ရခိုင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

မြောက်ဉီးခေတ် လေးခင်းသဘင် (ပြာသိုလ)
Image

မြောက်ဉီးခေတ်ရခိုင်ဘုရင်များလက်ထက်က (၁၂ )လ ရာသီ ပွဲလမ်းသဘင်များ ကျင်းပခဲ့ကြပေသည်။ တန်ခူးလတွင် ရေသဘင်ပွဲ၊ လှေပြိုင်ပွဲ (အရပ်သားပွဲ) ၊ ကဆုန်လ ညောင်ရေသွန်းပွဲ၊ နယုန်လ ကိန္နရီဖိုမရုပ် က ပွဲ ဝါဆိုလ ပဥ္ဇင်းခံပွဲ၊ ဝါခေါင်လ စာရေးတံပွဲ၊ တော်သလင်း လလှေပြိုင်ပွဲ(မင်းပွဲ)၊ ဝါကျွတ်လ သက်ကြီးဝါကြီး မိဘ ဘိုးဘွား ဆရာသမားတို့အား ကန်တော့ပွဲ၊ ဆီမီးမြင်းမိုရ်ပွဲ၊ တန်ဆောင်မုန်းလကထိန် ပွဲ၊ နတ်တော်လ မဟာပိန္နဲ နတ် ရုပ်အား ဆွဲပွဲ၊ ပြာသိုလ မြင်းခင်းသဘင်ပွဲ၊ တပိုတွဲလ ရာဂု ချက်ပွဲ၊ ကြာသွတ်အိုးပွဲ၊ တပေါင်းလသဲစေတီပွဲတော် များ ကို ကျင်းပကြ၏။ ဤပွဲတော်များကို အပျော်သက်သက် ပြုလုပ်ကျင်းပခဲ့ခြင်း မဟုတ်ပေ။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ အားကစားရေး စသည်များ ထွန်းကားစည်ပင် ရေးတို့အတွက် ရခိုင်ဘုရင်များ၏ကြီးမားသော ရည်ရွယ် ချက်များဖြင့်ကျင်းပခဲ့ကြခြင်းဖြစ်၏။ ယင်း(၁၂)လရာသီ ပွဲတော်များသည် ဘာသာရေးကို အခြေခံသော ပွဲတော် များ ရှိကြသလို အားကစားနှင့်ဇာတိသွေး ဇာတိ မာန်ကို ပြသခွင့်ရကြသောစွမ်းရည်သတ္တိဆိုင်ရာပွဲတော်များလည်း ပါဝင်ကြပေသည်။

မဟာပညာကျော်ပြောခဲ့သော စွမ်းရည်သတ္တိဆိုင်ရာ ပွဲတော်(၂)ခု

“….မှတ်သားမြဲသွင်း၊ တော်သလင်းဝယ်၊ နေမင်း ဝင်က မူလနက္ခတ်၊ ရုံးမှတ်ဒေဝ၊ နတ်မိမ္မတို့၊ မွေးပျရ မာ၊ သံခေါင်ခါကို၊ ပြုပ္ပာပုရပိုက်၊ ရေနိုက်သဘင်၊ လှေပွဲဆင် ၍….” ဟု မဟာပညာကျော်၏ (၁၂)ရာသီပွဲ   တော် သလင်းလတွင် ရခိုင်ဘုရင်များ လှေပွဲသဘင်ကို ကျင်းပ ပြီးရေတပ်မတော်လူစွမ်းကောင်းကို ရွေးချယ်ချီးမြှောက် ကြောင်းသိရ၏။

တစ်ဖန် ပြာသိုလဖွဲ့တွင် “စဉ်ရှေးပြောဆို လပြာ သိုဝယ်၊ ခွာညိုနွယ်ပန်း၊ မကန်းရုပ်လှ၊ မကာရတိ၊ ဖုသျှ သန်ခေါင်၊ နေရောင်ပျောက်ပြီး၊ ဘရဏီဟု၊ နာရီ ထွက်ဖွဲ့၊ သုံးဆယ်ခြောက်ည၊ ဇရဒွေးနေ့၊ ဘဝါးနေ ပျောက်ပြန်၊ ပုဇွန်တာရ၊ ရောင်မြလျှံလင်း၊ နေလျှံကင်းက၊ မြင်းခင်း သဘင်၊ စီရင်ခန့်မြဲ”အစချီ၍ ပြာသိုလတွင် ရှေးခေတ်က လူစွမ်းကောင်းရွေးပွဲကို ကျင်းပကြောင်း၊ ဘုရင်ကလည်း သူရဲကောင်းတို့၏ အစွမ်းအစများကို ဤပွဲတော်မှ တစေ့ တစောင်း လေ့လာအကဲခတ်နိုင် ကြောင်း သိရသည်။

