ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်မျိုးနွယ်စုဝင်သက်တိုင်းရင်းသားမျိုးနွယ်စုတို့၏ မင်္ဂလာဆောင်ဓလေ့နှင့် မွေးဓလေ့အကြောင်းအရင်းများအား အောက်တွင် ရေး သား ဖော်ပြအပ်ပါသည်။
သက်လူမျိုး မင်္ဂလာဆောင်
မိန်းကလေးအပျိုဖြစ်သည်နှင့် ချက်ချင်းမင်္ဂလာဆောင်လေ့မရှိပေ။ အသက်(၁၇)နှစ်မှ (၂၀)နှစ်အတွင်း အိမ်ထောင်ချပေးလေ့ရှိသည်။ ရခိုင်ဓလေ့၌ မိန်းမငယ်တစ်ဦးသူများအိမ်၌ အပျိုစဖြစ်ကကင်ပွန်းပေးရသည်။ သက်တို့၌ ဤဓလေ့မရှိချေ။ ညီအစ်ကို သားသမီးချင်း၊ ညီအစ်မသားသမီးချင်း လုံးဝလက်မဆက်ရ။ မောင်နှမ သားသမီးချင်း (သမီးမျောက်သား)သာ လက်ဆက်ခွင့်ရှိသည်။
သက်ဓလေ့၌မိန်းကလေးအပျိုဖြစ်လျှင်မိဘအိမ်၌မအိပ်ရတော့ဘဲအပျိုခေါင်း၏ဂေဟာ၌စုအိပ်လေ့ရှိသည်။ယောကျ်ားကလေးများခေါင်းပေါင်းတင်ပြီးလျှင်လည်းမိဘအိမ်၌မအိပ်ရတော့ဘဲလူပျိုခေါင်းစီစဉ်ပေးသောအိမ်တစ်အိမ်၌ စုအိပ်ကြသည်။ မိဘအိမ်သည် အိမ်ထောင်ရှင်များအတွက်သာဖြစ်သည်။သားအသီးသီးအိမ်ထောင်ကျ၍ ကျုံဟုန်းအခန်းများ မအားလပ်တော့ လျှင် မိဘက ဒဟဏ်ဆာ (အိမ်ရှေ့ကပြင်)သို့ဆင်းအိပ်ရသည်။ တစ်ခါတစ်ရံ အိမ်အရှေ့ဘက်၌ နေရာလပ်ကျန်နေသေးလျှင် အိမ်အသစ်ဆောက်ပေးလေ့ရှိသည်။အိမ်ဘေး၌အဖအိမ်နှင့်အပြိုင်ဆောက်ခွင့်မရှိချေ။ အဖနှင့်ပြိုင်၍ မနေကောင်းဟု ဆို သည်။
အိမ်ထောင်ချရန် သတို့သားဘက်မှ သတို့သမီး ဘက်သို့လာဆို(ပြော)ရသည်။ သတို့သမီးဘက်ကစ၍ ဆိုသည်ဟုအစဉ် အလာမရှိချေ။ မင်္ဂလာဆောင်သောအခါ သတို့သားအိမ်၌ ဆောင်ရပြီး သတို့သားအိမ်၌ပင် ရာသက်ပန်နေရသည်။သတို့သမီးအိမ်၌ သတို့သား နေခွင့် မရှိချေ။ သမက်တက်မဟုတ်။ ချွေးမ(ခြုပ်မ) တက်ဖြစ် သည်။ သမီးအကြီးကို ကျော်၍ သမီးအငယ်ကို မင်္ဂလာ ဆောင်လေ့ မရှိသော်လည်း သမီးအကြီးကို ဆိုပြောမည့် သူမရှိပါက အငယ်ကို ပေးစားလေ့ရှိသည်။ ထိုအကြောင်း အရာကိုတောင်ကျော်သည်ဟုဆိုသည်။ ၎င်းသည် အပြစ် ကားမဟုတ်ချေ။ နှစ်ဦးသဘောတူ ချစ်ကြိုက်နေကြ သော် လည်း မိဘများသဘောမတူလျှင် ယူခွင့်မရှိချေ။ သို့သော် အမျိုး(ဆာ) စည်းကမ်းနှင့်ညီလျှင်ကား အပြစ်ပေးလေ့ မရှိပဲ ဖြစ်နိုင်လျှင် အိမ်ရှေ့မောင်းကာ၌ နှစ်ဖက်လူကြီး များစု၍ ညှိနှိုင်းပြီးလက်ခံပေးရသည်။ သို့ရာတွင် ယူခွင့် မရှိသော အမျိုး(ဆာ)အတွင်းဖြစ်နေလျှင် လုံးဝလက်မခံပဲ လင်မယား ခွဲပစ်တတ်ကြသည်။ လင်မယားဖြစ်စ (၇) ရက်အတွင်းမိမိရွာအတွင်းသွားလာနိုင်သော် လည်းအခြား ရွာများသို့ ဝင်ခွင့်မရှိ။ ဝင်မိလျှင် ကင်ပွန်းပေးရ သည်။
သက်လူမျိုး မွေးဓလေ့
