ရခိုင်တိုင်းရင်းသားလူမျိုးများသည် ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်လေ့ရှိကြရာ ရခိုင်ရိုးရာမင်္ဂလာဆောင် အခမ်းအနားကိုလည်းယနေ့အချိန်ထိထိန်းသိမ်းကျင့်သုံးလျက်ရှိကြပေသည်။သမက်က ယောက္ခမအိမ်သို့ လိုက် ပါနေထိုင်သောကြောင့် ရခိုင်ရိုးရာမင်္ဂလာဆောင်ပွဲကို “ရခိုင်တို့ကသမက်တက်ပွဲ”ဟုခေါ် ကြသည်။
မင်္ဂလာဆောင်ကျင်းပရန် သတို့သား၊သတို့သမီး ရွေးချယ်ခြင်း၊ အချိန်ကာလ ရွေးချယ်သတ်မှတ်ခြင်းတို့ကိုလည်း အစဉ် အလာအတိုင်းပြုလုပ်ကြပေသည်။ ရခိုင်လူပျိုအပျိုတို့အရွယ်ရောက်လျှင်ပင် အိမ်ထောင်ဖက်ကိုအများအားဖြင့် မိဘတို့က ရွေး ချယ်ပေးလေ့ရှိသည်။သားရှင်မိဘများကချွေးမ လောင်းရွေးချယ်ပြီး သမီးရှင်မိဘများနှင့် ဆွေးနွေးကာ စေ့စပ်ကြောင်းလမ်းကြသည်။ စေ့စပ်ကြောင်းလမ်းရာတွင် အသွင်းဖိုးကိုညှိနှိုင်းပြီး ရွှေ၊ငွေ၊လယ်ယာစသည်တို့ကို သားရှင်မိဘများက ပေးရသည်။ စေ့စပ်ကြောင်းလမ်းပွဲကို သမီးရှင်မိဘများအိမ်၌ ကျင်းပပြီး ယောကျ်ားလေးဘက်မှခေါ်ထားသော ဗေဒင်ဆရာနှစ်ဦးတို့က ဇာတာချင်းယှဉ်၍ နေ့သင့်တော်က ယောကျ်ားလေးဘက်မှ အသွင်းဖိုးပေးကာ စေ့စပ်ကြောင်းလမ်းကြသည်။
မင်္ဂလာမဆောင်မီ တစ်ရက်အလိုတွင် လက်ဖက်ထုပ်၊ ကွမ်းယာများနှင့်မင်္ဂလာဆောင်ဖိတ်ကြားကြသည်။ ထိုနေ့တွင်ပင် ငယ်လင်ငယ်မယားအညွန့်ရှိသောအမျိုးသမီးတစ်ဦးကသတို့သားအိမ်မှ ဆန်ကို သတို့သမီးအိမ်သို့ပို့ပေးရသည်။ ဆန်မှာလည်း နို့ဆီဘူး နှစ်ဘူး၊လေးဘူး စသည် ဖြင့်စုံဂဏန်းဖြစ်ရသည်။ မင်္ဂလာဆောင်မည့်နံနက် အရုဏ်တက်အချိန် သတို့သမီးအိမ်၌ ပင် မင်္ဂလာမြှောက်သည်ဆိုရာ ၌ ဘုန်းကြီးဆွမ်းကပ်ပြီး မင်္ဂလာတရားနာခြင်း၊ ဘိုးဘွား၊ လူကြီးမိဘများအား ကန်တော့ခြင်း၊ မင်္ဂလာအခမ်းအနား ကျွမ်းကျင်သူက နံ့သာရည်ဖြင့် သတို့သား၊ သတို့သမီးအား ပက်ဖျန်းခြင်းပင်ဖြစ်သည်။
သတို့သမီးအိမ်တွင်မင်္ဂလာလက်ဆုံ ထမင်းပွဲအတွက် အညွန့်ရှိသူအမျိုးသမီးက သတို့သားအိမ်ကလာ ပို့သောဆန် နှင့် သတို့သမီးအိမ်မှ ဆန်များကိုရော၍ ချက်ရသည်။ ထိုထမင်းနှင့် ကောက်ညှင်းထမင်းကိုရော၍ မင်္ဂလာထမင်း ပြင်ရသည်။ ကောက်ညှင်းကဲ့သို့ မကွဲမကွာ စေးကပ်၍ တသက်လုံး မခွဲမခွာ ပေါင်းသင်းစေနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကံသား (အကြေးရှိ သောငါး)ကို ကံကောင်းစေရန် ရည်ရွယ်၍ လည်းကောင်း၊ ကြက်သား၊ဘဲဉ၊ပုစွန်၊မျောက်ဉ၊ရွှေဖရုံသီးဟင်းတို့ကို ချမ်းသာကြွယ်ဝစေရန်၊ သားသမီးရတနာ ထွန်းကားစေရန် ရည်ရွယ်၍လည်းကောင်းထည့်သွင်းရသည်။ ကြက်တွင်အူစုံ၊ အသည်းစုံ ပါရပေသည်။ ပုစွန်တုပ်တွင်နှုတ်ခမ်းမွှေးများပင်မပြတ်စေရ။ အင်္ဂါစုံရပေသည်။အကျိုးအပဲ့အနာ အဆာများမပါရအောင် ဂရုစိုက်၍ပြင်ဆင်ရသည်။ ငါးတွင်လည်းအကြေးမကွာစေရန်၊ ဆူးတောင်များမကျိုးစေရန် (အင်္ဂါစုံအောင်) ပြင်ဆင်ရသည်။
