ရုပ်ဆင်းပုံပန်းသွင်ပြင်
ခမီလူမျိုးတို့၏ ပုံပန်းသွင်ပြင်မှာ-ချင်း၊ မြို၊ ရခိုင် လူမျိူးတို့၏ ပုံပန်းသဏ္ဍန်နှင့် တ၍ အသားဝါ အုပ်စုဝင် များဖြစ်ကြသည်။အရပ်အမောင်းမှာနိမ့်သည်။ သို့သော် ပုလွန်းသည်ကား မဟုတ်ပေ။ အရိုးအဆစ်မှာ တောင့် တင်း ခိုင်မာပြီး ယောကျ်ားရော မိန်းမပါမကျန်ကျစ်လစ်သော ခန္ဓာကိုယ်များရှိကြသည်။ မည်းနက်သောမျက်ခုံး၊ တောက်ပြောင်သောမျက်လုံးများရှိပြီး အနည်းငယ်ပိပြား သော နှာတံ၊ ကျယ်သောပါးစပ်၊ တောင့်တင်းခိုင်မာသော ပါးရိုး ရှိသည်။ ထို့ကြောင့် ခမီတို့၏မျက်နှာသည် ဝိုင်း၍ နှာတံပိပြားပြီးလျှင် ပါးစပ်ကျယ်၍ ခိုင်မာပေါ်လွင်သော မေးရိုးရှိသည့် မျက်နှာမျိုးဖြစ်သည်။ အသားအရောင်မှာ အသားဝါအုပ်စုဝင် များဖြစ်၍ မဖြူမညိုသောအသား အရည်မျိုးရှိပြီးလျင် မဲနက်သောဆံပင်များရှိသည့်လူမျိုး ဖြစ်သည်။
နေထိုင်ရာဒေသ
ခမီလူမျိုးများသည် တောတောင်ထူထပ်သော အရပ်ဒေသ၊ မြစ်ချောင်း၊ အင်း၊ အိုင် အနီးအပါး၊ အေးမြ သော ရာသီဉတုဒေသများတွင် နေထိုင်ကြသည်။
ဓလေ့ထုံးစံ
အပျို/လူပျိုဖော်ဝင်ခြင်း
ခမီလူမျိုးတို့တွင် ယောကျ်ားကလေး ၊ မိန်းကလေး အသက်(၁၂)နှစ်ရှိလျှင် အပျို/လူပျိုဖော်ဝင်ရသည်။ လူပျို ဖော်ဝင်ခြင်း၊ အပျိုဖော်ဝင်ခြင်းတို့တွင် လူပျိုခေါင်း၊ အပျို ခေါင်းအား လက်ဆောင်ပေး ရခြင်းမရှိ ချေ။ လူပျိုဖော်ဝင် သူအား လူပျိူခေါင်းက လူပျိုအတတ် ပညာခေါ် လုပ်ငန်း ကိုင်ငန်းများကို သင်ပေးသည်။အပျိုခေါင်းကလည်း အပျို ဖော်ဝင်သူမိန်းကလေးအား ယက္ကန်းပညာ သင်ကြားပေး သည်။
လူပျိုလှည့်ခြင်း
လူပျိုလှည့်ခြင်းအလေ့ရှိသည်။ လူပျိုသည် ည အချိန်တွင် အပျိုအိမ်သို့သွားပြီး အိမ်အောက်မှနေ၍ စောင်း၊ချည်ခေါင်းတို့ဖြင့်အပျိုအားမိမိတို့ ဓလေ့အတိုင်း ခေါ်၍ လူပျိုစကားပြောသည်။အပျိုကလက်ခံ၍ သင့်တင့် လျင်ချစ်ကြိုက်ကြသည်။ လွတ်လပ်စွာ ချစ်ရေးဆိုခွင့်ရှိ သည်။ ချစ်ကြိုက်လျှင် ခိုးယူသော ဓလေ့လည်းရှိသည်။ ဆိုပြောသောဓလေ့လည်းရှိသည်။ခိုးယူလျင်လည်း မိန်းမ ဘက်မှလာ၍ အသွင်းတောင်းလေ့ရှိသည်။ အသွင်းမပေး ကမ်းမီ သမီးကို သိမ်းယူနိုင်သည်။သမီးဆိုခြင်း
