ရခိုင်လူမျိုးတို့သည် ခေတ်ကြီးလေးခေတ်ဖြင့် နေထိုင်လာခဲ့ကြသူများဖြစ်ပြီး၊ ရှေးကျသော လူမျိုးကြီးဖြစ်ပေရာ ဘာသာ၊ သာသနာ၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုနှင့် ရှေးကျသော ရိုးရာဓလေ့ အမွေအနှစ်မြောက်များစွာ ထွန်းကားရာနယ်မြေဒေသတစ်ခုလည်း ဖြစ်ပေသည်။ ရခိုင်ဒေသရှိ ရခိုင်တိုင်းရင်းသားတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ် ကြသူများဖြစ်ပြီး ဗုဒ္ဓမြတ်စွာ ဘုရားရှင်အား ရည်မျှော်မှန်းလျက် ဆွမ်း၊ ဆီမီး၊ ပန်း၊ လှူဖွယ်ဝတ္ထု ပစ္စည်းများ လှူဒါန်းခြင်းနှင့် တန်ခိုးကြီးသည့် ပရိတ်တရားတော်များကို စေတီပုထိုး၊ ဘုရား ကျောင်းကန်များနှင့် နေအိမ်များရှိ ဘုရားကျောင်းဆောင်များတွင် လှူဒါန်းပူဇော်ကြသည်။ ၎င်းပူဇော်မှုများထဲတွင် ဆီမီးပူဇော်မှုအား လှပတင့်တယ်သော ဆီမီးခွက်ကြေးရုပ်ထုကြီး၊ ငယ်အလိုက် ပုံစံအမျိုးမျိုးဖြင့် ဗုဒ္ဓဘုရားရှင်အား ဆီမီးလှူဒါန်းပူဇော်လေ့ရှိကြသည်။ ၎င်းဆီမီးခွက်တို့မှာ အမျိုးသမီးပုံဆီမီးခွက်၊ သူရဲကောင်းမင်းသားပုံဆီမီးခွက်၊ ငှက်ငယ်များပျံနေပုံ ဆီမီးခွက်၊ ငှက်အရိုးစုပုံ ဆီမီးခွက်နှင့် တခြားသောဆီမီးခွက်ပုံစံများစွာ ရှိသည့်အနက်မှ “အာယာနာ”ကောင်းမှုတော်ပါဗုဒ္ဓပူဇနိယခွက်အကြောင်းအရာပါစာတမ်းအား သိရှိလေ့လာ နိုင်ရန်အတွက် မှတ်တမ်းပြုစု လေ့လာတင်ပြအပ်ပါ သည်။
ဗုဒ္ဓပူဇနိယကြေးဆီမီးခွက်ဆိုသည်မှာ အလွန်ရှေးကျသောဆီမီးလှူဒါန်းပူဇော်ရာတွင်အသုံးပြုကြသည့်ပစ္စည်းတစ်မျိုးပင်ဖြစ်ပေသည်။ ခွက်တစ်ခွက်တွင် တိရစ္ဆာန် တို့၏ အဆီ အမျိုးမျိုး၊ ငါးဆီ၊ ဟင်းသီးဟင်းရွက်ဆီ သို့မဟုတ် အပင်များမှ ထွက်ရှိသော အဆီများကို ထည့်၍ မီးစာဖြင့် ထွန်းညှိပူဇော်ရခြင်းဖြစ်သည်။ မီးအလင်းရောင် ရရှိရန်အတွက် အဓိကထား သုံးစွဲခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအား ရည်မှန်းပူဇော်၍သော်လည်းကောင်း၊ နတ်၊ ကျောက်တုံးကျောက်ဆောင်၊ သစ်ပင်စသည်တို့တွင် မိမိ ယုံကြည်သက်ဝင်သော နတ်ကောင်းနတ်မြတ်တို့အား ပူဇော်ရာတွင်လည်းကောင်း ထွန်းညှိ ပူဇော်ကြသည်။ ဤသို့ ပူဇော်ခြင်းဖြင့် ကောင်းမြတ်သောအကျိုးတရားများရရှိစေသည်ဟုလည်းသက်ဝင်ယုံကြည်ကြသည်။ သက္ကတဘာသာတွင် “ဒီပ” ဆိုသည်မှာ အလင်းရောင်ပေးခြင်းဟူ၍ အဓိပ္ပါယ် ရသည်။ ဘာသာရေးဆိုင်ရာ ပူဇော်မှုတွင် တိရစ္ဆာန်များ၏အဆီကို မသုံးကြဘဲ ကညင်ဆီနှင့် နို့မှ ချက်ယူထားသော ထောပတ်ဆီကိုသာ အသုံးပြုပူဇော်ကြသည်။ ကမ္ဘာအရပ်ရပ်တွင် လူမျိုးတိုင်း၊ ဘာသာတိုင်း ဘာသာရေးများစွာအတွက် အဆိုပါဆီမီးပူဇော် မှုကို အလေးထားပြုလုပ်ကြသည်ကို လေ့လာတွေ့ရှိရပါသည်။
