ရခိုင်ပြည်နယ်တွင်ရထားပွဲသဘင်ကို တတိယဓညဝတီခေတ် စန္ဒာသူရိယမင်းကြီးလက်ထက် ဘီစီ ၆ ရာစုမှစတင်ခဲ့ပါသည်။
ရထားဆွဲပွဲကို တတိယဓညဝတီခေတ်(ဘီစီ ၅၈၀ မှ အေဒီ ၃၂၆ ထိ) လည်းကောင်း၊ ဝေသာလီကျောက်လှေကားခေတ် (အေဒီ ၃၂၇ မှ ၈၁၈ ထိ)လည်းကောင်း၊ လေးမြို့ခေတ်(အေဒီ ၈၁၈ မှ ၁၄၃၀ ထိ)လည်းကောင်း၊ မြောက်ဦးခေတ် (အေဒီ ၁၄၃၀ မှ ၁၇၈၄ ထိ)လည်းကောင်း ခေတ်အဆက်ဆက်ကျင်းပလာခဲ့ကြပါသည်။
ရထားဆွဲပွဲသည်သာမန်ပျော်ပွဲရွှင်ပွဲတစ်ရပ်အနေဖြင့် ကျင်းပ ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ နေ၊ လ၊ လမ်းကြောင်း(ကြန္တီ)၊ နက္ခတ်(၂၇) လုံး၊ အတွင်းတာရာကြီး(၉)လုံး၊ အပြင်တာရာ ကြီး (၂၈)လုံး၊ အလွတ် တာရာ(၉၄)လုံးတို့နှင့်ဆက်စပ်နေပါသည်။
ရှေးရခိုင်နက္ခတ္တဗေဒပညာရှင်တို့က ရခိုင်ဇာတာနှင့်နေ၊ လ၊ နက္ခတ်တာရာတို့၏လမ်းကြောင်း(မဂ္ဂ) တို့ကိုအချိန်ညှိပြီး ရထားဆွဲ ပွဲကို ကျင်းပခဲ့ကြကြောင်း စာပေ ကျမ်းဂန်တို့တွင် ဖေါ်ပြခဲ့ပါသည်။
ရှေးခေတ်ရခိုင်ပြည်နယ်၊ ရခိုင်သား၊ ရခိုင်သူတို့သည် ရထား ဆွဲပွဲကျင်းပရခြင်းကြောင့် ဥတုရာသီမျှတခြင်း၊ လယ်ယာသီးနှံ အထွက်တိုးပေါများခြင်း၊ တိုင်းပြည်နိုင်ငံ အေးချမ်းသာယာခြင်းတို့ ဖြစ်စေသည်ဟုယုံကြည်အားထားကာ ရထားဆွဲပွဲကို အလေးထား ပြီးပါဝင်ဆင်နွှဲကြသည်။မြောက်ဦးခေတ်(အေဒီ ၁၄၃၀ မှ ၁၇၈၄)တွင်ဘုရင်မင်းရာဇာကြီး(အေဒီ ၁၅၉၃ မှ ၁၆၁၂) ၏ သားတော် အိမ်ရှေ့မင်းသား မင်းခမောင်း ဟံသာဝတီမှာနေခဲ့စဉ်က မိမိတိုင်းပြည်သို့ ပြန်လာ စေချင်သည့် အထိန်းတော်စာဆိုရှင်ဥက္ကာပျံက (အေဒီ ၁၅၉၅) ခုနှစ် တွင် ရေးစပ်ခဲ့သည့် ၁၂ လရာသီရတုတွင်…
“ရာသီကုမ်လွဲ၊ တပို့တွဲသည်၊
လွမ်းဖွယ်အင် မြူးရွှင်မှုအသွယ်သွယ်၊
ရထားသဘင်၊ နှစ်တိုင်းယင်ကေ၊
သောင်းခွင်ငါရို့ ရပ်ပြည်ထက်” ဟုဖွဲ့ဆိုခဲ့ပေသည်။
သံတွဲမြို့၊ အောင်မြေသာစည်ဆရာတော် ဒွါရဝတီအရှင် ကုသလ(ငွေသဇင်) ရေးစပ်သည့် တပိုတွဲလဘွဲ့တွင်…
“ငွေနှင်းရည်ကြဲချကာ၊ ကြယ်မာဃထိန်ထိန်သာ၊
ထွန်းပသော်တာ၊ ထူးလှတဲ့ချိန်တာရာ၊
စိန်ပမာမခြား၊ ပေါက်လဲရယ်ငုံစီစီနဲ့ ကုမ်ရာသီတပို့တွဲလမှာ၊ နွှဲကြရထား…”ဟုဖွဲ့နွှဲ့ထားပါသည်။
ရခိုင်ဆယ့်နှစ်ရာသီစက်ဝန်းတွင်တပို့တွဲလသည် ဧကဒသမမြောက်လဖြစ်သည်။ ရခိုင်ရိုးရာရထားပွဲသည် ရခိုင်ဘုရင်တို့အုပ်စိုးစဉ်ကာလကပင်ရာဇဌာနေ မင်းနေပြည်မှအစ ကျေးရွာဇနပုဒ်ထိစဉ် လာမပျက် နှစ်စဉ်ကျင်းပသော ရာသီပွဲတော်ဖြစ်သည်။ ညဦးမှသည်ညသန်းခေါင်ယံအထိကျင်းပခဲ့ပုံကိုရခိုင်စာဆိုဥက္ကာပျံကသူ၏၁၂လရာသီဖွဲ့ရတုတွင်မှတ်တမ်းတင်ထားခဲ့သည်။“ကုံရာသီလွဲ၊ လွမ်းဖွယ် ပင်၊ ပျော်ရွှင်ရာလူ့ရပ်မြီ ရထားသဘင်၊ နှစ်စဉ်ငင်ကေ သောင်းခွင် ဤလူ့ပြည်ထက်၊ ရွှင်ပျော်ဖွယ်လူတို့၌၊ ရာဇဌာနီ၊ မင်းနေပြည်ဝယ်၊ ထိုထိုဇနပုဒ်၌၊ ကျူးသံရိုက် သိန့်သိန့်ဆူ၊ သမုဒ္ဒရာ ယမုံနာသည်၊ သီတာချောင်းခြားယူခ၊ များလူရှင်ပျော်သောင်းသဲ၊ ပိန်းပေါင်းခရာ၊ စည်ဒုပ္ပာသည် ပတ်သာမြို့လုံးခြုံမျှ...”
