ရခိုင်လူမျိုးတို့သည် ဓညဝတီခေတ်တွင် မဟာ သက္ကရာဇ် (၁၂၃)ခုနှစ် စန္ဒသူရိယဘုရင်မင်းမြတ်၏ မနော အာရုံဖြင့် ပင့်ဖိတ်ချက်အရ ရခိုင်ပြည်သို့ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဒေသစာရီ ကြွချီတော်မူ လာပြီး ဗုဒ္ဓတရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးသည့် အချိန်မှစတင်ကာ ယနေ့ထိတိုင်အောင် သက်ဝင်ယုံကြည် ခဲ့ကြသူများဖြစ်ပေသည်။ ရခိုင်လူမျိုးတို့သည် အရှေ့တောင် အာရှ၏ ပထမဆုံးသော ထေရဝါဒဗုဒ္ဓဘာသာကို ယုံကြည် ကိုးကွယ်သော လူမျိုးကြီးဖြစ်ပြီး၊ ရခိုင်ယဉ်ကျေးမှုသည်လည်း ထေရဝါဒဗုဒ္ဓဘာသာမှ အခြေခံ၍ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ရခိုင်လူမျိုးတို့တွင် ဘာသာရေးနှင့် ယုံကြည် ကိုးကွယ်မှုဆိုင်ရာ ရခိုင့်ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာ များစွာ ရှိသည့်အနက်မှ ရခိုင်လူထု တစ်မျိူးသားလုံး စိတ်အားထက်သန်စွာဖြင့် အထွတ်အမြတ် လှူဒါန်းပြုလုပ် ကြသည့် “ ရခိုင်ရိုးရာရှင်ပြုပွဲ ” အား လေ့လာသိရှိစေရန် အတွက် ရည်ရွယ်၍ ရေးသားတင်ပြအပ်ပါသည်။
ဗုဒ္ဓဘာသာဝင်လူမျိုးတိုင်းအတွက် ဘာသာရေးနှင့် သက်ဆိုင်သော ရှင်ပြု၊ ရဟန်းခံခြင်း အလှူမင်္ဂလာသည် အမြတ်ဆုံးသော လှူဒါန်းမှုလုပ်ဆောင်ချက် တစ်ရပ်ဖြစ် သည်။ ဗုဒ္ဓဘာသာဝင်လူမျိုးများသည် အရွယ်ရောက် လာသော မိမိတို့၏ သားသမီးများကို မြတ်စွာဘုရားရှင်၏ သာသနာ့ဘောင်အတွင်းသို့ သွတ်သွင်းလေ့ရှိကြသည်။ ထို့နည်းတူစွာ ရခိုင်တိုင်းရင်းသားများတွင်လည်း သားရလျင် ရှင်ပြုမည်ဟု အားခဲထားကြပြီး ဆင်းရဲချမ်းသာ လူတန်းစား မရွေး မိမိတို့၏ သားများကို ရှင်ပြုအလှူမင်္ဂလာပြုရမှသာ ဝမ်းမြောက်ကျေနပ်ကြပေသည်။
ရှင်ပြုမင်္ဂလာပွဲဟူသည် ဗုဒ္ဓသာသနာစည်ပင် ပြန့်ပွားစေရန် အလို့ငှာ သားယောကျ်ားလေးများကို ရဟန်းအသွင်ဖန်ဆင်းပြီး သင်္ကန်းစည်းပေးရခြင်းပင်ဖြစ် သည်။ ရခိုင်လူမျိုးမိဘတို့သည် မိမိတို့၏သားများကို သာသနာဘောင်အတွင်းသို့ သွတ်သွင်းချီးမြှင်ပေးခြင်းဖြင့် အပါယ်တံခါးပိတ်စေသည်ဟု ယူဆပြီး လှူဒါန်းကြသည်။ ရဟန်းမိ၊ ရဟန်းဖ၊ ကိုယ်ရင်မိ၊ ကိုယ်ရင်ဖဟူ၍ နာမ်စားဖြင့် အခေါ်ခံရသည်ကို ဂုဏ်ယူ ဝမ်းမြောက်ကြသလို ရှင်ပြု ရဟန်းခံ ပြုလုပ်ရသော သားယောကျ်ားလေးများအဖို့
