကြီးအက၊ ကိန္နရာဖိုမအက၊ တိုးအက၊ လင်ကောင်ပိုး အက စသည့်တို့ဖြင့် ကခုန်၍ လိုက်ပါရသည်။ ပူဇော်ပွဲပြု လုပ်ရန် သတ်မှတ်ထားသောဘုရားသို့ ရောက်သောအခါ ပါလာသော ထမင်း ထောင်များကိုသင်ပုတ်ပလ္လင်၌တင်၍ဘုရားတွင် ဆက်ကပ်လှူဒါန်း ခြင်း၊ ပန်းများကိုဘုရားတွင် ကပ်လှူပူဇော်ခြင်းနှင့် ဆီမီးများထွန်းညှိပူဇော်ခြင်းတို့ကိုလည်း ပြုလုပ်ကြသည်။ထိုသို့လှူဒါန်းရာ၌ ထမင်း စေတီငယ်တစ်ထောင်၊ ပန်းတစ်ထောင် နှင့် ဆီမီးတစ်ထောင် တို့ဖြင့် ဆက်ကပ်ပူဇော်ခြင်းဖြစ်သောကြောင့် ထမင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်ကပ်လှူပူဇော်ပွဲဟု ခေါ်ခြင်းဖြစ်ပါသည်။ သင်ပုတ်ပလ္လင် တွင်တင်၍ ကပ်လှူပူဇော် ခြင်းကြောင့် သင်ပုတ်ဆွမ်းဟုခေါ်ဝေါ် ကြသော်လည်း ယခုအခါ တွင်သင်ဗုန်းဆွမ်းဟု ခေါ်ဝေါ်သုံးစွဲလာလျက် ရှိကြပါသည်။ 

မှတ်ချက်။ ရှေးအခါက ဘုရားပုထိုးများတွင် သင်ပုတ်ဆွမ်းတင် ရန် သင်ပုတ်ပလ္လင်များရှိကြပါသည်။ အချို့မှာ ပျက်စီးသွားပြီးဖြစ် သော်လည်း မြို့ဟောင်း(မြောက်ဦး)မြို့ရှိ သျှစ်သောင်းဘုရား၊  ဝသဲ ဘုရားနှင့် မင်းခမောင်းဘုရားများတွင် ယနေ့တိုင် တွေ့မြင်နေရဆဲ ဖြစ်သည်။ ဆီးမီးခွက် တစ်ထောင်ပူဇော်ရန် အတွက် ပြုလုပ်ထား ခဲ့သော ကျောက်ခွက်ငယ် များကိုလည်း ယနေ့တိုင်သျှစ်သောင်း ဘုရား၏ နံရံပတ်လည်တွင် တွေ့ရပါသေးသည်။

နေ့လည်ပိုင်းတွင် မာလာပြန်နာယူခြင်း

လပြည့်နေ့ နေ့လည်ပိုင်းတွင် ဘုန်းကြီးကျောင်းနှင့် ဇရပ် စသည်တို့တွင် မိမိတို့ရပ်ရွာအလိုက် ကြာပန်း တစ်ထောင်၊ အောင်မဲ ညိုပန်းတစ်ထောင်၊ လိစ္စဝီပန်း တစ်ထောင်စသည်ဖြင့် ပူဇော်၍ ဝေဿန္တရာမာလာပြန်ကို ဖတ်ကြားနာ ယူကြပါသည်။ များသော အားဖြင့် ထမင်းထောင်၊ ပန်းထောင်ပူဇော်ပွဲကို ကောက်ဦး ကောက် သစ်များ ပေါ်ချိန်၊ ကြာမျိုးစုံဖူး ပွင့်ချိန် ဖြစ်သည့် သီတင်းကျွတ်လ တွင်သာကျင်းပပြုလုပ်ခြင်းဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့ တွင် ကောက်သစ်ထမင်းနှင့် ကြာပန်းများကို ပူဇော်၍ မာလာပြန် (မာလာ လေးပြန်)ကို နာယူခြင်းဖြင့် နောင်ပွင့်တော်မူမည့် အရိမေတ္တေယျ ဘုရားရှင်ကို ဖူးမျှော်ခွင့်ရမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဗုဒ္ဓ သာသနာ တော်ထွန်းကား ခဲ့သောဒေသဖြစ်သည့်အလျောက် ယနေ့ တိုင် ရခိုင်လူမျိုးတို့ သည် ဘာသာတရားကို  သက်ဝင်ယုံကြည်ကာ လေးစား တန်ဖိုးထားခြင်းဖြင့်လည်းကောင်း၊မိမိတို့၏ ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးတမ်းတို့ကို လက်ဆင့်ကမ်းတန်ဖိုးထား ထိန်းသိမ်းစေလိုခြင်းဖြင့်လည်းကောင်း၊ ထိုပူဇော်ပွဲကို နှစ်စဉ် သီတင် းကျွတ်လ ပြည့်နေ့တွင် ကျင်းပပြုလုပ်လေ့ရှိပါ သည်။

နိဂုံး

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ထမင်းထောင်၊ ပန်းထောင် ပူဇော်ပွဲသည် ယနေ့ထိတိုင် ရခိုင်လူမျိုးများ လက်ဆင့် ကမ်း ထိန်းသိမ်းလာခဲ့သော ရခိုင်ရိုးရာဓလေ့ထုံးစံ အရ နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်လာခဲ့သော ပွဲတော်လည်း ဖြစ်ပါသည်။ ဤပွဲတော်ကို ရခိုင်ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများ တိမ်ကောပပျောက်ခြင်းမရှိစေရန်၊ရခိုင်လူမျိုးတို့၏စည်းလုံးညီညွတ်မှုရှိပုံနှင့် ဘာသာတရားကို မြတ်နိုးတန်ဖိုးထားပုံ တို့ကို သိရှိစေရန်၊ တိုင်းရင်းသားများအချင်းချင်း ၎င်းတို့၏ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်များကို အပြန်အလှန် လေးစားတန်ဖိုး ထားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ် ပါသည်။