သို့ဖြစ်၍ မဟာပညာကျော်အမတ်ကြီးက စွမ်းရည် သတ္တိဆိုင်ရာ ပွဲတော်(၂)ရပ်ဖြစ်သော လှေပွဲသဘင်နှင့် မြင်း ခင်းသဘင်တို့၌  မျိုးချစ်အာဇာနည်တို့မှာ စွမ်းရည် သူရ သတ္တိနှင့်စွမ်းရည်တို့ကို စစ်ဆေးနိုင်ခြင်း၊ ချီးမြှင့် သူကောင်း ပြုထိုက်သူကို ရွေးကောက်ချီးမြှောက်နိုင်ခြင်း စသည်တို့ကို ကဗျာလင်္ကာဖြင့် ပြောပြမှတ်တမ်းတင်ခဲ့ ပေသည်။

လေးခင်းပြင်၏တည်နေရာနှင့် အနေအထား

လေးခင်းပြင်ဆိုသည်မှာ မြောက်ဦးခေတ်က ဆင် သည်တော်၊ မြင်းသည်တော်၊ လေးသည်တော်၊ ခြေသည် တော်၊ ရေတပ်မတော်သားတို့၏ စစ်ရေးလေ့ကျင့်ရာ ပြသရာကွင်းပြင်(သို့မဟုတ်)ရှေးခေတ်ကလူစွမ်းကောင်း ရွေးချယ်ရာ ကွင်းပြင်၊ တနည်းအားဖြင့် သူရဲကောင်းတို့ ၏ စွမ်းရည် သတ္တိဆိုင်ရာ ပွဲတော်ကြီး ကျင်းပသည့် အား ကစားကွင်းကြီးတစ်ခုဖြစ်ပေသည်။ ဤပွဲတော်ကို နှစ်စဉ် ပြာသိုလ အခါသမယ၌ ကျင်းပလေ့ရှိ၏။ ထိုလေးခင်း ပြင်မှာ မြောက်ဦး မြို့ရတနာ့မာရ်အောင် ဘုရား၏ အရှေ့ ဘက်၌ တည်ရှိသည်။ ယင်းလေးခင်း သဘင်၏အရှေ့ ဘက်တွင် မြို့တော်တံတိုင်း၊ငမန်းဒုံးကျုံး ၊ကသစ်မြောင်း ကျုံး၊ တောင်ဘက်တွင် အိုင်ဝန်း ကျုံး၊ မီသမကျုံး၊ ဘုန်း ကြီးဒုံကျုံး၊ မြောက်ဘက်တွင် အမြင့် တောင်ခံတပ်၊ ရဲလှ ခံတပ်၊ ရဲလှကျုံး၊ မင်းသမီးကျုံး၊ ကျွဲတင်း ထိမ်ကျုံး နှင့် အနောက်တွင် ဇူနွတ်တောင်ခံတပ်တို့က ဝန်းရံ ကာဆီး လျက်ရှိသည်။

တောင်ဘက်ရှိ အိုင်ဝန်းကျုံးဘောင်ကိုမင်းနေ ရပ် အဖြစ်ကျောက်များဖြင့် အဆင့်ဆင့်ပွဲကြည့်စင်များ စီမံ ဖန်တီးထားလေသည်။ယင်းလေးခင်းပြင်၏ အရှေ့ဘက် တွင် သူရဲကောင်းများနားနေစဉ်၌ သောက်သုံးရန် သူရဲ ကောင်း သောက်ရေတွင်းကိုလည်း ယနေ့တိုင်တွေ့မြင် နိုင်သေးသည်။

ပြာသိုလ လေးခင်းပြင်ဝယ်

ရခိုင်ဘုရင်များသည် “…. ဇာနည်ရဲစွမ်း၊မှုတော် ထမ်း သည်၊ ကြိုးပမ်းအားထုတ်၊ သူရဲစုကား၊ မြဲမှုဆောက် တည် ၊ပြည့်ချေမည်၏” ဟူသော ရခိုင်ရာဇဝင်လင်္ကာကို နှလုံးမူ၍ စစ်သည်သူရဲကောင်းတို့မှာ ပြည်၏ခြေနှင့် တူ သဖြင့် ထူးချွန်သူကို ထူးချွန်သူအလျောက်ချီးမြှောက် မစ သူကောင်းပြုလေ့ရှိခဲ့သည်။တန္တဗိုလ်ရန္တဗိုလ်၊မဟာဇုန္ဓတ် ပျံချီ၊စစ်ကဲကြီး၊ကိုယ်ရံကြီး၊ဒါးပိုင်ကြီး၊မုဇုန္ဓားကြီး စသည် တို့မှာ ဘုရင်ကိုယ်တိုင် ချီးမြှင့်ခဲ့သော ဘွဲ့ထူး၊ ဂုဏ်ထူး များပင် မဟုတ်ပါလော။ ဤကဲ့သို့ထင်ပေါ်သော လူစွမ်း ကောင်း များကို ဘုရင့်သမီးတော်များ ကိုယ်တိုင် ရာထူး အဆင့်အတန်းအလိုက် ဗောင်းတော်များ၊ စလွယ်တော် များ၊လက်ကောက်များ၊လက်စွပ်များ၊လက်ရစ်များ၊ နဘေ များ၊ကြယ်ပွင့်၊ ကိုယ်လွှား၊ ရင်စည်းပဝါများကို ထိုက်တန် သလိုကိုယ်တိုင်ချီးမြှောက်ဆင်ယင်ပေးလေ့ရှိခဲ့သည်။