ရထားဆွဲငင်မှုသည်နှစ်ဖက်အားပြိုင်ဆွဲငင်ရခြင်းဖြစ်သည်။ ရခိုင်သမိုင်းအရ မင်းပါဘုရင်လက်ထက် ဦးမြ၏စျာပန၊ အဂ္ဂစိန္တေ ယျ ဆရာတော်၏ စျာပနကျင်းပရေးအငြင်းပွားမှုတို့ကို ရထားဆွဲငင် ခြင်းဖြင့်ဖြေရှင်းခဲ့သည်။ ရထားပွဲသည် ရခိုင်တို့၏ မူရင်းကိုယ်ပိုင် ပွဲဖြစ်သည်။ ဘာသာရေးနှင့်သက်ဆိုင်မှု မရှိချေ။ နက္ခဗေဒင်တို့ဖြင့် ဆက်စပ်နေသည်။ ရှေးခေတ်ရခိုင် တို့သည် ရထားပွဲဆင်နွှဲမှုကြောင့် ရာသီဥတုမျှတမှန်ကန်ကြောင်း၊ လယ်ယာသီးနှံအထွက်တိုးကြောင်း၊ တိုင်းပြည်အေးချမ်းသာယာ ကြောင်းယုံကြည်ကြသည်။
ရခိုင်ပညာရှိသုခမိန်အမတ်ကြီး မဟာပညာကျော်က သူ၏ တစ်ဆယ့်နှစ်လရာသီမော်ကွန်း တပိုတွဲလတွင် “တပိုတွဲဝယ်၊ ပေါက်လဲဆူးပန်း၊ ညဉ့်သန်းချိန်ကျ၊ ကြယ်မာဃနှင့်၊ တာရချန်ဝင်း၊ နေမင်းဝင်းရီ၊ ရောဟဏီတည့်၊ နဲရီဒီဝ၊ ဆဒွေးချမှ၊ ဇရတြိန်း၊ နေ့ကိန်းနာရီ၊ ကုမ်ရာသီစု၊ လှူကောင်းမှုဖြင့် ၊ ယာဂုမီးပုံး၊ တိုင်လုံး လျှံဖြိုး၊ ကြာသွပ်အိုးနှင့်၊ ကြာမျိုးစိုက်ထ၊ ပဉ္စဖဝါး၊..” စသည်ဖြင့် လည်းကောင်း ၊ ရခိုင်စာဆိုရှင်တစ်ဦးရေးဖွဲ့သော သာချင်းတစ်ပုဒ် တွင်လည်း “ပြာသိုလပွဲ၊ တပိုတွဲမှာ၊ မီးပွဲမယေသဘင်၊ ရထားငင် ကေ၊ ပျော်ရွှင်သောင်းသဲ၊ ရွာရှိပြင်မှာ” ဟုလည်းကောင်း ဗြိတိသျှ ခေတ် စာဆို တန်းခိုးဆရာထွန်းကလည်း “ရှည်လျား ကာလ၊ ကျွန်း ရမ္မကို၊ တတရူရူ၊ နှင်းအူအူနှင့်၊ မင်းကူ မညင်း၊ မှန်ကင်းတွဲလွဲ၊ တပို့တွဲလတွင် လွန်ဆွဲမမီ၊ ရာသီသာမော၊ ကြိုးကြက်တောနှင့်၊ ဥသြသံညှင်း၊ အလွန်ပျင်းခဲ့” ဟူ၍ လည်းကောင်း ၊ ရခိုင်ပြည်နယ်၊ ရမ်းဗြဲဇမ်းခြင်း ကဗျာတစ်ပုဒ် တွင်လည်း “ပုချေရာလေ မောင်လိုင် တပို့တွဲ၊ပျော်ပွဲကိုပိုက်၊ချိုက်တေမောင်လူနက်ပေါင်းကေ၊ကုန်ရောင်း လားခါ၊ တစ်လမကြာ၊ လခွဲသာကြာ ပါလီဖို့၊ နှစ်လမကြာ၊ လခွဲသာ ကြာပါလီဖို့၊ ကျွန်းကြီးပြင် ငင်ရထား ကို ၊ ဆွဲဖို့လားခါ၊ မယ်ကား ပဇောင်၊ မောင်မယ်ကေဆွဲရဖို့ရောင်” စသည်ဖြင့် လည်းကောင်း ဖွဲ့ဆိုခဲ့ကြပါသည်။
ရထားပြုလုပ်ပုံ
