ရခိုင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ဒိုင်းနက်လူမျိုးတို့၏လက်ထပ်မင်္ဂလာ
Image

ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်လူမျိုးတို့၏ မင်္ဂလာဆောင် အကြောင်းအရာအား အောက်ပါအတိုင်းရေး သားဖော်ပြအပ်ပါသည်-

လက်ထပ်မင်္ဂလာ

ဒိုင်းနက်အမျိုးသားတို့တွင် ထိမ်းမြားမင်္ဂလာ မပြု မီ စေ့စပ်ပွဲလုပ်ရသည့်ဓလေ့ရှိသည်။ တရားဝင် စေ့စပ်ပွဲမလုပ်ဘဲ သတို့ သားလောင်းမိဘနှင့် သတို့သမီးလောင်း မိဘတို့သည် ဗေဒင်ဆရာ အသီးသီးပင့်ဖိတ်၍ သတို့ သမီးလောင်း၏ မိဘနေအိမ်တွင် စိစစ်ကြရသည်။ နေ့နံသင့်/မသင့်တို့ကို ဗေဒင်ဆရာတို့က တွက်ချက်ကြရသည်။ ဗေဒင်အလို မှန်ကန်ပြီးမှသာ လျှင် နှစ်ဦး နှစ်ဖက် သဘောတူလက်ခံကြ ရသည်။

ထို့နောက် တရားဝင်စေ့စပ်ပွဲကိုပြုလုပ်ကြရသည်။သင့်တင့်သောနေ့တစ်နေ့ကိုသတ်မှတ်ကြရပြီးယင်းနေ့တွင် သတို့ သား လောင်း၏မိဘဘက်မှ အခမ်း အနား ဖြင့်သွားရသည်။ သတို့သမီးလောင်းစေ့စပ်ပွဲ (ဗုခွါဟုခေါ် သည်) အတွက်သတို့သားလောင်း၏ မိဘဘက်မှ အညွန့် ရှင် အမျိုးသမီး (လင်သေ/သားသေ/လင်ကွာ မဟုတ် သူ) တစ်ဦးက ဆေး၊ ကွမ်းအစုံတို့ကို ပုဝါနှင့်ထုပ်၍ ယူသွားရသည်။ ထိုအညွန့်ရှင်အမျိုးသမီး (ဂေါ်မ်မာနုဟုခေါ်သည်) က ရှေ့ဆုံးမှသွားရသည်။ စတင်သွားရချိန်မှာ ဒီရေစတက်ချိန်တွင် ဖြစ်သည်။ များသောအားဖြင့် နံနက်ပိုင်း ဒီရေတက်ချိန်ကို ရွေးချယ်လေ့ရှိကြသည်။ ဆေး၊ ကွမ်း အစုံကိုထမ်းသော သူသည် ယင်းပစ္စည်းများကို သတို့ သမီးလောင်း၏ မိဘအိမ်ပေါ်သို့ မရောက်မချင်း အောက် သို့မချရချေ။ နိမိတ် မကောင်းဟု ယူဆကြသည်။ 

သတို့သားလောင်း၏ မိသားစုအဖွဲ့ သတို့သမီးလောင်းအိမ်သို့ရောက်ချိန်တွင်သတို့သမီးလောင်းမိဘမှယင်းတို့၏ ဆွေမျိုး များကို ခေါ်ယူထားပြီးဖြစ်ရသည်။ သတို့သားလောင်းဘက်မှ ဆေး/ကွမ်း လက်ဆောင်များ ကို သတို့သမီးလောင်းဘက်သို့ ပေးကမ်းပြီး ပွဲစတင် ရသည်။ ထိုသို့စတင်ရာတွင် သက်သေ(၄)ဦးရှေ့မှောက်၌ စေ့စပ်ကြောင်းအမှတ်အသားအဖြစ်ငွေသားဒင်္ဂါး (ဇော်ရာ ဒင်္ဂါးဟုခေါ်သည်) တစ်ခုကို သတို့သားလောင်းဘက်မှ သတို့သမီးလောင်းဘက်သို့ ပေးရသည်။ ဤဒင်္ဂါးပေးအပ် မှုမှာ လက်ထပ်ထိမ်းမြားမှု ကတိကဝတ်မပျက်ရေးအတွက်ဖြစ်သည်။ဤဒင်္ဂါးကိုလက်ခံပြီးနောက်သတို့သမီးဘက်မှ ထိမ်းမြား ဆောင်နှင်း ရန်ပျက်ကွက်ပါက လျော်ကြေးအဖြစ် ငွေသားဒင်္ဂါး (၆၀)ကိုပေးလျော်ရမည် ဖြစ်ပြီး အကယ်၍ သတို့သားဘက်မှ ပျက်ကွက်ခဲ့ ပါ ကငွေသားဒင်္ဂါး (၃၀) ပေး လျော်ရမည် ဖြစ်သည်။