ရှေးက ဤလေးခင်းပြင်ကြီး၏ နေရာအနှံ့ဝယ် ရခိုင်အောင်လံတော်ကြီး များမှာ တလွန့်လွန့် ကွန့်မြူး လျက်ရှိနေပေလိမ့်မည်။ စစ်ခရာ အမျိုးမျိုးတို့နှင့် အောင် စည်၊ အောင်မောင်း၊ တိုင်စည်၊ တိုက်မောင်း၊ ဒုမ္ဗာ စည် ကြီး တညံညံဖြင့် စစ်ပြင်ဆင်သံ၊ရခိုင်အမျိုးသား စစ်တေး သံတို့မှာ ရခိုင်အာဇာနည်သူရဲကောင်းတို့အား ရဲစိတ် ရဲ မာန် ဇာတိသွေး၊ ဇာတိမာန် တို့ကိုလှုံ့ဆော်နှိုးဆွပေး ပေ လိမ့်မည်။

စစ်သည်တော် သူရဲကောင်းမောင်မယ်တို့မှာလည်း ပြိုင်ပွဲမဝင်ခင် မိမိတို့၏ ဆင်တော်မြင်းတော် များနှင့် တကွ ဆုတော်ပန်ဘုရား၊ ဗိုလ်ဖြိုဘုရား၊ ရန်အောင် ဇေယျ ဘုရား၊ ရတနာ့မာန်အောင်ဘုရားတို့ကို တစ်ပတ်စီလှည့် ကာလှည့်ကာ သုံးလီသုံးခါဝတ်ပြုပြီး ဦးချကန်တော့ ခြင်း၊ ကျမ်းသစ္စာ ကျိန်ဆိုခြင်းများ လုပ်ရပေသည်။ ထိုနည်းတူ ရခိုင်ဘုရင်ကို လည်း သုံးလီသုံးခါ ဦးချဝတ်ပြုခြင်း၊ ကျမ်း သစ္စာကျိန်ဆိုခြင်းများပြုလုပ်ကြရသည်မှာအစဉ်အလာ တစ်ရပ်ပင်ဖြစ်၏။ ယင်းပြီးမှသာ ဆင်သည်တော် လည်း ဆင် သည်တော်အလျောက် မြင်းသည်တော်လည်း မြင်း သည်တော်အလျောက်၊ မိမိတို့၏ဓားရေး၊လှံရေး ၊ဆင်ရေး ၊မြင်းရေးတို့ကိုအသီးသီးထုတ်ဖော်ပြသကြရပေသည်။

ဤလေးခင်းပြင်တွင် ယင်းစစ်သည်သူရဲများ သာ မဟုတ် မင်းညီမင်းသားများလည်း ပါဝင်အစွမ်း ပြသ နိုင်ပါ သည်။ ဘစောဖြူ(အေဒီ ၁၄၅၉-၁၄၈၂)လက်ထက် ဖဒူးမင်းညို၏ ဧချင်းတွင်“ကျော်လေးကမန်၊ ကျင်လည် ဟန်လည်း၊ ပစ်မှန်လေရာ၊ တထွာသံထု၊ နှစ်စုဖို့ဝက်၊ ဝင်ထွက်အမျှ ခန့်တိုင်းကျ၏ ရှင့်ဘ၊ ပျော်ပါး ကစားခလို့၊ ချစ်စိတ်တို့ဖြင့် မင်းကိုယ်လုပ်များ၊ နားထွင်း ကြားဝယ် ၊ မြှားသားဆံဟိ၊ မထိ စေရက်၊ မထွက်စေဘဲ ဝတ်သော နှယ်သို့”ဟူ၍ရေးဖွဲ့ထားသည်ကိုတွေ့ရပေသည်။ ဘစော ဖြူမင်း၏လေးမြှား အတတ် ၌ ထူးကဲ ကျွမ်းကျင်ပုံ၊ တစ် ထွာခန့်ရှိသံထုကိုပင်လေးဖြင့် နှစ်ခြမ်းခွဲနိုင်ပုံ၊ ယင်းသံထု ကို အပေါက်ဖောက်ထွင်းနိုင် စွမ်းရှိပုံ၊ ကိုယ်လုပ်မောင်းမ တို့၏ နားပေါက်တွင်းသို့ အသားကို ဆံတစ်ခြည်မျှ မထိ စေရဘဲ နားဋောင်းပန်ဘိသကဲ့သို့ မြှားကိုပစ်သွင်း နိုင်စွမ်း ရှိပုံ စသည့်ဖြင့် ချီးကျူးထားသည်ကို ထောက်ရှု၍ ယင်း ခေတ်က မင်းညီမင်းသားများလည်း ပါဝင် အစွမ်းပြ နိုင် ကြောင်း သိရှိပေသည်။