ရှင်လိင်ပြန်သည်ကိုလည်း ဂုဏ်ယူကြသည်။ ရှင်ပြု ရဟန်းခံအလှူပြုလုပ်ပေးခြင်းသည် သားယောကျ်ား လေးများအဖို့ ဘာသာရေးအရ အရေးကြီးသည့် ပြုသင့်ပြုထိုက်သော ကိစ္စတစ်ရပ်ဖြစ်သလို လူမှုရေးအရ ဘဝခရီးလမ်း လျှောက်လှမ်းရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် လူရာသွင်းပေးလိုက်ခြင်း တစ်မျိုးလည်း ဖြစ်ပေသည်။ ထို့ကြောင့် ရှင်ပြုအလှူပွဲကို သားယောက်ျား များရှိသောမိဘတိုင်း မဖြစ်မနေ ပြုလုပ်လှူဒါန်းကြသည်။
ရခိုင့်ရိုးရာ ရှင်ပြုပွဲကို ရာသီဥတုသာယာချိန်၊ အားလပ်ချိန်၊ ငွေပေါ်ချိန်ဖြစ်သော တပေါင်း၊ တန်ခူး၊ ကဆုန်၊ ဝါဆိုလများ၌ ပြုလုပ်လှူဒါန်းကြသည်။ ဝါဆို လပြည့်နေ့တွင် ကျင်းပကြခြင်းမှာ ရှင်ပြုပြီးသည်နှင့် တစ်ပြိုင်နက် ဝါဆိုရန်အသင့်ဖြစ်ခြင်း၊ သာသနာတော်တွင် ပဉ္စဝဂ္ဂီငါးဦးဝင် အရှင်ကောဏ္ဍညမထေရ်၏ ဧဟိဘိက္ခူ ရဟန်းဖြစ်သည့်နေ့ စသောအကြောင်းအရာတို့ကြောင့် ဖြစ်သည်။ ကျေးလက်တောရွာဒေသရှိ ရခိုင်တောင်သူ ဦးကြီးများမှာ မိမိတို့၏သားများကိုရှင်ပြုရန်အတွက် ကြိုးစားပမ်းစားဖြင့် လယ်ယာထွန်ယက် စိုက်ပျိုးပြီး ငွေရွှင်ချိန်၊ အထူးသဖြင့် ဆောင်းတွင်း ငွေပေါ်ချိန်တွင် ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ရခိုင်ဒေသသည် ဗုဒ္ဓ သာသနာတော် စည်ပင်ထွန်းကားရာဒေသ ဖြစ်သည့် အလျောက် ဗုဒ္ဓဘာသာ ယုံကြည်ကိုးကွယ်မှုအား ဓညဝတီ ခေတ်မှ စတင်၍ ယခုခေတ်ထိတိုင်အောင် ရှင်ပြုပွဲ၊ ရဟန်းခံပွဲများကို ခမ်းခမ်းနားနားဖြင့် ကျင်းပပြုလုပ်ခဲ့ကြ ပေသည်။
ရှေးရခိုင်ဘုရင်မင်းများဖြစ်သော မင်းဖလောင်း၊ မင်းရာဇာကြီးတို့ လက်ထက်၌ ပဉ္စင်းတစ်ထောင်ခံပွဲ ကျင်းပကြောင်းကို ရခိုင်ရာဇဝင် (ပေမူ) ၌ -
“အေဒီ(၁၅၉၃)ခုတွင် နန်းတက်သော မင်းဗာကြီး ၏မြေးမင်းရာဇာကြီးလက်ထက်တွင် ဘေးလောင်းတော် ဒသရာဇာမင်း တည်ခဲ့သော သိမ်တော်ဟောင်းကို ကောင်းမွန်စွာ အသစ်ပြုပြင် မွန်းမံ တည်ဆောက် ကြသည်။ ပြည်နိုင်ငံတစ်ဝန်းမှ သံဃာတော် အရှင်မြတ် တို့အား ပင့်ဖိတ်လျက် ပဉ္စင်းတစ်ထောင် ခံယူတော် မူသည်” ဟူ၍ မှတ်တမ်းတင်ခဲ့ပါသည်။
ယခုမျက်မှောက်ခေတ်တွင်လည်း ရခိုင်လူမျိုး မိဘတို့သည် မိမိတို့၏သားမြေးများကို ရှင်ပြုပေးရန် ရည်သန်လျက်ရှင်ပြုပွဲ မတိုင်မီကတည်းကပင် အလှူပွဲ အတွက် လိုအပ်သည့် သင်္ကန်း ပရိက္ခရာများ၊ လှူ ဖွယ်ဝတ္တုပစ္စည်းများစုဆောင်းခြင်း၊ဆန်၊ဆီ၊ဆား၊ငရုတ် စသော ကျွေးမွေးရန်ပစ္စည်းများ စုဆောင်းခြင်း တို့ကို ကြိုတင်စီမံမှုများ ပြုလုပ်ထားကြသည်။ သားမောင် ရှင်လောင်းများကိုလည်း ပုတီးစိတ်၊ ရှင်ကျင့်ဝတ် စသည်တို့ကို သင်ကြားနားလည်နိုင် စေရန်အတွက် ဘုန်းတော်ကြီးကျောင်းသို့ ကြိုတင်သွားရောက် အပ်နှံ ထားကြသည်။
