ရခိုင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ရခိုင်တိုင်းရင်းသားတို့၏ ခေတ်အဆက်ဆက်ဝတ်စားဆင်ယင်ပုံ အကျဉ်းချုပ်
Image

       လူမျိုးတစ်မျိုးစီတွင် မိမိတို့၏ရိုးရာဓလေ့အရ ဝတ်စားဆင်ယင်ပုံ အမျိုးမျိုးရှိကြသည်။ ရေမြေဒေသကွဲပြားခြားနားသည်နှင့် လျှော်ညီစွာ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယဉ်ကျေးမှုထုံးဓလေ့ ကွဲပြားခြားနားသကဲ့သို့ ဝတ်စားဆင်ယင်ပုံ အသွင်ကွဲပြားမှုများကိုတွေ့ရသည်။ တစ်ခေတ်မှ တစ်ခေတ်သို့ကူးပြောင်းလာသည်နှင့်အညီ ဆင်ယင်ထုံးဖွဲ့မှုအသွင်သည်လည်း တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပေသည်။ ရှေးရခိုင်လူမျိုးများ၏ ဝတ်စားဆင်ယင်ပုံသည်လည်း ခေတ်အဆက်ဆက် ပြောင်းလဲလာသည်နှင့်အမျှ   အသွင်အမျိုးမျိုး ဆန်းပြားလာခဲ့သည်။

ရခိုင်လူမျိုးတို့၏ ဆင်ယင်ထုံးဖွဲ့မှုနှင့် ဝတ်စားဆင်ယင်မှုများသည် မည်သည့်အချိန်ကပင်     စတင်ခဲ့သည်ကို ခန့်မှန်းရလျှင် ကျောက်ခေတ်နောက်ပိုင်း ယဉ်ကျေးသိမ်မွေ့လာသည့်အချိန် မှပင် စခဲ့သည်ဟု ဆိုရပေမည်။ ယဉ်ကျေးသိမ်မွေ့လာသည့် ခေတ်ကား ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊    မြောက်ဦးခေတ်တို့ပင်ဖြစ်ပြီး ဆင်ယင်ထုံးဖွဲ့မှုများမှာ ခေတ်အလိုက် ပြောင်းလဲလာပေသည်။

ရခိုင်တို့၏ရှေးအကျဆုံး ဆင်ယင်ထုံးဖွဲ့မှုအခြေအနေကို လေ့လာလျှင် အာရီယန်နှင့် နှီးနွယ်သောအဆောင်အယောင်များကို တွေ့ရသည်။ ဆင်းတုများ၊ နတ်ရုပ်များနှင့် ဝေသာလီမှ တူးဖော်ရရှိ သောဆီမီးခွက်ကိုင်ဆောင်သည့် အရုပ်များသည် ဝေသာလီခေတ်ယဉ်ကျေးမှုကို ဖော်ပြထားသည်။ ယင်းအရုပ်တို့၏ဝတ်စားဆင်ယင်ပုံကို ဦးစံသာအောင်ရေးသားသော အာနန္ဒ စန္ဒြား ရှစ်ရာစု ရခိုင်ဝေသာလီမင်းစာအုပ်တွင် ပုံ၂၉မှ ၄၅ထိ စာမျက်နှာ(၁၈၁)မှ စ၍ဖော်ပြ ထားသည်။ ယင်းအရုပ်များ၏ ဆင်ယင်ထုံးဖွဲ့မှုများကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပေသည်။ ဘုရားဆင်းတုများတွင် လူသားများဝတ်ဆင်သည့် မင်းဝတ်တန်ဆာများ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ 

အလားတူနတ်ရုပ်၊ ကြေးဆီမီးခွက်ရုပ်များ၏ ဝတ်စားမှုများတွင်လည်းဖော်ပြထားပေ သည်။ ဓညဝတီခေတ်နှင့် ဝေသာလီခေတ်များ၏ ဆင်ယင်မှုများကို ရှေးဟောင်းစာပေမှ ဘုရားရှင် ရခိုင်ပြည်သို့ကြွချီတော်မူပြီး ဘုရားရှင်ကိုယ်စားတော်များကို သွန်းလုပ်ပုံ စန္ဒာသူရိယမင်း၏ မင်းခမ်းမင်းနားများဖြင့် ပူဇော်သတ္ကာရပြုပုံများအား စာပေများတွင် ဖော်ပြ ထားရှိပေသည်။ 