သမီးဆိုရန်သွားသောအခါ လူကြီးစုံရာနှင့် သမီး (လုံမပျို)အိမ်သို့သွား၍ လုံမပျိုမိဘနှင့်ဆွေမျိုးတို့ထံ သမီး တောင်းခြင်းကိုပြုလုပ်ရသည်။ သမီးတောင်း ခြင်းသွား ရာတွင် ပစ္စည်းပစ္စယယူရန်မလို၊ သမီးရှင် (လုံမပျို)ဘက် မှသဘောတူလျင်အသွင်းတောင်းသည်။ အသွင်းတောင်း ရာ၌ငွေသားဒင်္ဂါးသုံးဆယ်၊လှံတစ်စင်း၊ ဒါးမကြီးတစ်စင်း၊ ဒါးရှည်သုံးစင်း၊ ဒါးတို လေးစင်းတောင်းသည်။ သတို့သား ဘက်မှယခင်ကကြွေးဟောင်း မြီဟောင်းရှိလျင် ထိုကြွေး ဟောင်း မြီဟောင်းအား သတို့သမီးဘက်သို့ ဆပ်ပေးရ သည်။ ကြွေးမြီဆိုသည်မှာ ဘိုးဘွားလက်ထက်ကရှိခဲ့ သည်မှစ၍ ဆပ်ပေးရသည်။ ဆပ်ပေးခြင်း မရှိလျှင် သတို့ သမီးအား လက်ထပ်ခွင့်မရပေ။
သမက်တက်မင်္ဂလာဆောင်ခြင်း
စေ့စပ်ခြင်းပြီးလျှင် သမက်တက်မင်္ဂလာဆောင် ပွဲပြုလုပ်သည်။ အသွင်းပစ္စည်းအဖြစ် ငွေသားဒင်္ဂါး သုံးဆယ်၊ လှံတစ်စင်း၊ ဓါးမကြီး တစ်စင်း၊ ဓါးရှည် သုံးစင်း၊ ဓါးတို လေးစင်းကို လူကြီးစုံရာနှင့် ယူသွားရသည်။ မင်္ဂလာ ပွဲလူစုံလျှင် ခေါင်ဖွင့်ရသည်။ ယင်း ခေါင်ကို ခမီ ဘာသာ “ခေမာကာဆေယု” ဟု ခေါ်သည်။ မင်္ဂလာ ခေါင်ပင်ဖြစ်သည်။ ယင်းခေါင်ကို လက်ထပ်ခြင်းမပြုမီ ပြုလုပ်ရသည်။ ခေါင်ကို သမီးရှင်သတို့သမီးဘက်မှ စ၍ ဖွင့်ရသည်။ ခေါင်သောက်ပွဲတွင် ရန်ဖက်ရန်သူ ဖြစ်စေ ကာမူ သတ်ပုတ်ခြင်း၊ ရန်ဖြစ်ခြင်း မရှိရ။ ငြိမ်သက်စွာဖြင့် သောက်ကြရသည်။ ခေါင်သောက်ပွဲပြီးလျှင် မင်္ဂလာ သတို့သား သတို့သမီးကို လက်ထပ်ပေးသည်။ ပြီးလျှင် မီးပွဲပြုလုပ်သည်။ စားပွဲတွင် ထမင်းပွဲ၊ ဟင်းခွက်၊ ငါးခွက် များဖိတ်စင်ခြင်းမရှိစေရ။ မဖိတ်မစင်အောင် စားကြရသည်။ ဖိတ်စင်က အိမ်ထောင်ပျက်တတ်သည်ဟု အယူရှိ သည်။ မင်္ဂလာဆောင်တွင် အသွင်းကို အကြွေး ထားနိုင်သည်။သမက်တက်နေ့ညတွင် သတို့သမီးအား သတို့သားအိမ်သို့ အခြံအရံနှင့်ပို့ရသည်။ ထမင်းကျွေးရာတွင် ကြက် သား၊ဝက်သား၊ဘဲသားစသည်ဖြင့် အစဉ်လိုက်၍ ကျွေးရသည်။သတို့သမီးဖခင်နှင့်သတို့သားဖခင်နှစ်ဦးမစားပဲ ကျန် ရသည်။ ဧည့်ပရိတ်သတ် ကျွေးမွေးပြီးမှသာ သတို့သား ဖခင်က သတို့သမီးဖခင်ကိုထမင်းတည်ခင်းကျွေးမွေးရ သည်။ဤသို့ကျွေးမွေးရခြင်းမှာသတို့သမီးဘက်က သတို့သားဘက်ထက်မြင့်သည်ဟု အယူရှိသောကြောင့် ဖြစ် သည်။ ဤသို့ဖြင့် မင်္ဂလာပွဲ ပြုလုပ်ခြင်း ပြီးမြောက်သည်။