မင်္ဂလာပန်းကန်ပေါ်တွင် ကောက်ညှင်းထမင်း၊ ပုစွန် တုပ်အကြီးနှစ်ကောင်၊ ငှက်ပျောသီးနှစ်လုံး၊ ဘဲဥနှစ်လုံး တင် ထားရသည်။မင်္ဂလာလင်ပန်းတစ်ချပ်ပေါ်တွင်ပရိတ်ချည် ပတ်ထားသော မြေ(သို့မဟုတ်) ကြေး ရေစင်အိုးနှစ်လုံးတွင် သပြေညွန့်ကိုတည်၍ နေ့နံသင့်သော ပန်းညွန့်နှင့် ပေဖူးလွှာ ခေါ်အခါစာကိုထိုးစိုက်ထားရသည်။အခါစာဆိုသည်မှာ သတို့ သားဘက်မှဗေဒင်ဆရာကနေ့နံသင့်တွက်ချက်၍သတို့သမီး နှင့်မိတ်ဖက်ဖြစ်သော မည်သည့်ပန်းကိုပန်ဆင်ရမည်၊ ရေစင် အိုးတွင်မည်သည့်ပန်းစိုက်ရမည်ဟု ရေးထိုးထားသောစာ ပင်ဖြစ်သည်။
လက်ထပ်ပွဲကျင်းပမည့် နေ့လယ်ပိုင်းတွင် သတို့သမီးအိမ်သို့ သတို့သမီး၏ အဖော်အပျိုများသည် ဝတ်ကောင်းစားလှဝတ်ဆင်၍ လက်ဖွဲ့များ သွားရောက်ပေးလေ့ရှိသည်။ ထိုသို့သွားရောက်၍ လက်ဆောင်များပေးကမ်းခြင်းနှင့် သတို့ သမီးအား ၎င်း၏ အဖော်အဖြစ် စောင့်ရှောက်ခြင်းကို သမီး စောင့်သည် ဟုခေါ်ဆိုကြသည်။ သမီးစောင့်ပွဲသည်သတို့သမီးဘက်မှပြုလုပ် ရသော သတို့သမီး၏ဧည့်ခံပွဲပင် ဖြစ်သည်။ အပျိုများ ပြန်သွားပြီးနောက် ညနေခင်းတွင် မင်္ဂလာ ပွဲကိုဆက်လက်ကျင်းပသည်။ဖိတ်ကြားထားသော ဧည့်ပရိသတ်များက မိမိတို့နှင့်ရင်းနှီးသည့်ဘက်သို့သွား ကြ သည်။
မင်္ဂလာအချိန် ကျရောက်သောအခါ သတို့သားနှင့် ၎င်း၏ ဧည့်ပရိတ်သတ်များကသတို့သမီး၏ အိမ်သို့ စီတန်း၍ သွားကြသည်။သမက်ရှင်(သတိုးသား)သည် သမီးရှင် (သတို့ သမီး)အိမ်သို့ တက်ရသဖြင့် မင်္ဂလာပွဲကို သမက်တက်ပွဲဟု ခေါ်သည်။
သတို့သမီးအိမ်သို့သွားရာတွင်သတို့သားနှင့်၎င်း၏ ပရိသတ်သည်နဂါးခေါင်းလှည့်နှင့်ရင်မဆိုင်ရအောင်ဗေဒင် တွက်ထားသည့်အတိုင်းလှည့်လည်၍သွားရသည်။သျှောင် ထမ်းသူ၊သေတ္တာထမ်းသူ (သတို့သား၏ဖခင်နှင့်အရပ်လူကြီးများ)၊ရေစင်အိုးထမ်းသူ၊အညွန့်အုပ်ကိုင်သူ(သတို့သား မိခင်နှင့်အမျိုးသမီးကြီးများ၊သတို့သား၏ မိတ်ဆွေများ)က တန်းစီ၍လိုက်ပါကြသည်။လူပျိုရံက ဓားကိုထမ်း၍ သတို့ သားဘေးမှလိုက်ပါလာသည်။ရခိုင်ရိုးရာစည်တော်သမား များကလည်း စည်တော်တီး၍ လိုက်ပါကြသည်။သတို့ သမီး အိမ်သို့ရောက်သောအခါ သတို့သားသည် ချက်ချင်း အိမ်ပေါ် သို့တက်ခွင့်မရဘဲ မဏ္ဍပ်တွင်း၌ ရပ်တန့်နေသည်။