ရှင်ပြုပွဲမတိုင်မီ (၃)ရက်ခန့်မှ စတင်ကာ မင်းကျွန်မများ (ရခိုင်အိမ်ထောင်ရှင်အမျိုးသမီးများ) သည် ကွမ်းထောင်၊ ပန်းပဒေသာပင်၊ ငွေပဒေသာပင်များကို ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးကြရသည်။ ထို့နောက် ရှင်ပြုအလှူပွဲသို့ လာရောက်ရန်အတွက် တစ်အိမ်ဝင် တစ်အိမ်ထွက်ဖြင့် လိုက်လံဖိတ်ကြားကြသည်။ ရှင်မပြုမီ (၂)ရက်ခန့်အလိုတွင် ရှင်ပြုအလှူမင်္ဂလာပွဲ အတွက် ကင်းပွန်းပေးခြင်းများကို ပြုလုပ်ကြသည်။ သင်္ကန်းပရိက္ခရာ နှင့်လှူဖွယ်ဝတ္တုပစ္စည်းများကို အလှူရှင် ၏အိမ်ရှေ့၌ ဆောက်လုပ်ထားသော မဏ္ဍပ်ထဲတွင် ထားရှိကြသည်။
ရှင်မပြုမီ(၁)ရက်နေ့ ညနေပိုင်းတွင် ဖိတ်ကြား ထားသော ရပ်ရွာလူကြီးများ၊ အမျိုးသမီးများ၊ ကာလသားများ၊ ကာလသမီးပျိုများမှ စုပေါင်း၍ သင်္ကန်းပရိက္ခရာများကို ရွက်ကာ ရှင်လောင်း လှည့်ကြ သည်။ ရခိုင်ဒေသရှိ ရှင်လောင်းလှည့်ခြင်း ဓလေ့သည် တွေ့မြင်ရသူများ အဖို့ အလွန်ကြည်နူးစရာ ကောင်းသော မြင်ကွင်း တစ်ခုပင်ဖြစ်ပေသည်။ ရှင်လောင်းလှည့်ရာတွင် ရှေ့ဆုံးမှ မင်္ဂလာစည်တော်ဖြစ်သော ဗုံရှည်ကြီး(၅)လုံး (သို့) (၉)လုံးကို တီးခေတ်လျက် ၎င်းနောက်မှ ရှင်လောင်းဖခင်က သပိတ်ကိုလွယ်ကာ ယပ်တောင်ကိုင်၍လည်းကောင်း၊ ရှင်လောင်းမိခင်က သင်္ကန်းကို ခေါင်းတွင် ရွက်ကာ ရှင်လောင်းဖခင်နောက်မှ လိုက်ပါရသည်။ ထိုနောက် ရပ်ရွာရှိ ယောကျ်ားကြီးများ၊ အမျိုးသမီး ကြီးများ၊ ဆွေမျိုး မိတ်သင်္ဂဟများနှင့် မိန်းမပျို၊ ကလေးငယ်များက ခေါင်းအုံး၊ ဖျာလိပ်၊ အိပ်ရာခင်း၊ အလှူပစ္စည်းများနှင့် ပဒေသာပင်တို့ကို ကိုင်ဆောင်၍ တန်းစီလိုက်ပါကြရ သည်။ နောက်ဆုံးတွင် မောင်ရှင်လောင်းက မြင်းကိုစီးပြီး ရွှေထီးမိုးကာ လိုက်ပါရသည်။ မောင်ရှင်လောင်း နောက်မှ လိုက်ပါလာသော ကာလသားများအဖွဲ့မှ အိုးစည်၊ ဒိုးပတ်ဝိုင်းနှင့် သျှိုးလိုက်ရတုများကို အားပါး တစ်ရဖြင့် ပျော်ပျော်ပါးပါး တီးမှုတ်ကခုန် သီဆိုရင်း လိုက်ပါကြသည်။