      ဤကဲ့သို့ကတိကဝတ်ပြုရာတွင် အသုံးပြုသော ငွေသားဒင်္ဂါးပြားကို သတို့သမီးဘက်မှငွေ လက်စွပ် ၃ ကွင်းပြုလုပ်ရသည်။ ပထမ နှစ်ကွင်းမှာ တစ်မတ်သားစီ အလေးရှိရပြီး ကျန်တစ်ကွင်းမှာ ငါးမူးသားအလေးရှိရသည်။တစ်မတ်သားလက်စွပ်တစ်ကွင်းကိုအညွန့်ရှင်အမျိုး သမီးအား ပေးရပြီး ကျန်၂ကွင်းကိုမူ သတို့သမီးက ဝတ်ရ သည်။ မဝတ်လိုကလည်းရသည်။ သို့ရာ တွင် တခြားမည်သည့် တစ်ဦးတစ်ယောက်ကိုမှ  ပေးရိုးထုံးစံ မရှိချေ။ ဤ လက်စွပ်ကို မင်္ဂလာလက်စွပ်ဟု သတ်မှတ် ကြသည်။

     ထိမ်းမြားမည့်နေ့တွင်သတို့သမီးသည် မိမိနေအိမ်တွင် ဝတ်ကောင်းစားကောင်းဝတ်၍ မိမိအပျိုဖော်များ နှင့်နေရပြီးအိမ်တွင်မင်္ဂလာစားပွဲတစ်ခုကိုထားရသည်။ စားပွဲပေါ်တွင် ချက်ပြုတ်ပြီးသား ထမင်း၊ အာတာလွတ်ဥ၊ အာလူး၊ကန်စွန်ဥ၊ ပိန်းဥစသည် ဖြင့် သစ်ဥ ၅ မျိုး သို့မဟုတ် ၇မျိုးကို ထည့်ရသည်။ မည်သည့်သားငါးကိုမျှ \မထည့် ရပေ။ သက်သက်လွတ်ဟင်းဖြင့် မင်္ဂလာယူမည့် သဘောပင်ဖြစ်သည်။ထိုမင်္ဂလာဟင်း များအပြင် သပြေ ညွန့် (၇)ညွှန့်ပါသော ရေစင်အိုးငယ် တစ်လုံးကို တင်ထားရသည်။ ထိုအိုးငယ်တွင် မည်သည့်ချည်မျှင်မှ ရစ် ပတ်ရန် မလိုချေ။

မင်္ဂလာဆောင်မည့်နေ့တွင် သတို့သားသည် အခြံ အရံမိသားစုဖြင့် ဒီရေတက်ချိန်၌ စတင်ထွက်ခွါလာရ သည်။ သတို့သားတွင် ဝတ်ကောင်းစားကောင်း ဝတ်ထားသော်လည်း ခေါင်းပေါင်းဝတ်ရန်မလို  ဓါးတစ်လက်ကို ကိုင်ထားရပြီး တဘက်ကိုမူရုံထားရသည်။ သင်္ဘောဖျာတစ်လိပ်ကို   နေ့သင့်နံသင့် လူပျိုရံတစ်ဦးက ထမ်းယူခဲ့ရပြီး သတို့သားသည်တခြားရွာမှ ဆိုပါက ရွာဝင်ခပေး ရသည်။

သတို့သားဘက်မှ သတို့သမီးအိမ်သို့ ရောက်သော အခါသတို့သားသည်အိမ်ပေါ်သို့ချက်ချင်းတက်ခွင့်မသေးပဲ လှေကား ရင်းတွင် စောင့်နေရသေးသည်။ ထိုအခါ သတို့သမီး၏ မောင်သို့မဟုတ်ညီမတော်စပ်သူ တစ်ဦးဦးက သတို့သား၏ ဘယ်ဘက် လက်သန်းကို အပ်ချည်ဖြင့် (၇) ပတ်ရစ် ပြီးကြက်ဥတစ်လုံးကိုသတို့သားလက်သို့ ပေးအပ်ရသည်။ သတို့သားသည် ထိုကြက်ဥကို မိမိ၏နောက်ဘက်သို့ ဦးခေါင်းကိုကျော်၍ ပစ်ရသည်။ ထို ကြက်ဥသည် မည်သည့် အရာဝတ္ထု သို့မဟုတ် လူတစ်ဦးဦး ကိုထိမှန်သည် ဖြစ်စေ ကွဲမှသာ မင်္ဂလာရှိသည်ဟု ယူဆ ကြသည်။