ကိုယ်ဝန်ဆောင်မိန်းမသည် အသုဘအိမ်သို့ မသွားရ။ ကိုယ်ဝန်ဆောင်မိန်းမ၏ လင်ယောကျ်ားသည် အသုဘ အိမ်သို့ သွားနိုင်သော်လည်းအသုဘထမ်းခြင်းမပြုရပေ။ကိုယ်ဝန်ရှိနေလျှင်အသုဘအလှူမထည့်ရ။ကိုယ်ဝန်ဆောင်မိန်းမသည် မင်္ဂလာ ဆောင်၊ ရှင်ပြုပွဲ စသည်ဖြင့် သွားနိုင်သော်လည်း ထိမ်းမြားသည့် နေရာသို့ မဝင်ရ။ ကိုယ့်မင်္ဂလာသူများ မင်္ဂလာဖြစ်သွားမည်ကို ရှောင်ခြင်း သဘောဖြစ်သည်။ မွေးပြီးလျှင်လည်း ကလေးအခါ လည် သည် အထိ အသုဘမလိုက်ရချေ။
ကိုယ်ဝန်သွားဖွားရန် မိဘအိမ်သို့ပြန်ရန် မလိုဘဲ ယောက္ခမအိမ်၌ မွေးခွင့်ရှိသည်။ ယောက္ခမအိမ်၏ ကဘက်(တန်းပျင်း)ရှိ သဝင်ဆောင်၌ မွေးခွင့်ရှိသည်။ ယောက္ခမ၏ သမီးမွေးမည်ဆိုလျှင်ကား အိမ်ထက်ရှိ သဝင်ဆောင်၌ မွေးခွင့်မရှိချေ။ အိမ်ဘေး၌ အယောင် (အဆွယ်)၌လည်းကောင်း၊ အိမ်ခြံအတွင်း သီးခြားတဲငယ် ဆောက်၍လည်းကောင်း မွေးရသည်။ ရခိုင်တို့က “မီးတွင်း ထွက်ပြီလား”ဟု မေးသော်လည်း သက်တို့က “မီးတွင်းဝင်ပြီးလား”ဟု မေးလေ့ရှိသည်။ ကဘက် (တန်းပျင်း) မှ ကျုံဟုန်း သို့ ပြောင်းခြင်းကို ဆိုလိုသည်။ ကျုံဟုန်းဆိုသည်မှာ အိမ်ထဲတွင် သီးသန့်ပြုလုပ်ဖွဲ့စည်း ထားသည့် အခန်းကိုဆိုလို သည်။ သက်လူမျိုး ရိုးရာ အိမ် တိုင်းတွင် ကျုံဟုန်းအခန်း(၁)ခန်း(သို့မဟုတ်)(၂)ခန်း ပါရှိ သည်။ မီးတွင်းဝင်ချိန်၌ ကဘက်(တန်းပျင်း)၌ သုံးခဲ့သော ပစ္စည်းများ(မီးဖို၊အဝတ်ဟောင်းများ) ကို လွှင့်ပစ်ရသည်။ ကျုံဟုန်းသို့ ရောက်ချိန်၌ အိမ်သျှင်မနတ်ကို ပူဇော်ပြီး လူစာရင်းသွင်းရသည်။
သက်အမျိုးသမီးများ ကိုယ်ဝန်ရှိစဉ် အစားရှောင်လေ့မရှိ။ မွေးပြီးလျှင်ကား အကြီးအကျယ်အစားရှောင်ကြသည်။ ကလေးမွေးပြီးသည်နှင့် လက်သည်မိန်းမကြီး များကို ကြက်ငယ်တစ်ကောင်ဖြင့် တင်ပြီး အကျွေးပေး ရသည်(ကျွေးမွေးရသည်)။သားဦးဆိုလျှင်တန်ဖိုးကြီးကြီး အကျွေးပေးရသည်။ မွေးပြီးပြီးချင်း သို့မဟုတ် တစ်ပတ် ခန့် ကြာလျှင် ကလေးအား ကင်ပွန်းကိုင်ရသည်။ ကင်ပွန်းခန်းသို့ သားဦးမြေးဆုံး ယောကျ်ားများမှ လွဲ၍ ကျန်အရွယ်ကောင်းသော ယောကျ်ားမဝင်ရ။ နိတ် (ကံနိမ့်) တတ်သည်ဟု အယူရှိသည်။ ကင်ပွန်းကိုင်ရာတွင်သွေး (သွီး) ကင်ပွန်း သို့မဟုတ် ရေစိမ်ကင်ပွန်း တစ်မျိုးမျို ပေးရသည်။ သွေး (သွီး) သို့မဟုတ် ရေစိမ်ကင်ပွန်းအရည်ကို ကျည်တောက် ငယ်၌ ထည့်ပြီး စကော၌ တင်ထားရသည်။ မိန်းမများ၊ သားဆုံး မြေးဆုံးယောကျ်ားကြီးများက ကျည်တောက်မှ ကင်ပွန်းရည်ကိုတို့ယူပြီးသူ၏ ခြေထောက်၌တို့ကားကင်ပွန်းကိုင်ရသည်။ကင်ပွန်း ကိုင်ရန်လာသူ အားလုံးကို ကင်ပွန်းထမင်းကျွေးရသည်။