ဆင်သည်တော်၊မြင်းသည်တော်များ၏အစွမ်း

ဆင်ခင်းသဘင်မှထူးချွန်ပြောင်မြောက်သူများကို ဘုရင်က ဘွဲ့ထူးများပေးလေ့ရှိခဲ့သည်။ အောင်းမဝန်ကြီး၊ (ဆင်ဝန်ကြီး)အမတ်တော်ဆင်ကဲကြီး၊ ဆင်ထိန်း၊ ပေါင်း ထိန်း စသည်တို့မှာဆင်နှင့်ပတ်သက်၍ ထူးချွန်သော ပုဂ္ဂိုလ်များပင်ဖြစ်ကြသည်။မြောက်ဦးမြို့နယ်၌ ယနေ့တိုင် ဘောင်းဒွတ်ကျေးရွာ၏မြောက်ဘက်တွင် ဆင်ဝန်တောင် နှင့်လေးမြို့ မြစ်ကမ်းတွင် ဆင်ကဲဆိုသောကျေးရွာတို့မှာ အထင်ရှားရှိ နေသေးသည်။

ဆင်ခင်းသဘင်သို့မဝင်မီ ဆင်များအား လေ့ကျင့် သင်ကြားပေးပုံများနှင့်ပတ်သက်၍ တင်ပြရလျှင် ရှေးဦးစွာ ဖမ်းဆီးရမိသော ဆင်ရိုင်းကို အောင်းမများ(ဆင်မယဉ်သာ) များဖြင့်ယဉ်ပါးလာအောင်သွန်သင်ရသည်။တဖန် တိုက် ခိုက် ရေးတို့၌  အသံဗလံများကို     မကြောက်မရွံ့အောင် တိုက်စည်တိုက်မောင်း၊ခွက်ခွင်း၊ပတ်သာစသော တူရိယာ များကို တီးခတ်ပေးခြင်း၊ မီးပေါက်သေနတ်များ၊ အမြှောက် (အဆံမပါ သောအမြောက်)များဖြင့် ပစ်ဖောက်၍ စမ်းသပ် လေ့ကျင့်ရပြီး နောက်တစ်ဆင့်တက်၍ ဆင်အချင်း ချင်း တစ်ကောင်နှင့် တစ်ကောင်မမှတ်မိစေရန် ဟင်္သာပြဒါး များသုတ်လိမ်း၍တိုက် ခိုက်စေသည်။ ကိုယ်ခံပညာတတ် ကျွမ်းစေရန် လေ့ကျင့်သင်ကြားရာ၌ ရှေးဦးစွာ သစ် သား ဖြင့် ပြုလုပ်ထားသော ဓား၊ လှံများဖြင့် တစ်ဆင့်တက်၍ လေ့ကျင့်ပေးပါသည်။

ဤသို့သင်ကြားပေးရာဌာနများမှမြောက်ဦးမြို့နယ်  ဆင်အိုးချေကျေးရွာ အရှေ့ဘက် မြောက်ဦးမြို့အရှေ့ဘက် လေသာတောင်ခံတပ်မှ မြောက်သို့ ပုဏ္ဏမြောင်းထိ၊ တောင်ဘက်တွင် မောင်းဆွဲဓာတ်ထိ တောင်ကြား ချိုင့် ဝှမ်းတို့တွင်ဆင်အိုးငယ်များပြုလုပ်၍ လေ့ကျင့်သင်ကြား ပေးသည်ဟု သိရပါသည်။       
    
သျှစ်သောင်းပုထိုးတော်ကြီး၏ အနောက်ဘက် ဒုတိယထပ်နံရံတွင် ဆင်များကိုစစ်ထိုးရာ၌ အသုံးပြုရန် အတွက်လေ့ကျင့်ပေးနေဟန် ဒိုင်း၊ လွှားကာများကိုင်ပြီး ဆင်များနှင့် တိုက်ခိုက်နေဟန်တို့ကို ရုပ်ကြွများ ထုဆစ် ထားသည်ကို တွေ့ရသည်။လောင်းကြက်ခေတ် ဘုရင်မင်းသမီး၏ စီးတော် ဆင်“ငရဲခက်”မှာ လှံချက်တစ်ထောင်ပိုင်သည်။ ဘုရင် မင်း ဗာကြီး၏စီးတော်ဆင် “ဇီဝစိုး”သည် လှံချက်ငါးရာ ပိုင်သည်ဟုဆို၏။ ယင်းဆင်တို့သည်ရန်သူပစ်လိုက်သော လှံတို့ကိုပဒေသာပင်တွင် ဆွဲထားသော ဖယောင်းတိုင် များကဲ့သို့ တွဲရရွဲရကျစေပြီးမှ တစ်ဖက်ရန်သူကို မိမိနှာ မောင်း ဖြင့် လှံများကို ပြန်လည်ပစ်နိုင်စွမ်းရှိသည်ဟု သိ ရ ပေသည်။