ရွာကိုလှည့်ပတ်၍ လှည့်လည်လာသော ဧည့်ပရိသတ်များသည် ရွာဦးဘုန်းကြီးကျောင်းသို့ ရောက်သောအခါ ဘုန်းကြီးကျောင်းကို လကျ်ာရစ်(၃)ပတ် လှည့်လည်ပူဇော်ပြီးမှသာ ကျောင်းထိုင်ဆရာတော် ဘုရားထံတွင် သွားရောက် ကန်တော့ခြင်းများကို ပြုလုပ်ကြသည်။ ထို့နောက်ရှင်ပြု အလှူမင်္ဂလာမဏ္ဍပ်ရှိရာသို့ ပြန်လာပြီး ကြွရောက် လာသူများအား ညနေစာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးကြသည်။ အချို့သော ရခိုင် ဒေသများတွင် လူပျို၊ အပျိုကာလသားများက ထောက်ခံငွေ (သို့မဟုတ်) မုန့်ဖိုးငွေရရှိစေရန်အတွက် အပျော်သဘောဖြင့် မောင်ရှင်လောင်းကို ဝှက်ကြသည့် အခါ မောင်ရှင်လောင်း မိဘများက ကာလသားများအား ထောက်ခံငွေကို ပေးပြီးမှ ရွေးယူရသည့်ဓလေ့ရှိသည်။ ၎င်းဓလေ့ကို “ရှင်လောင်းဝှက်သည်” ဟု ခေါ်ကြသည်။ အချို့ရခိုင် ဒေသများတွင် “သင်္ကန်းဝှက်”သည့် အလေ့အထ ရှိကြသေး သည်။
ညနေဖက်(၇)နာရီခန့် ရောက်သောအခါ ပင့်ဖိတ် ထားသော ဆရာတော်များမှ တရားဒေသနာများ ဟောကြားလေ့ရှိကြသည်။ ရောက်ရှိလာသော ဧည့်ပရိတ်သတ်များကို အချိုရည်များဖြင့်ဧည့်ခံကျွေးမွေးကြသည်။ရခိုင်အပျို၊လူပျိုများမှာလည်း နံနက်ပိုင်းရှင်ပြုအလှူတွင်ကျွေးမွေးရန်အတွက် ပြင်ဆင်ချက်ပြုတ်ပေးရမည့်အဖွဲ့အား ချက် ပြုတ်ရာတွင် လိုအပ်သည့် ငါးခြောက်များ၊ အာလူးများ၊ ကြက်သွန် ဖြူ/နီ၊ ဂျင်း၊ ငရုတ်၊ ဟင်းသီး ဟင်းရွက်များကို စုပေါင်းဝိုင်းဖွဲ့၍ လှီးဖြတ် သင်ပေး ကြသည်။ ရှင်ပြုမည့် မနက် (၄)နာရီခန့်တွင် ရှင်ပြုမည့် အိမ်၌ ဆရာတော် (၃)ပါး (သို့) (၅)ပါးအား ပင့်ဖိတ်ကာ မင်္ဂလာတရားတော်များ၊ ပရိတ်တရားတော်များကို နာကြား ကြသည်။
ရှင်သာမဏေလောင်းအား ဆံချသည့်အခါ ပထမ ဦးစွာ ဥပဇ္စျာယ်ဆရာတော်ကြီးက စတင်ခေါင်းရိတ်ပြီးမှ ကျွမ်းကျင်သူက ဆက်လက်ရိတ်ပေးလေ့ရှိသည်။ ခေါင်းရိတ် ပြီးသော ရှင်သာမဏေလောင်းအား ရေချိုးသန့်စင်စေပြီး သင်္ကန်းဝတ်ပေးကြသည်။ ထို့နောက် ဆရာတော်ကြီးမှ သရဏဂုံရွတ်ပေးခြင်း၊ အနုမောဒနာ တရားဟောကြားခြင်း၊ ရေစက်ချခြင်းတို့ကို ပြုလုပ်ပြီးမှ ကြွရောက်လာသော ဧည့်ပရိသတ်တို့အား အာဟာရများဖြင့် ဧည့်ခံကျွေးမွေး ကြသည်။ ရခိုင်ဒေသတွင် သားယောကျ်ားရလျှင် ရှင်ပြုရန် ရည်မှန်းချက်ထားကာ ရှာဖွေစုဆောင်းထားကြပြီး ရှင်ပြုအလှူ တော်ပွဲအား ခမ်းနားကြီးကျယ်စွာဖြင့် မဖြစ်မနေ ပြုလုပ်လှူဒါန်းကြသည်။ ရှင်ပြုအလှူပွဲကို ခမ်းခမ်းနားနားဖြင့် မပြုလုပ်နိုင်သူများမှာလည်း ဆွမ်းဟင်း တစ်ပွဲနှင့် ဘုန်းကြီးကျောင်းသို့ သွားကာ သားမောင်ရှင် လောင်းအား ရှင်သာမဏေအဖြစ်သို့ ခံယူစေကြသည်။ ထို့ကြောင့် ရခိုင်တိုင်းရင်းသားများအဖို့“ရှင်ပြုအလှူပွဲတော် ဓလေ့” သည်ဗုဒ္ဓသာသနာတော်တည်တံ့နေသမျှကာလပတ်လုံးအစဉ်အမြဲတည်ရှိ နေမည်မှာအမှန် ပင် ဖြစ်ပေသည်။