ပြည်ထောင်စုမြန်မာနိုင်ငံတွင်မှီတင်းနေထိုင်ကြ သောတိုင်းရင်းသားအားလုံးတွင်ကိုယ်ပိုင်စာပေ၊ကိုယ်ပိုင် ယဉ်ကျေးမှုနှင့်အတူ ဓလေ့ထုံးစံများသည် လူမျိုးတစ်မျိုး နှင့် တစ်မျိုး မတူကွဲပြားခြားနားနေသည်မှာ ချစ်စရာ၊ လေ့လာစရာ၊သိမှတ်စရာများပင်ဖြစ်ကြ ပေသည်။ နေ့အလိုက်(၁၂)လရာသီအလိုက် ထူးခြားဆန်းပြားသော ပွဲတော်များလည်းရှိကြသလို စဉ်လာမပျက် နှစ်စဉ်ကျင်းပသော ပွဲတော်များလည်းရှိကြပါသည်။
သမိုင်းဟူသည် ဖျောက်ဖျက်၍ ရကောင်းသော အရာမဟုတ်ပေ၊ ရခိုင်ဟူသည် ဓညဝတီ၊ဝေသာလီ၊ လေးမြို့၊ မြောက်ဦး စသော ခေတ်ကြီးလေးခေတ်နှင့် စဉ်လာမပျက်ကြီးကျယ် ထွန်းကားခဲ့သလို ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်းနှင့် နေလာခဲ့ကြသောနန်းဆက်၊မြို့ဆက်၊သကျသာကီဝင်အာရိယံနွယ်ဖွား ရခိုင်မျိုးဆက် ဖြစ်ပါပေသည်။ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုနှင့် အတူ ဘာသာတရား လေးစား ကြည်ညိုသော မျိုးရိုး ဖြစ်သည် ကိုလည်း စေတီ၊ပုထိုး၊ဓာတ်တော်မွေတော်နှင့် ယဉ်ကျေး မှုကျောက်ဆစ်လက်ရာများကယနေ့တိုင်သက်သေ အထောက်အထားပြသနိုင်ဆဲဖြစ်ပါသည်။
သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီတည်ပွဲသည် သမိုင်းကြောင်းအရ တတိယဓညဝတီခေတ် BC ၅၅၄ တွင် ရခိုင်ဘုရင် စန္ဒသူရိယ ပင့်ဖိတ်မှုကြောင့် မြတ် ဗုဒ္ဓသျှင်တော် ကြွချီရောက်လာသည့်အခါကပင် ရဟန်းသျှင်လူများ ဗုဒ္ဓဟောကြား မြတ်တရားကြောင့် သရဏဂုံ ကိုခါးဝတ်ပုဆိုးကဲ့သို့မြဲစွာစောင့်ထိန်းလာခဲ့ကြပါသည်။ စေတီဘုရား၊ကျောင်းကန်များနှင့်အလှူ ဒါနရက်ရောကြသည်ကို ရခိုင်ပြည်အနှံ့ တည်ရှိနေသောစေတီ၊ ပုထိုးများ ကသက်သေခံနေကြသည်။ ယင်းခေတ် ယင်း ကာလပင် သျှစ်သောင်းမြောက်ပွဲ ဓလေ့အစဉ်အလာ ရှိခဲ့ကြောင်း သမိုင်းအထောက်အ ထားရှိခဲ့သလို ရခိုင်စာဆိုရှင်များက-လဝါပေါင်း၊ ခါချိန်ပြောင်းလေ့၊ မြစ်ပြင်သီတာ၊ သဲပြင် သာထက်၊ အံ့အားစလောက်၊သျှစ်သောင်းမြောက်၍၊ စိုက် ဆောက်တင်းခွန်၊ သီးလောင်းပွင့်သော၊ ဖူးအံ့မြော်၍၊ ပန်းမောလ်နီဖြူ၊ မြစ်လုံးဆူမျှ ၊ဇမ္ဗူမိုးပြင် ၊ရိုးကျင်ခမန်း၊ ပီး လှူဒါန်းဧ- ဟူ၍သျှစ်သောင်းမြောက် ပွဲကိုတင် စားရေးဖွဲ့ထားခဲ့ပေသည်။အဓိကဆိုလိုသည်မှာ သဲပုံစေတီ တည် ခြင်းကြောင်း နောင်လာမည့် အရိမေတ္တေယျဘုရားကို ဖူး တွေ့ရနိုင်ကြောင်းနှင့်နိဗ္ဗာန်-မဂ်လမ်းရည်မျှော်မှန်းကာကြီးငယ်မရွေးသဲပုံစေတီ ကိုတည်ဆောက် ကုသိုလ်ယူ ကြပေသည်။ ရခိုင်ပြည်သည် ပင်လယ်သဲသောင်ပေါများသည့်အာရက္ခဒေသဖြစ်ရာယခုအခါ ရခိုင်တိုင်းရင်းသားတို့၏ သမိုင်းဝင်ယဉ်ကျေးမှုဖြစ်သည့် တပေါင်းလတွင် နှစ်စဉ်ကျင်းပ မြဲဖြစ်သော သျှစ်သောင်းမြောက်ပွဲခေါ် သဲပုံစေတီတည် ပွဲအကြောင်းကို ပြည်ထောင်စုတိုင်းရင်းသားတိုင်း သိရှိနိုင်ရန်စာတမ်းငယ်အဖြစ် ရေးသားပြုစု တင်ပြ လိုက်ရပေသည်။
သျှစ်သောင်းမြောက်ပွဲ (ခေါ်) သဲပုံစေတီပွဲကို သာကီ မဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့ နာယက၊ ရခိုင်သုတသန ပညာရှင် ဆရာဦးအောင်လှသိန်းမှ ၂၀၀၁- ခုနှစ်တွင် စစ်တွေမြို့၊စစ်တွေဟိုတယ်ရှေ့ သဲသောင်ပြင်ကြီးတွင် စတင်ဖော်ထုတ်လုပ်ဆောင်နိုင်ခဲ့ပေသည်။ အစပထမနှစ် များတွင် လူသိနည်း၍ မျှော်မှန်းသလောက် စည်ကား သိုက်မြိုက်မှု မရှိခဲ့သော်လည်း ၂၀၁၂-ခုနှစ် မှ စတင်ကာ သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ကာ ရခိုင်ရိုးရာစဉ်လာမပျက် ကြီးကျယ်ခမ်းနား ရိုးရာပုံစုံဖြင့် ရခိုင်မင်္ဂလာစည်တော် တီးခတ်ယင်း-ရခိုင်ရိုးရာ ဝတ်စား ဆင်ယင်မှုများဖြင့် ထီး၊ တံခွန်၊ကုက္ကား၊ဆီးမီး၊နံ့သာထွန်း ညှိပူဇော်ကာသဲပုံစေတီပွဲကိုဆင်နွဲလာခဲ့ကြသည်။ သံဃာတော်များ ပင့်ဖိတ်ကာရေစက်ချ အမျှဝေ သာဓု အနုမောဒနာ တရားဟောကြားရင်း သျှစ်သောင်းမြောက် ပွဲကို ပြည်သူတစ်ရပ်လုံး စည်ကားသိုက်မြိုက်စွာ ရိုးရာ ဓလေ့ ပျော်မွေ့စွာ ကျင်းပလာခဲ့ကြပေသည်။
ကြိုတင်ပြင်ဆင်မှုများအရတပေါင်းလပြည့်မတိုင် မီ(၇)ရက်အလိုခန့်ကပင် သာကီမဏ္ဍိုင်အဖွဲ့ဝင်များကို ပွဲ တော်အတွက် လိုအပ်သောထီး၊တံခွန်၊ကုက္ကား၊ သာသနာ့ အောင်လံများကို ရောင်စုံစက္ကူများဖြင့် သေသပ်လှပစွာ ပြုလုပ်ကြသည်။ ဆီမီး၊နံ့သာများစီစဉ်ကာ၇-လံ၊၉-လံရှည်သော အဖြူရောင်တံခွန် ဖြင့်တံခွန်အလုံးအရင်းများပြုလုပ်ထားကြသည်။(တံခွန်ထည့်ခြင်း မှာမလွတ်မကျွတ် သောဝေနေယျသတ္တဝါများကျွတ်လွတ်စေရန် ရည်ရွယ်၍ ထည့်ရခြင်း ဖြစ်ပါသည်။)