လေးမြို့ခေတ်ဆင်ယင်မှုမှာလည်း ဘုရားဆင်းတုဆင်ယင်မှုနှင့် မင်းခမ်းမင်းနားများကို မှန်းဆ၍ သိရှိနိုင်ပေသည်။

ယခုခေတ်နှင့်အနီးစပ်ဆုံးမြောက်ဦးခေတ် (၁၅၆၄ မှ ၁၅၇၁ ထိ) မင်းစင်္ကြာနှင့် (၁၅၇၁ မှ ၁၅၉၃ ထိ) မင်းဖလောင်းတို့ တည်ထားကိုးကွယ်သော ဒုက္ကံသိမ်ဘုရားအတွင်းအရုပ်များ၊ အံတော်သိမ်ဘုရား အတွင်းအရုပ်များနှင့်  မင်းခန်းပုလ္လင်များ သျှစ်သောင်းဘုရား၏ လှိုင်ဂူတော် အတွင်းမှ အရုပ်များ၏ ဝတ်စားဆင်ယင်ပုံများအား လေ့လာပါက မည်မျှတိုးတက်၍ အိန္ဒြေလုံခြုံကြောင်းကို တွေ့ရမည်ဖြစ်ပြီး မင်းဘာကြီးနှင့် သံတွဲမင်းမိဖုရားတို့၏ သမီးတော်ပိုးဝါ မင်းသမီးအားဖွဲ့ကျူး စပ်ဆိုသော ပိုးဝါဘွဲ့တွင်-

“အလှဆင်းဝါလှပိုးဝါမှာ၊ ဝတ်ပါလတ်ရေပေါင်းနက်ကေ ထမီသုံးနှစ်လုံးပင်၊ ဝတ်မကြီးကေ၊ အောက်ခြေအဆင့် ၊ လှပိုးဝါမှာမှင်းကျိုးပွင့်နှင့် လှတင့်ဆင်ယင်မယ် ပိုးဝါမှာ ဆင်လတ်တေ၊ ခါးမှာကြည့်လဲခါးကြိုးဒွါဒရာ မျက်ငါးဖြာလေစုံစွာသေသတ်၊ လှပိုးဝါမှာနောက်စချပ်လို့၊ တင့်ကြောင်းသခြေ၊ လှပိုးဝါမှာ ဝတ်လတ်တေလေ၊ ရင်မှာကေ၊ ရင်မှာကြည့်လေ၊ ကင်းစွန်းရွက်ရောင်၊ ပန်းပွင့်ယောင်လေ၊ ခြားရာသေသပ်၊ မမယ့်ရင်မှာ၊ မမွတ်ချပ်လို့၊ တင့်ကြောင်းသခြေ၊ မေပိုးဝါမှာ၊ ဝတ်လတ်တေလေ” ဟု ဖွဲ့ဆိုထားသည်။

ယောကျ်ားတို့မှာလည်း တောင်ရှည်ပုဆိုး၊ ပြင်ခံအင်္ကျီအပြည့်အစုံဖြင့် ဝတ်ခဲ့ကြပြီး ခေါင်းပေါင်းကိုလည်း လက်ဝဲချ၍တစ်မျိုး၊ လက်ယာချ၍တစ်မျိုး၊ အလည်တည့်တည့်တစ်မျိုး စသည်ဖြင့် ပေါင်းကြသည်။ ဘုရင်မျိုး၊ သုခမိန်မျိုး၊ လက်ဝဲမြန်မျိုး၊ လက်ယာမြန်မျိုးဟူ၍ ခွဲခြား ပေါင်းကြပြီး အရွယ်အလိုက် ခေါင်းပေါင်းစွန်ကို ထုတ်တတ်ကြသည်။ လူပျိုပေါင်း၊ မင်းကျွန်ပေါင်း (အိမ်ထောင်ရှင် အမျိုးသား)၊ ဝါကြီးပေါင်း(အဘိုးအို)၊ ဟူ၍ ခွဲခြားထားသည်။ ဘုရား ကျောင်းကန်များသွားလျှင် အဝတ်ဖြူများကိုဝတ်ဆင်ကြပြီး ရှေးအာရီယန်များ၏ အယူအဆ အတိုင်း စလွယ်များကို ဘယ်ဘက်သို့သိုင်းကာ ကိုယ်တင်(ပုဝါ)ကို ဘယ်ဘက် အစွန်သို့ချကာ သိုင်းကြသည်။