ထို့နောက် ကြက်ဥပေးသူက သတို့သားကို အိမ်ထဲရှိမင်္ဂလာခန်းသို့ခေါ်ဆောင်သွားသည်။ မင်္ဂလာအခန်းတွင်မူ သတို့ သမီး၏မိဘများကသင့်တင့်သည့်နေရာတွင်ထိုင်နေရသည်။သတို့သမီးကိုမူအပျိုရံများကဝိုင်းရံကာဆီးထားရပြီး သတို့သားဘက်မှ လူပျိုရံများက ဝိုင်းရံ ထားသူအားလုံးကို လက်ဖြင့်ဆွဲ ဖယ်ရှားပြီး သတို့သမီးအား မင်္ဂလာစားပွဲရှိ နေရာတွင် ထိုင်စေရသည်။ ဤကဲ့သို့ပြုခြင်းမှာ လူငယ်များပျော်ရွှင် မြူးတူးရန် ဖြစ်သည်ဟု ဆိုကြသည်။

သတို့သားသည် မိမိနေရာတွင် ထိုင်လိုက်သောအခါ လက်ထပ်ပွဲကိုစတင်ရသည်။ လက်ထပ်ပေးမည့် သူများ မှာ အညွှန့်ရှင် ၂ ဦးဖြစ်သည်။ နေ့သင့်နံသင့်သူများ ဖြစ် ပြီး သတို့သားဘက်မှတစ်ဦးနှင့် သတို့သမီး ဘက်မှ တစ်ဦး ဖြစ်သည်။ ၎င်းတို့ကလက်ထပ်ခွင့်ကို သတို့သမီး ၏မိဘထံမှ ခွင့်တောင်းရသည်။ ဤလက်ထပ်ပွဲကို အချိန် မဆွဲသင့်ကြောင်း၊ ရက်မရွှေ့သင့်ကြောင်း အကြံပေးပြော ဆိုရသည်။ သတို့ သမီး၏မိဘများမှ သဘောတူသည့်အခါ လက်ထပ်ပေးမည့်သူ (အညွန့်ရှင်) ၂ဦးက သတို့ သား၏ ညာဘက်လက်နှင့် သတို့သမီး၏ ဘယ်ဘက်လက်တို့ကို ထပ်ပေးပြီး ရေစင်သွန်းလောင်း ပေးရသည်။

ရေစင်သွန်းလောင်းပြီးနောက် သတို့သားမှ သတို့ သမီး၏မိဘတို့ကို ဆေးလိပ်(၂)လိပ်၊ ဆန်စေ့(၇)စေ့ လက် အုပ်တွင်ထည့်၍ ရှိခိုးပူဇော်ရသည်။ ဆေးလိပ် (၂ )လိပ်ကို အပူဇော်ခံမိဘများမှယူရပြီး ဆန်စေ့ကိုမူ သတို့သားမှ မြေတွင်ပစ်ချလိုက်ရသည်။ သတို့သားကို ယောက္ခမများ မှ ဝတ္ထုပစ္စည်းလက်ဆောင်ပေးရသည်။

လက်ထပ်ပွဲပြီးနောက် ဧည့်သည်များကို သတို့ သမီး အိမ်မှထမင်းကျွေးရသည်။ ကျွေးသောထမင်းပွဲ၌ ငှက်ပျောအူဟင်း (အသုပ် သို့မဟုတ် ချက်ပြီး) ပါရမည်။ ဧည့်ပရိတ်သတ်များသည် ငှက်ပျောဟင်းကိုစားပြီးမှ (စတိသဘောတစ်လုပ်၊နှစ်လုပ် စားနိုင်သည်) ကျန်ဟင်း များကိုစားနိုင်သည်။

မင်္ဂလာဆောင်ပြီး (၅)ရက် သို့မဟုတ် (၇)ရက် မြောက်သော နေ့တွင် သတို့သမီးကိုသတို့သားမိဘတို့မှ ပြန်ခေါ်ယူရသည်။ ၎င်းကိုချွေးမချ(သူခေါ်ဇာဇာတာ) ဟု ခေါ်သည်။ ထိုနေ့တွင် သတို့သား၏ အိမ်မှချွေးမသစ် အတွက် အင်္ကျီ၊ထမီသစ်များကို တောင်းတစ်ခုတွင် ထည့် ၍အညွန့်ရှင်တစ်ဦးမှထမ်းရွက်ယူရသည်။ထို့ပြင်ကောက် ညှင်းဆန်ဖြင့်ပြု လုပ်သော မုန့်တစ်မျိုး (များသောအား ဖြင့်တစ်ထုပ်)ကို အခြားအညွှန့်ရှင် တစ်ဦးမှထမ်းရသည်။ ထိုမုန့်အားဆားသပ်သပ်ဖြင့်သာ ပြုလုပ်ရပြီး အချို၊ အချဉ် ၊အခါး၊အစပ်တို့မပါရချေ။ ထိုမုန့်တောင်းအား အဝတ်ဖြူ ဖုံးလွှမ်း၍ယူဆောင် သွားရသည်။