   သို့ဖြစ်၍ ဆင်များကို ရှေ့ခေတ်စစ်မြေပြင် တွင် အသုံးဝင်လှသည့် ရှေ့ခေတ်တင့်ကားတပ်ဟု ဆိုနိုင်ပါ သည်။ ဆင်များအရေးပါပုံနှင့် ပတ်သက်၍ မင်းရာဇာ   အေဒီ (၁၅၀၁-၁၅၁၃)လက်ထက်ရေးခဲ့သော“ကာမန္တကီ” စစ်ကျမ်းတွင် မြေအပြင်ကို တန်ဆာဆင်သည်ကား မြင်း မိုရ်တောင်မင်း၊ ကောင်းကင်ကို တန်ဆာဆင်သည်ကား လမင်း၊လူတို့ကိုတန်ဆာဆင်သည်ကား အထတ(အဌာရသ) ပညာ၊ စစ်ကိုတန်ဆာဆင်ပေး သည်ကား စစ်မြေအပြင်၌ ဆင်နှင့်တူသော “စစ်သည်” လည်းမရှိရာ၊ ဆင်နှင့်တူသော ခင်ပွန်းလည်းမရှိရာ ဆင် နှင့်တူသော အဆွေလည်းမရှိရာ ၊ဆင်နှင့်တူသော ရန်သူ လည်းမရှိရာဟူ၍ မရှိမဖြစ်သည့် စစ်၏ အဆင်တန်ဆာ ဖြစ်သည်ဟု  တင်စားထားပေသည်။

မြင်းသည်တော်များမှာလည်း မိမိတို့မြင်းများကို ဒုန်းစိုင်းလျက် ဓား၊ လှံ၊ လေးများဖြင့် ပစ်မှတ်ပစ်ကွင်း များ ကိုပစ်ခတ်၍ အစွမ်းပြကြရသည်။ထိုမျှမက တန်းစီ ၍ စိုက်ထားသော ငှက်ပျောပင်များပေါ်တွင် ရေဖြည့် ထားသောမြေအိုးငယ်များကို တင်ဆောင်ထားပြီး မြင်း သည်တော်တို့က မြင်းကိုဒုန်းစိုင်းရင်း ထိုငှက်ပျောပင် များ ကို   ခုတ်ဖြတ်ပြသကြသည်။ ယင်းငှက်ပျောပင်များမှာ ဓားချက်ကြောင့် နှစ်ပိုင်း ပြတ်သွားစေကာမူလည်း လဲကျ သွားခြင်း မရှိဘဲ ပကတိ တည်နေသည်။ မြေအိုးငယ် များမှလည်း ရေတစ်စက် တစ်ပေါက်မှ ဖိတ်စဉ်သွားခြင်း မရှိဟု ဆိုပါသည်။

သို့သော်ငှက်ပျောပင်များကို လက်နှင့်တို့ထိလိုက် ရုံ ဖြင့် လဲကျသွားပြီး ရေအိုးငယ်များမှာလည်း ကွဲပြတ် သွား ကြောင်းသိရပေသည်။ ဤရွေ့ဤမျှထိ ဓားရေး ကောင်းသည်ဟု ဆိုပါသည်။ထို့ပြင်ရွှေပွဲလာများက ပစ်ပေးလိုက်သော သံပုရာ သီး၊ ရှောက်ချိုသီး၊ လိမ္မော်သီးများကို မြင်းစိုင်းရင်း ဓား ရေးလှံရေးများကို ပြသကြသည်။ လှံသမားများကလည်း ယင်း အသီးများကိုမြေသို့မကျစေဘဲ လှံများဖြင့် ဖမ်းယူ ထိုးစိုက်၍ လည်းကောင်း၊ ဓားသမားကလည်း ထက်ခြမ်း အညီအမျှပြတ်အောင်ပိုင်းဖြတ်၍စွမ်းရည်ပြသကြသည်။ “ထင်ပေါ် လျှင်စင်တော်ကကောက်” ဆိုသည့်စကား အတိုင်း ထင်ပေါ်သူကို ဘုရင်က ကောက်ယူ မြှောက်စား လေ့ရှိသည်။ လက်ဝဲ မြန်သူကို လက်ဝဲမြန်၊ လက်ဝဲပျံချီ၊ လက်ယာမြန်သူကို လက်ယာမြန်၊ လက် ယာပျံချီစသော ဘွဲ့ထူးဂုဏ်ထူးများ ပေးသနားလေ့ရှိပါသည်။ 

မြင်းဝန်ဆိုသည်မှာလည်း မြင်းနှင့်ပတ်သက်၍ ပေးကမ်းသော ဘွဲ့ထူးဂုဏ်ထူးပင် မဟုတ်ပါလော၊ ယနေ့ တိုင် သာဓကပြစရာအဖြစ် မြောက်ဦးမြို့ရှိ မောလိပ် ကန် ၏တောင်ဘက် ဘုရားသုံးဆူတည်ရှိရာတောင်ကို “မြင်း ဝန်းတောင်”ဟု ခေါ်နေသေးသည်။ မြောက်ဦးမြို့ တောင် ရပ် ရပ်ကွက်ရှိ မြင်းစိုင်းပြင်ရပ်ကွက်မှာ မြင်းသည် တော် များ “ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုသည့်အတိုင်း လေး ခင်းသဘင်သို့ မဝင်မီလေ့ကျင့်သောမြင်းစိုင်းဌာန ပင်ဖြစ် ပါပေသည်။
သမိုင်းတွင်သည့်စစ်သည်တော်များဤလေးခင်းပြင်ကြီးသည် မြောက်ဦးခေတ် ရခိုင် အမျိုးသားတို့၏ ဆင်ခင်းသဘင်၊ မြင်းခင်းသဘင်၊ လေး ခင်းသဘင်ကျင်းပရာ ရခိုင်ဂုဏ်ဆောင်သူရဲကောင်းများကို မွေးထုတ်ရာ မြောက်ဦးသားတို့၏ စွမ်းရည် သတ္တိကိုပြသ ရာ၊ မျိုးချစ်အာဇာနည်ဇာမဏီတို့၏ ဇာတိ သွေး၊ ဇာတိ မာန်ကိုဖော်ကျူးရာ၊ ရခိုင်ဘုရင်တို့၏ လူစွမ်းကောင်း ရွေးချယ်ရာ ကွင်းပြင်ကြီးတစ်ခု ဖြစ်ပေသည်။

လုံးရန်ဖြိုတပ်၊ ကုလားအတွင်းစစ်ချီတပ်၊ စိုက် တန်းတပ်၊ မုဇုန္ဒာကြီးတပ်၊ ကုလားတန်စားတပ်၊ ကျောက် တော်စားတပ်၊ ကိုယ်ရံတော်တပ်၊ အိမ်ရှေ့မီးပေါက် ကိုင်တပ်၊ စစ်ကဲကြီးလက်ဝဲမြန်တပ်၊ စစ်ကဲကြီးလက် ယာမြန်တပ်၊ ဉရာဇ်တောင်တပ်၊ အဇီခံတပ်၊ ရွှေစုန်တပ်၊ ဇုန္ဒတ်လက်ယာပျံချီတပ်၊ ဇုန္ဒတ်လက်ဝဲပျံချီတပ်၊ သောင်း တီးစားတပ်စသည်တို့မှ ဤလေးခင်းပြင်ကြီးမှ မွေးထုတ် ပေးလိုက်သော ရခိုင်အာဇာနည် တပ်မတော်ကြီးများပင် မဟုတ်ပါလော။

ထို့ပြင်ရခိုင်ရေတပ်မတော်တွင်ပေါ်တူဂီ၊ ယိုးဒယား၊ ဂျပန်၊ အင်းဝ၊ ဟံသာဝတီ၊ ဘင်္ဂလားနှင့် မဂိုစစ်သည်များ ကိုလည်း ငှားရမ်းအသုံးပြုထားကြောင်း ရခိုင်ဘုရင်တွင် ခြေလျင်တပ်သား တစ်သန်း၊ ဆင်တပ်အင်အား ၁၅၀၀၊ စစ်လှေတစ်သောင်း ပိုင်ဆိုင်ပြီး အမြောက်အင်အားမှာ မရေတွက်နိုင်ကြောင်း၊ ရေတပ်သည် ပင်လယ်လှိုင်း ထက်ပင် များပြားကြောင်း နိုင်ငံခြားမှတ်တမ်းများက ဆိုသည်။ ဤလေးခင်းပြင်မှ မွေးထုတ်သန့်စင်ပေး လိုက်သော အာဇာနည်များမှာလည်း ရေတွက်၍ ရနိုင် တော့မည်မဟုတ်ချေ။ တချို့လူပင်သေ သော်ငြားလည်း နာမည်မသေဘဲ သမိုင်းတွင်ကျန်ရစ်လျက် ယနေ့တိုင် မြောက်ဦးမြို့တော်ဝိညာဉ်တမျှ ရှိနေသေးသည်။ 