ပွဲတော်ကျင်းပမည့် တပေါင်းလပြည့်နေ့တွင် ဒီရေ အတက်အကျကိုလိုက်၍ မနက်စောစော ၉-နာရီ ခန့်က ပင် သာသနာအောင်လံတော်ကြီး(၄)လံဖြင့် သဲပုံစေတီ တည်မည့်မြေနေရာအကျယ်အဝန်းကိုသတ်မှတ်အောင်လံ တိုင်စိုက်ထူထားကြရပေသည်။
နေ့လည်၁၂နာရီမှစ၍သာကီမဏ္ဍိုင်အဖွဲ့ဝင်များမှာ ရိုးရာဝတ်စုံဖြင့် ဆင်ယင်၍လည်းကောင်း ထီး၊ တံခွန်၊ ကုက္ကား၊ ပန်း၊ ဆီမီး၊ နံ့သာများ ယူဆောင်ကာ စစ်တွေ မြို့ကိုလှည့်လည်၍ စစ်တွေဟိုတယ်ရှေ့ကမ်းခြေသို့ သွား ရောက်ကြပေသည်။ကမ်းခြေအနီးရောက်သည့်အခါရိုးရာ ဓလေ့အစဉ်အလာအရ ရှေ့ဆုံးမှ သာသနာ့အလံ ၊ ကြေး စည်၊ တရားပွဲ၊ရခိုင်မင်္ဂလာစည်တော်၊ထီး၊တံခွန်၊ ကုက္ကား၊ ဆီမီး၊ ပန်း (ကြာပန်း)များ ကိုင်ဆောင်၍ နောက်ဆုံးတွင် ရခိုင်အိုးစည်အဖွဲ့နှင့်ရခိုင်သံချပ်ကြီးသီဆိုကာကခုန် ပျော်ပါး၍လိုက်ပါကာမဏ္ဍိုင်စုရပ်သဲသောင်ပြင်နေရာသို့ စည် ကားသိုက်မြိုက်စွာ စီတန်းလှည့်လည်၍ သွားကြသည်မှာ ရခိုင်သမိုင်းယဉ်ကျေးမှုအစဉ်အလာကိုတွေ့သိမြင်ရသော ဓလေ့စရိုက်ပေါ်လွင်လှပပေသည်။
မဏ္ဍိုင်စုရပ်သို့ရောက်သည်နှင့်တပြိုင်နက်အ သင့်ပါ လာသောပေါက်ပြား၊ ကော်ပြားများဖြင့် ရခိုင်လူငယ်များ ကသဲပြင်ကို တူးဆွကြသလို အမျိုးသမီးများမှာ စေတီ တည်မည့်နေရာသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းရွှေ့စုပုံကြ သည်။ ၎င်းနည်းတူစစ်တွေမြို့ပေါ်ရှိ အဖွဲ့အစည်းများ၊ မိသားစုများအပါအဝင် ဒါနပြုကုသိုလ်ယူရန် လာရောက် ကြသော ကလေးသူငယ်လူကြီးပြည်သူများ ကလည်း တပိုင်တနိုင်စေတီတည်ကြသည်။ ဝါသနာရှင်၊ စေတနာ ရှင်၊ပညာရှင်များကလည်း စေတီပုံစံ အမျိုးမျိုးတည်ကြ သည်၊ နဂါးရုံ ဘုရား၊ သျှစ်သောင်းထုက္ကံသိမ်၊မဟာဗောဓိ၊ လျောင်းတော်မူဘုရား ၊ထိုင်တော်မူဘုရား၊ ဘုရားပုထိုး များ၊စေတီတောင်များ၊ပန်းကြာများနှင့် ရေကန်များ အပါ အဝင် ထူးခြားဆန်းကြယ်သော စေတီများကို အမြင့် ၂-ပေမှစ၍ ၅-ပေ အထိ တည်ကြသည်။ စေတီဘုရားများ တွင်လည်းပန်းတင်ခြင်း၊ဆီမီးနံ့သာထွန်းညှိပူဇော်ခြင်း၊ထီးတင်ခြင်း၊သာသနာ့အောင် လံလွှင့်ထူခြင်း၊ ကုက္ကား၊ တံခွန်များ ၊သာသနာ့အောင်လံများ စိုက်ထူခြင်းများ နှင့်ဒါနကုသိုလ်ယူကြသည်။ သဲများနှင့်စေတီတည်လင့်ကစား ပကတိစေတီကဲ့သို့ ဖူးမျှော်ကြည်ညိုကြ သည်မှာ ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများတို့၏ ထူးခြား သောဓလေ့စရိုက်ကို ပေါ်လွင်စေသည်မှာ အမှန်ပင်ဖြစ် သည်။
သျှစ်သောင်းမြောက်ပွဲကိုဦးဆောင်ကျင်းပသော သာကီမဏ္ဍိုင် ရခိုင်ယဉ်ကျေးမှုအဖွဲ့၏ ဖေါ်ထုတ်မှုမှာ တော့ထူးထူးခြားခြားတွေ့မြင်ရသည်။ သာကီမဏ္ဍိုင်အဖွဲ့ သားများကသဲကိုတူးဆွကာ အဖွဲ့သူများက သယ်ကြရွှေ့ ကြနှင့်တက်ညီလက်ညီပျော်ရွှင်စွာလုပ်ဆောင်ကြသည်။ တပေါင်းလနွေရာသီနေပူဒဏ်ကိုမမှုဘဲချွေး တဒီးဒီးနှင့် လုပ်ဆောင်ကြသည်မှာအားရစရာကောင်းသလိုမဟာ ဗောဓိသဲစေတီပြီးမြောက်စေရန် ကုသိုလ်ယူ ဖေါ်ထုတ် ကြသည်။ မဟာဗောဓိစေတီ တည်သည့် ကာလတွင် လည်း ရခိုင်စည်သံ“တဗြိန်ဗြိန်”“တဟိန်းဟိန်း”နှင့်အဆက်မပြတ်ဝတ်စုံဆင်တူနှင့်တီးခတ်ပူဇော်ကြသည်မှာ အားရဖွယ်ကောင်းလှပေစွ၊ စေတီ တော်ပြီးသည်နှင့် ထီးတင်ခြင်း၊ ပန်း၊ဆီမီး၊နံ့သာဖြင့် ပူဇော်ခြင်း၊ ရခိုင် မင်္ဂလာစည်တော်တီးခတ်ပြီး စေတီတော် ကိုပတ်လည်၃-ပတ်စီတန်းလှည့်လည် ပူဇော်ကြရာလာရောက်ကြည့်ရှုသောပြည်သူများအဖို့ပီတိသောမနဿဖြစ်ကြရပေသည်။
သဲပုံစေတီတည်ရာတွင် အဓိကထူးခြားချက်မှာ ပင်လယ်မှ ဒီရေတိုက်စား၍ သဲစေတီ ပြိုပျက်အောင် ထိ စောင့်ဆိုင်း ကုသိုလ်ယူခြင်းပင်ဖြစ်သည်။ဗုဒ္ဓဟောကြား မြတ်တရားအရ သင်္ခါရသဘောတရား ၊ မမြဲခြင်းကို သဲ စေတီပြိုပျက်မှုအား ကြည့်ယင်း သဲစေတီ ပြိုကွဲပျက်စီး သလို ငါ၏ခန္ဓာသည်လည်း မမြဲပါတကားဟု အနိစ္စ သဘောနှင့် ရှုမြင်တတ်ရန် အလွန်အရေးကြီး ပေသည်။
နေလုံးကညို၊စေတီပြိုပြီ၊ငါ့ကိုယ်လည်းမမြဲ၊အနိစ္စ သဘောပဲဟု၊ဆင်ခြင်ရင်း၊ သျှစ်သောင်းမြောက် ပွဲ (ခေါ်) သဲပုံစေတီပွဲမှာ၊ တပေါင်းလပြည့်၊ ညနေဆည်းဆာတွင်၊ သဲသောင်ပြင်အတိ ပြန်လည် သက်ဝင်ဆဲပါ တကား…..။