ပွဲဖြုတ်ပွဲကျင်းပခြင်း
သမက်တက်မင်္ဂလာပွဲ ပြီးဆုံးသွားသော်လည်း ပွဲသို့လာရောက်သော ပရိတ်သတ်မပြန်သဖြင့် ပွဲဖြုတ်ပွဲပြုလုပ် ရသည်။သတို့သမီးဘက်မှ ကြက်သတ်၍လည်းကောင်း၊ သတို့သားဘက်မှဝက်သတ်၍လည်းကောင်း ချက်ပြုတ် ကျွေးမွေးရသည်။ ထိုသို့ကျွေးမွေးလိုက်သောအခါမှသာ ရပ်ဝေးရပ်နီးဧည့်ပရိတ်သတ်များ ပြန်သွားကြလေသည်။
ဧည့်နှင်ပွဲကျင်းပခြင်း
ပွဲဖြုတ်ပွဲ ကျင်းပကျွေးမွေးသောအခါ ရပ်ဝေး ရပ်နီး ပရိတ်သတ်များ ပြန်သွားကြသော်လည်း ဆွေမျိုး ရင်းများ နှင့်မိတ်သင်္ဂဟများပြန်မသွားကြသဖြင့် ဧည့်နှင်ပွဲကျင်းပ ပေးရသည်။ ခမီတို့၏ ဧည့်နှင်ပွဲကား ပျော်စရာကောင်း သောပွဲဖြစ်လိမ့်မည်။ ဧည့်နှင်ပွဲတွင် ပေါင်းအိုးကြီး တစ်လုံး ကိုဆုံပေါ်တွင်တင်၍သီတံကိုဝါးဆစ်ဖောက်ကာ ထိုးထား ကြပြီး သူသောက်နိုင် ငါသောက်နိုင် လုပွဲပြုလုပ်သည်။ ခေါင်အိုးကြီးတွင် ရေကိုထည့်နိုင်သမျှ ထည့်ပေးပြီး သောက်သူကကုန်အောင်လေတစ်မှုတ်အတွင်း သောက် ရသည်။ ရေမကုန်လျင် လျော်ပေးရသည်။ ရေကုန်လျင် အိမ်ရှင်က တံဆိပ်တစ်ခု ပေးရသည်။ တံဆိပ်ဟူသည် ရေစိမ်ထားသော နနွင်းရေကို လက်နှင့်တို့၍ မျက်နှာ တွင် တို့ပေးလိုက်ခြင်းဖြစ်သည်။ ဤသို့ဖြင့် တစ်ယောက် ပြီး တစ်ယောက် သောက်လိုက် တို့ပေးလိုက်ဖြင့် သောက် နိုင်သူ အလျော်ပေးလိုက်သဖြင့် ပျော်ရွှင်စွာ သောက်စား ၍ ပြီးဆုံးမှသာ ပြန်သွားကြရလေသည်။
မဏ္ဍပ်ဖြုတ်ပွဲ
မင်္ဂလာဆောင်ပွဲတွင် ဆိုခဲ့သောပွဲများအတိုင်း ပွဲများပြီးဆုံးသွားသောအခါ နောက်ဆုံး၌ မဏ္ဍပ်ဖြုတ် ပွဲကျင်းပပေးရသည်။ ယင်းပွဲတွင်လည်း ခေါင်၊ အရက်၊ ကြက်တို့ပါရသည်။တပျော်တပါးစားသောက်ရပြီး မဏ္ဍပ် ကို ဖြုတ်ပြီးမှသာမင်္ဂလာပွဲ ပြီးဆုံးခြင်းသို့ ရောက်သည်။
ယခုရေးသားတင်ပြသော အကြောင်းအရာများသည် ရခိုင်မျိုးနွယ်စုဝင်ခမီတိုင်းရင်းသားလူမျိုး ရခိုင်ပြည်နယ်ယဉ်ကျေးမှုဌာနခွဲ တိုင်းရင်းသားလူမျိုးများ၏သမိုင်းကြောင်းနှင့်ယဉ်ကျေးမှု ဖော်ထုတ်ရေးအဖွဲ့ ခမီလူမျိုးများ၏သမိုင်းကြောင်းနှင့် ယဉ် ကျေးမှု ဆိုင်ရာ လေ့လာတွေ့ရှိချက် စာတမ်းစာအုပ်မှ ကောက်နုတ်ရေး သား တင်ပြရခြင်းဖြစ်ပါသည်။