မုန့်တောင်းဖြင့်ထမ်းယူသွားသည့် မုန့်ကို သတို့ သမီး၏ မိခင်ကမယူမချင်း မုန့်တောင်းက မည်သည့် နေရာတွင်မျှမချရချေ။ ထိုမုန့်ကိုသတို့သမီး၏မိခင်မှ ပထ မဆုံးယူမှသာ တစ်ခြားလူ များစားခွင့်ရှိသည်။ပထမဆုံး ယူလာသောမုန့်ကိုချွေးမအား ခေါ်ယူလာသည့်အခါ ပြန် ၍ယူခဲ့ရသည်။ ထိုမုန့်ကိုသတို့သား အိမ်၌(၇)ရက်တိတိ ထားပြီးမှစားရသည်။ 

အထက်ပါ မင်္ဂလာဆောင် လက်ထပ်ပုံစနစ်မှာ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့ရှိ ဒိုင်းနက်အမျိုး သားတို့၏ ဓလေ့များပင်ဖြစ်ကြပါသည်။ မောင်တောမြို့နယ်၊ တမန်းသားပတ်ဝန်းကျင်ရှိဒိုင်းနက်အမျိုးသားတို့၏ လက်ထပ်ဓလေ့မှာ အနည်း ငယ်ထူးခြားသဖြင့် အောက် တွင်သီးခြား ဖော်ပြထားပါသည်။

မင်္ဂလာဆောင်မည့်နေ့တွင် သတို့သားနှင့် အဖွဲ့ သည် အခမ်းအနားဖြင့်သွားရသည်။ အညွန့်ရှင် အမျိုး သားကြီးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှ ရှေ့ဆုံးမှ သွားရ သည်။ ယင်းနောက် သတို့သား၏ မိဘတို့မှလိုက်ရသည်။ ယင်းနောက်သတို့သား၏ အဝတ်ထုပ်ကို ဘယ်ဘက်၊ ဓါး ရှည်တစ်ချောင်းကို ညာဘက်ဖြင့် ကိုင်ထားသူ တစ်ဦးမှ လိုက်ရပြီး သတို့သားမှသွားရသည်။ သတို့သား၏ ညီမှ သင်္ဘောဖျာတစ်လိပ်နှင့် ယပ်တစ်ခုကိုကိုင်လျက် နောက် မှလိုက်ရသည်။ သတို့သား၏ ခယ်မလောင်းသည် သတို့ သမီးအတွက် အဝတ်၊ ခြေကျင်း၊ လက်ကောက်နှင့် ခေါင်း ပေါင်းစ တစ်ခုတို့ကို တောင်းတစ်လုံးတွင် အဖုံးအပိတ် ဖြင့် ထည့်၍လိုက်ရပါသည်။

သတို့သမီးအိမ်သို့ ရောက်သွားသောအခါ သတို့သားမှ အိမ်ပေါ်သို့မတက်မီ ယောက်ဖလောင်းတစ်ဦးမှ သတို့သားအား ချည် မျှင်(၇)မျှင်ဖြင့် စည်းတားရသည်။ ယင်း တားဆီးမှုအား ပယ်ဖျက်ရန်အတွက် သတို့သား အိမ်မှ ကြက်တစ်ကောင်ပြုတ်ပြီး ငရုပ်၊ ကြက်သွန် ထည့် ၍ ဝေခြမ်းပြီး အရက်နှင့် တကွထည့်ထားသည့် ပန်းကန်အား ယူလာရသည်။ ယင်း ငါးဟင်းများကို ယောက်ဖ လောင်းမှ ကိုင်ပြီး တားထားသော ချည်မျှင်တို့ကိုဖွင့်၍ ဝင်ရသည်။