ရထားဟုခေါ်ဝေါ်ကြသည့်အတိုင်း ရထားတွင်စက်သီး (ဘီး) ၊ ဝင်ရိုး၊ အညွန့်၊ ကြိုး စသည်တို့ကို ပြုလုပ်တပ်ဆင်ကြရ သည်။ စက်သီး(ဘီး)ကို အချင်း (၂)ပေ၊ ထု(၁၄)လက်မ ပြုလုပ်တပ်ဆင် ကြသည်။ ရထားစက်သီးကို သရက်သားဖြင့်ပြုလုပ် လေ့ရှိရာ ကောင်းမွန်သော ရထားစက်သီးများ ရရှိနိုင်ရန်အတွက် ပင်စည် လုံးပတ်(၈)ပေခန့်ရှိသောသရက်ပင်ကြီးကိုခုတ်လှဲပြီးဖြတ်တောက် ပြုပြင်ကြရသည်။ရထားစက်သီးကို သုံးနှစ်ထိသာ အသုံးပြုကြသည်။ ရထားဝင်ရိုးကိုမူ ကျစ်လစ်မှုရှိသည့် အတွက် အသုံးပြု၍ ရသမျှ ဆက်လက်အသုံးပြုကြသည်။ ရထားဘောင်သည် အလွန် ခိုင်မာရန်လိုအပ်သည်။ ရထားစက် သီးလှုပ်ရှားမှုကို ထိန်းထားနိုင်ရန် ရထားဝင်ရိုးကို အပေါက်ဖေါက်ပြီး (၆×၂)လက်မ သစ်သာတန်းကြီးများဖြင့်မူလီစွဲကာတပ်ဆင်ရသည်။ ရထားဘောင်မှာ(၁၀)ပေ× (၈)ပေ ဖြစ်သည်၊ ရထားအညွှန့်ကို ဝါးညွန့်များဖြင့် အမြင့်(၁၀) ပေ ထိ စိုက်ထူလေ့ရှိကြသည်။ ရထားအညွှန့်ကို ဝါးညွှန့်အရေ အတွက် မည်မျှစိုက်ထူရမည်ကို သတ်မှတ်ထားခြင်း မရှိပါ။
ကြိုတင်ပြင်ဆင်ရမည့်အချက်များ
ရထားပွဲမကျင်းပမီ ရှေးဦးစွာ မြို့စောင့်၊ ရွာစောင့်၊ ချောင်း စောင့်နတ်တို့ကို ပွဲတော်တွင်အနှောက်အယှက် အထိအခိုက်တစ်စုံ တစ်ရာမဖြစ်အောင် ကူညီပေးပါရန် ကန်တော့ပွဲဖြင့် ပူဇော်ပသကြ ရသည်။
ရထားမဆွဲမီ ရထားကို ငှက်ပျောတုံးများကို နင်းခိုင်းပြီး “လူကိုမနင်းနှင့် ငှက်ပျောတုံးကိုနင်း”ဟုဆိုကာ အစာကျွေးရသည် ပြီးလျှင်ရထားကို စတင်ဆွဲငင်မည့် သတ်မှတ်ချက်နေရာသို့ ရွှေ့ထား ရသည်။
ရထားပွဲစတင်ခြင်း
ရထားမဆွဲမီ ရှေးဦးစွာ လူကြီးများက သြဝါဒစကားမြွတ် ကြားကာ ရထားပွဲသမိုင်းကြောင်း၊ ရထားပွဲစည်းကမ်းများကို ရှင်းပြ ရသည်။အားလုံးအဆင်သင့်ဖြစ်ပြီဆိုလျှင်ဒိုင်လူကြီးက မီးတုတ်ဖြင့် အချက်ပြသောအခါ ရထားကိုနှစ်ဖက်အပြိုင် စတင် ဆွဲငင်ရသည်။ သတ်မှတ်ထားသည့်နေရာသို့ရောက်အောင်ဆွဲနိုင်သူကိုအနိုင်ရသည် ဟု သတ်မှတ်သည်။ တစ်ကြိမ်ဆွဲပြီးတိုင်း ရှုံးသည် ဖြစ်စေ၊ နိုင်သည် ဖြစ်စေ သံချပ်ထိုးကြသည်။
ရထားပွဲပြီးဆုံးခြင်း