        ရခိုင် တပ်မတော် ဖွဲ့စည်းအုပ်ချုပ်ပုံကို ဦးသာထွန်း အောင် ရေး ရခိုင်မဟာရာဇဝင်တော်ကြီးက ဤသို့ဆို ထားပါသည်။စစ်သည်တော်တို့၌ တစ်ကျိပ်သောသူသည် တစ်ယောက်သောအကြီးအုပ်ချုပ်စေရာသည်။ တစ်ကျိပ် သောအကြီးသည် တစ်ယောက်သောတပ်မင်းကို အုပ် ချုပ်စေရာသည်။ တစ်ကျိပ်သောတပ်မင်းသည် တစ် ယောက်သော ဗိုလ်မင်းအုပ်ချုပ်စေရာသည်။ တစ်ကျိပ် သောဗိုလ်မင်းသည် တစ်ယောက်သောမင်း၏ အစီရင် ကိုနာခံ၍ ကြည့်ရှုစောင့်ရှောက် အုပ်ချုပ်ထိန်းသိမ်း စေ ရာသည်။ (တစ်ယောက်သောမင်းဆိုသည်မှာ အိမ်ရှေ့ သို့မဟုတ် လက်အောက်ခံမင်းငယ်တစ်ပါးပါးကို ဆိုလို ဟန်ရှိသည်။) ဤစစ်သည်တော်များမှာလည်း မြောက်ဦး လေးခင်းပြင်ကြီးမှ မွေးဖွားပေးလိုက်သည် မဟုတ်ပါ လော။ 
သာဓကအားဖြင့် ဘုရင်မင်းဗာကြီးသည် (အေဒီ ၁၅၃၁-၁၅၅၃) လက်ထက် ပေါ်ထွန်းခဲ့သော အမတ်ကြီး ဆင်ပဲ“ကြိုင်လှီ” (ကြိုင်ရွှီ) သည် ဆင်ပြောင်တစ်စီးအား ရှိသည်ဟုဆိုသည်။ တစ်နေ့တွင် ဘုရင်၏ စီးတော်ဆင် မှာ မုန်ယိုနေသဖြင့်မည်သို့မျှထိန်းမရတော့သဖြင့် အမတ် ကြီးကြိုင်ရွှီက ဒေါသထွက်ပြီး အစွယ် တစ်ချောင်းကို   ကိုင်၍ ဖြောင်းခနဲချိုးလိုက်ပေသည်။ ထိုဆင်စွယ် ချိုး လိုက်သောအရပ်ကိုလည်း“ဆင်စွယ်ကျိုး”ဟု ယနေ့တိုင် တွင်နေသေးသည်။ထိုဒေသမှာမြောက်ဦးမြို့နယ် လေးမြို့ မြစ်ကမ်းပေါ်တွင်တည်ရှိပါသည်။
မဟာသမတရာဇာ (အေဒီ ၁၂၇၈၂-၁၇၈၅ ) လက်ထက်မှာ သူရဲကောင်းတစ်ဦးဖြစ်သော “ငခွက်ပေါက်” ဆိုလျှင် သူ၏မှုတ်ပြောင်းဖြင့် အုန်းပင်၊ ထန်းပင်များကို ထုတ်ချင်းပေါက် ပစ်နိုင်စွမ်းရှိသည်။ “ငခွက်ပေါက်”    တွင်ခြင်းမှာလည်း သူ၏ပါးစပ်ဖြင့် လေအားကိုသုံးပြီး မြေခွက်များကို ဖောက်နိုင်စွမ်းရှိသည်ဟုဆိုသည်။ “ကျွဲ တစ်ကောင်နိုင်”ဆိုသူမှာလည်းသူ၏အတွင်းအားကိုသုံး၍ ကျွဲတစ်ကောင်အား လက်ဝါးဖြင့်ပုတ်လိုက်ရုံဖြင့် ထိုကျွဲ မှာပွဲချင်းပြီးသေဆုံးနိုင်သည်။ “ငပိုးလုံး” ဆိုသည်မှာ ကြသောင်းဝါး (ဝါးပိုးဝါး)များကိုထမ်း၍ နှစ်ယူဇနာခန့် ခေါက်တုံခေါက်ပြန် ပြေးနိုင်စွမ်းရှိသည်ဟုဆို၏။ဤကဲ့သို့သော ပုဂ္ဂိုလ်များမှာ လူပင်သေသော် လည်း နာမည်မသေသော သမိုင်းတွင်ရစ်သည့် အာဇာ နည်များ ပင်ဖြစ်ပေသည်။