ခါးစည်းအဖြစ် အဝတ်ဖြူများ၊ ယင်းမှတဆင့် ပိုးခါးပတ်များ၊ ငွေခါးပတ်များ ဝတ်ကြပြီး ထိုင်မသိမ်းအင်္ကျီနှင့် တောင်ရှည်ပုဆိုးများကိုဝတ်ကြသည်။

   မင်းဝတ်မင်းစားနှင့် သာမန်လူများဝတ်ဆင်သော အဝတ်တန်ဆာတို့မှာ အလွန်ခြားနားပြီး မြောက်ဦးခေတ်နောက်ပိုင်း ရှေးနှစ်(၁၀၀)ခေတ်အတွင်းပိုင်းတို့တွင်အမျိုး သား၊ အမျိုးသမီးများ၏ ဆင်ယင်ပုံမှာ လူကြီးပိုင်းနှင့်လူငယ်ပိုင်းတို့၌ အနည်းငယ်ကွဲပြားခြားနားမှုရှိပေသည်။ အမျိုးသားလူကြီးပိုင်းသည်ပင် ရှည်ဒယော (တောင်ရှည်ပုဆိုး) ခါးတောင်းကျိုက်နှင့် လက်ဝဲဘက်သို့ ဖုံးထားသော ရင်ဖုံးအင်္ကျီကို ဝတ်ဆင်ကြသည်။ လက်ဝဲဘက်သို့ ဖုံးထားသော ရင်ဖုံး၌ အဝတ်ကို ကပ်ထားသောကြယ်သီး သို့မဟုတ် ကြိုးရှည်ကို ကျစ်ထားသော ကြယ်သီးတို့ကို တပ်ဆင်ကြသည်။ အင်္ကျီခါးနှစ်ဘက်တွင်ခွဲထားပြီး ခေါင်းပေါင်းမှာ အရှည်(၇)တောင် ခန့်ရှည်သော အဝတ်စကို လွန်းလုံးသဏ္ဍာန်ရစ်၍ ပေါင်းကြသည်။ ခေါင်းပေါင်းစတိုတိုကို ထုပ်၍ ဘယ်ဘက် နားထင်တည့်တည့်တွင် ထားလေ့ရှိသည်။ အမျိုးသားငယ်များမှာ အရှေ့ကွဲအင်္ကျီခါးတိုတို့ကို ဝတ်ဆင်ကြပြီးသုံးတောင့်တစ်ထွာထက်မပိုသော ပိုးခေါင်းပေါင်းအား ဆံပင်ကိုချပ်၍လည်းကောင်း၊ ဆံထုံးကိုဖော်၍ လည်းကောင်း ပေါင်းကြသည်။