ထိမ်းမြားမည့်အခန်းတွင် မင်္ဂလာစားပွဲတစ်ခု ရှိ ပြီး ယင်းအပေါ်၌ ထမင်းတစ်ပန်းကန်၊ ကြက်သား သို့မဟုတ် ဝက်သားဟင်းတစ်ခွက်တို့ကို တင်ထားရသည်။ သတို့သား နှင့်သတို့သမီးတို့သည် ယင်းမင်္ဂလာ စားပွဲတွင်ထိုင်ရသည်။ ၎င်းတို့ကို သတို့သားအိမ်မှ ပါလာသောခေါင်းပေါင်းဖြင့် ခါးတွင် ချည်နှောင်ရသည်။ ချည် နှောင်ပုံမှာတစ်စကို သတို့သားညီမှယူ၍ သတို့ သား၏ ခါး တွင်လည်းကောင်း၊ ကျန်တစ်စကို ခယ်မလောင်းမှယူ၍ သတို့သမီး၏ ခါးတွင်ချည်ရသည်။

ထိုနောက် သတို့သား၏ညီက မင်္ဂလာစားပွဲမှ ထမင်းတစ်လုပ်နှင့် ငါးဟင်းတစ်ဖတ်အား လက်ဖြင့်ယူ၍ သတို့သမီး(မိမိမရီးလောင်း) အားပေးရသည်။ သတို့သား၏ခယ်မလောင်းမှလည်း ထိုနည်းအတိုင်းယူ၍ မိမိ ၏ခဲအို လောင်းအားပေးရသည်။ ယင်းနောက် မင်္ဂလာ ဆရာလုပ်သူ တစ်ဦးမှ သတို့သား၏ညာလက်နှင့် သတို့ သမီး၏ ဘယ်လက် တို့ကိုကိုင်၍ ပရိတ်သတ်ဘက်သို့ လှည့်ပြီးလျှင် “ဤသတို့သား သတို့သမီးတို့၏ လက်ထပ် ပွဲကို ကျေနပ်ကြပါသလား”ဟုသုံးကြိမ်တိုင်တိုင်မေးမြန်း ရသည်။ ကျေနပ်ကြကြောင်း ဖြေပေးပြီးမှသာ မင်္ဂလာ ဆရာက မင်္ဂလာစားပွဲမှ ထမင်းတစ်ဆုပ်၊ဟင်းနှင့် အရက် တစ် ခွက်တို့ကိုယူ၍ အိမ်ကြမ်းပေါက်အောက် တွင် အသင့်မီးမွေးထားသော မီးဖိုပေါ်သို့ သွန်လောင်းချလိုက် ရသည်။ (ဤသို့သွန်ချခြင်းမှာ သတို့သား နှင့်သတို့သမီးတို့ ၏ရန်သူကို သတ်ပစ်သည့် သဘောပင် ဖြစ်သည်ဟု ယုံ ကြည်ကြသည်။)

ဤသို့ပြုပြီးနောက် ခါးတွင်ချည်နှောင်ထားသော ခေါင်းပေါင်းစကို ဖြုတ်ပစ်လိုက်ကြရသည်။ လာရောက် ကြသည့် ပရိတ်သတ်တို့သည် လင်မယား အသစ်တို့ကို ဆုပေးကြသည်။လင်မယားအသစ်တို့ဘက်မှလည်း ပရိတ် သတ်တစ်ဦးအား အရက်တစ်ခွက် သို့မဟုတ် အရက် မကြိုက်သူအားဆေးလိပ်၊ ကွမ်းယာတစ်ခုခု လက်ဆောင် ပြန်ပေး ရသည်။လင်မယား အသစ်တို့မှာကား ရှိခိုးသည့် ဟန်ဖြင့် ထိုင်နေရပြီး ဦးခေါင်းတွင်ခေါင်းပေါင်း၊ ပုဝါတို့ကို ဆောင်ထား ရသည်။

ထိမ်းမြားပြီး၍ (၃ရက် (သို့) ၅ရက် (သို့) ၇ရက်) လွန်မှ မိန်းကလေးဘက်မှ ရွာသားများက သတို့သမီးကို သတို့ သား ၏အိမ်သို့ ပြန်ပို့ရလေသည်။ အိမ်သို့ရောက် သောအခါ သတို့သား၏မိခင်မှ ချွေးမသစ်၏ဘယ်ဘက် လက်ညိုးကို ကိုင်၍ “ ယခုမှစ၍ဤမိန်းကလေးသည်ငါ၏ချွေးမဖြစ်ပြီ”ဟုလူကြားအောင်ကြေငြာပြီးအိမ်ခန်းထဲသို့ ခေါ်ယူသွားရသည်။ ထို့နောက် ရောက် လာ သည့် ပရိတ်သတ် တို့ကိုထမင်းကျွေးရလေသည်။