          ပြည်ဘောင်ရက္ခနွယ်ညောင်းကြက်ပမာ “ဂုဏ်ရောင်တောက်ပြောင်၊ စောဘုန်းခေါင်၊ နိ ရောင်လရောင်၊ အတူဆောင်၊ ဇာနိရာမရှောင်၊ မိတ္တာ ဆောင်၊ ရန်နိုင်အောင်၊ ပြည်ဘောင်ရက္ခာ၊နွယ်ညောင်း ကြက်ပမာ၊ တည်ထောင်လျက်လာ၊ တေဇာမညှိုးပါ၊ အာဇာနည်ပြောင်ပြောင်၊ သတ္တိဇွဲကိုဆောင်၊ ဂုဏ်ရည် မညှိုး၊ ဇာနည်မျိုးတော်၊ ဗီဇအနွယ်၊ ဇာနည်မျိုးဟေ့ ညီကြဇိလေအောင်မည်မလွဲပေ သူရဲကောင်းမယ်မောင်၊ ကိုယ့်လက်နက်ကိုင်ဆောင်၊ အမျိုးဘာသာသာသနာ ရောင်၊ ထွန်းလင်းပြောင်အောင်၊ သင့်တာဝန်ဆောင်” ဆို သော  သေနင်္ဂဗျူဟာကျမ်းလာစစ်ချီသံမှာ စစ်သည် တော်များအဖို့ ကြက်သီးမွှေးညင်းထပြီး ဇာတိသွေး ဇာတိမာန်တက်ကြွလာမည်မှာ မြေကြီးလက်ခက်မလွှဲ ပေ။ ပြည်ရှင်မင်းတို့မှာလည်း “ရွှေပြည်စိုးခြင်း၊ အမင်း မင်းတို့၊ ဦးကင်းမလွန်၊ တံခွန်မတိ မျက်စိမဖောက်၊ နားမဖောက်မပယ်၊ ပြည်စွယ်မခွာ၊ မျက်နှာမလွှမ်း၊ ပြည် ဝမ်းမမွေ၊ ပြည်ခြေမဖျက်၊ ပြည်လက်မဖြတ်၊ ကျင့်နိုင် တတ်မှ၊ နဝရတ်ကိုးဖြာဆင်ရသည်၊ တန်ဆာမင်းတို့၊ ကျင့်ထုံးတည်း”ဟု ရခိုင်ရာဇဝင်လင်္ကာအတိုင်း ချီးမြှောက် သူကောင်းပြုထိုက်သူကို ချီးမြှောက် သူကောင်းပြုလေ့ရှိပါ သည်။သို့ဖြစ်၍ ပြည့်ရှင်မင်းနှင့် ရခိုင်အာဇာနည်သူရဲ ကောင်းမောင်တို့မှာ ပြည်ဘောင်ရက္ခာကို နွယ်ညောင် ကြက်သည်ပမာ ကာကွယ်ထိန်းသိမ်းခဲ့ကြပြီး အမျိုးသီလ နှစ်ဌာနကို စောင့်ရှောက်ခဲ့ကြသည်။ အတိတ်က ဤ လေးခင်းပြင်ကြီးတွင် စစ်သည်တော် အပေါင်းတို့မှာ ရောင်စုံ ချိတ်မိန်ညိုတို့ကို ဝတ်ဆင်လျှက် အမျိုးသား သီ ချင်းများကို သံပြိုင်သီဆိုခဲ့ကြပေလိမ့်မည်။ ကျမ်းသစ္စာ ကျိန်ဆိုခြင်း ကိုလည်းအတိုင်အဖောက်ညီညီ ဟစ်ကြွေးခဲ့ ပေလိမ့်မည်။ စစ်ခရာသံအောင်စည်အောင် မောင်းတိုက် စည်တိုက် မောင်းသံများဆင်အော်သံမြင်းဟီးသံများကား  ရိုးမမှ ပဲ့တင်ထပ်ခဲ့ပေလိမ့်မည်။

စစ်သည်တော်တို့အား ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများနှင့် ရိုးရာနတ်တို့အား အမြဲဆည်း ကပ်ပူဇော်ကြ၏။ဝန်းတီးနတ်ကားစစ်ရေးနှင့်မဆိုင်သော ရိုးရာနတ် မဟုတ်လော၊ ဝန်းတီးနတ်တောင်သည် လေး ခင်းပြင်၏တောင်ဘက်မျက်စောင်းထိုး၌ရှိ၏။ သူမပါလျှင် လည်းပွဲမပြီးချေ။ ဤလေးခင်းပြင်မှ စစ်သည်တော် သူရဲ အပေါင်းတို့ ဘုရားဝတ်ပြုဦးချတိုင်း သာဓုခေါ်၏။ စစ်ချီ တေးသံကိုကြားသူတိုင်းလည်း ပီတိဖြစ်၏။ အောင်စည် အောင်မောင်းတီးခတ်တိုင်းလည်း သူကြက်သီးမွှေး ညှင်း ထမိ၏။ ဘုရင့်သမီးတော်များက အောင်ပွဲရစစ်သူရဲတို့ အားဆုချီးမြှင့်တိုင်းလည်းရယ်ရွှင်ပြုံးတုံ့၊မပြုံးတုံ့၊ ကောင်း ချီး ဩဘာပေး၏။ဓားဓားချင်းထိသံ၊ လှံလှံချင်း ထိသံ  ၊ ကြားရတိုင်းလည်း သူဇာတိမာန်တက်ကြွပေလိမ့်မည်။

မည်သို့ဆိုစေ ရခိုင်ဘုရင်မင်းမြတ်တို့၏ သူရဲ ကောင်း စစ်သည်တော်တို့၏ စွမ်းရည်သတ္တိကိုစစ်ဆေး သောပွဲ၊ လူစွမ်းကောင်းရွေးသော မျိုးချစ်အာဇာနည် ဇာမရီတို့၏ဇာတိသွေး၊ ဇာတိမာန်ပြသသော၊ ချီးမြှင့် သူ ကောင်းပြုထိုက်သူတို့ကိုရွေးချယ်သူကောင်းပြုသေလေး ခင်းသဘင်ပွဲတော်ကြီး နှစ်စဉ်နှစ်တိုင်း ကြက်ပျံမကျ စည် ကားခဲ့ပေလိမ့်မည်ကို မြင်ယောင်နေမိပါတော့သတည်း။