    အမျိုးသမီးများမှာ ရင်ကန့်တပ်ဆင်၍ နောက်စထမိန်နှစ်ထပ်ကို ခါးကြိုးစည်း၍ ဝတ်လေ့ရှိကြသည်။ အမျိုးသမီးများခါးကြိုးစည်းသော ဓလေ့မှာ ရှေးရခိုင်မင်းများ လက်ထက်မှ စ၍ အသုံးပြုခဲ့ကြကြောင်း ပိုးဝါဘွဲ့အရ သိရှိနိုင်ပါသည်။ အမျိုးသမီးများ ဝတ်ဆင်သော အင်္ကျီမှာ ခါးတိုလက်ဖွါးဖြစ်ပြီး ပုဆိုးပိုင်း(ခေါ်)တဘက်ခြုံလေ့ရှိကြသည်။ တဘတ်ရှည် တစ်မျိုးကိုလည်း နှစ်ထပ်ခေါက်ပြီး ပုခုံးပေါ်တွင်တင်၍ အသုံးပြုတတ် ကြသဖြင့် ထိုတဘတ်အား နှစ်ထပ်ပိုင်းဟုခေါ်ကြသည်။ ကြာပွင့်၊ ကြာဖူး၊ ကြာငုံသဏ္ဍာန် နားကပ်များ၊ သန္တာလက်ကောက်၊ ပယင်းလက်ကောက်၊ ရွှေငွေသီး၊ သန္တာသီးတို့ကို ကြိုးဖြင့် သီထားသော ပုတီးသွယ်(ဆွဲကြိုး) ကြိုးများ၊ လက်စွပ်များ အားလည်းအလှ တန်ဆာများ အဖြစ် ဝတ်ဆင်ကြသည်။

ဆင်ယင်ထုံးဖွဲမှုတွင် ဆံထုံးအမျိုး(၆၀) နှင့်ပေါင်းတော်(၄၀) စလွယ်တော်(၉)ပါး အစချီသော ဆင်ယင်မှုရတုကြီး၌ အပြည့်အစုံပါရှိပါသည်။ယခုရခိုင်ပြည်နယ်တွင် သတ်မှတ်ဝတ်ဆင်နေကြသော ရခိုင်အမျိုးသားဝတ်စုံမှာ အပေါ်ဝတ်အင်္ကျီ၌ အပေါ်အိတ်လုံးဝမပါဘဲ အောက်အိတ်နှစ်ခုသာပါ၍ ဘေးမှခါး နှစ်ဘက်တွင် ဖားကွဲရှိပါသည်။ ခေါင်းပေါင်းမှာ ဘယ်ဘက်သို့အစွန်ချ၍ ပေါင်းရသည်။ လုံချည်မှာ ရခိုင်ပြည်နယ်မှ ရက်လုပ်ပြီး ဘယ်ဘက်၌ ပေါင်စွန်တင်၍ဝတ်ဆင်ကြသည်။

အမျိုးသမီးဝတ်စုံမှာမူ ရှေးစဉ်လာမပျက် ထိုင်မသိမ်းပုံကိုမွမ်းမံပြီး ရင်ကွဲအပေါ် အင်္ကျီကို ရင်ဖုံးဖြင့်ဝတ်ရသည်။ ရင်နားတစ်ဖက်စီတွင် သဇင်ပန်းခက်များ ဖောက်ထားပြီး လုံချည်မှာ ရခိုင်လုံချည်ဖြစ်၍ ဘယ်ဘက်ပေါင်တွင် ပေါင်စွန်နားထား၍ ဝတ်ဆင်ရသည်။ ထို့အပြင်အနား မြိတ်နှင့်ပြည့်စုံသော ခြုံတဘက်ကိုခြုံထားရသည်။
ယနေ့ရခိုင်တို့၏ ဆင်ယင်ထုံးဖွဲ့မှုများသည် မြန်မာပြည်အနှံ့တွင် ကျော်ဇောလျက် ရှိသည်။ ရခိုင်လုံချည်၊ ရခိုင်ထဘီများမှာ လူကြိုက်များပြီး ထူခြားချက်မှာ အအိုဆင်၊ အပျိုဆင်ဟူ၍ ခွဲခြားထားသည်။ ယခုအခါ ထိုခွဲခြားမှုမှာ ပျောက်ကွယ်လုနီးပါးဖြစ်နေ သော်လည်းအနုဆင်၊ အရင့်ဆင်ဟူ၍ ခွဲခြားရက်လုပ်ဆဲ ဝတ်ဆင်နေကြဆဲပင် ဖြစ်ပါသည်။