ရခိုင်ပြည်ရှေးဦးကာလတွင် ဤနည်းအားဖြင့် ဗုဒ္ဓဘုရားရှင်အား ဆီမီးပူဇော်မှုများအား ပြုလုပ်ခဲ့ကြသည်။ ရခိုင်ပြည်မြို့တော်များဖြစ်သည့် ဝေသာလီ၊ ဓညဝတီစသော ရှေးဟောင်း မြို့တော်ရာများတွင် ရှေးဟောင်းဆီမီးခွက်ပုံစံ အမျိုးမျိုးရှိခဲ့သည်။ မြောက်ဦးမြို့ရှိ ရှစ်သောင်း ဘုရားပုထိုးတော်ကြီးတွင်လည်းကောင်း၊ ၎င်းထက်ရှေးကျသော မဟာမုနိတန်ဆောင်းတွင် လည်းကောင်း အမြဲတမ်းဆီမီးပူဇော်နိုင်ရန် ကျောက်နံရံကို ထွင်းထု၍ ကျောက်ဆီမီးခွက်များ တန်းစီပြုလုပ်ထားသည့် ရှေးခေတ်လက်ရာ ဆီမီးခွက်များကို ယနေ့ထိတိုင်အောင် လေ့လာ တွေ့ရှိရပေသည်။
ရခိုင်ပြည်တွင် တွေ့ရှိရသော ဘာသာရေးဆိုင်ရာ ရှေးဟောင်းဆီမီးခွက်များနှင့်ပတ်သက်၍ ရှည်လျားသော သမိုင်းကြောင်းများစွာ ရှိခဲ့ပေသည်။ ဤသမိုင်းကြောင်းနှင့်ပတ်သက်၍ ဆီမီးခွက် အမျိုးမျိုးးရှိခဲ့ကြောင်းကို ၁၉၂၀ ခုနှစ် “မြန်မာနိုင်ငံ သုတေသနဂျာနယ် အတွဲ(၁၁)၊ အပိုဒ်(၂)တွင် ဖော်ပြထားသော ကျောက်စာဝန်ဟောင်း ဦးစံရွှေဘုရေးသားသည့် ရခိုင်ဝေသာလီ ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်မှာ အေဒီ(၁)ရာစုနှင့် (၂)ရာစုခန့်ကပင် အိန္ဒိယ တောင်ပိုင်းရှိ စာပေသမိုင်းယဉ်ကျေးမှုများတွင် အဆိုပါ ဆီမီးခွက်များ အကြောင်းအရာကို လေ့လာတွေ့ရှိခဲ့ရသည်။ ထိုခေတ်အခါက မဒရပ်နှင့် ကာဝရီပါတာဒေသသို့ အနောက်တိုင်း ခေါမနှင့် ရောမတိုင်းသားတို့သည် ကုန်စည်ကူးသန်းရောက်ရှိခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် ယခုအခါ ရှေးဟောင်းကြေးဆီမီးခွက် များပြားစွာရှိပြီး ထင်ရှားလူသိများသည့် ဝေသာလီခေတ်နှင့် ဓညဝတီခေတ်လက်ရာ ဆီမီးခွက်တချို့ ပိုမိုတွေ့ရှိရသည်။
တင်ပြမည့်အကြောင်းအရာမှာ ဆီမီးခွက်မှာ “အာယာနာ” ကောင်းမှုတော် အကြောင်း အရာပါ ဆီမီးခွက်အကြောင်းဖြစ်သည်။ ၎င်းဆီမီးခွက်သည် မြန်မာနိုင်ငံ သမိုင်းသုတေသန ဂျာနယ်တွင် ပါရှိသော ဆီမီးခွက်ဖြစ်ပြီး ကျောက်စာဝန်ဦးရွှေဘုမှ ဝေသာလီမြို့ဟောင်းရာ၏ မြောက်ဘက် ၆ မိုင်အကွာ ပြိုင်းတောင်ရွာမှ ရှာဖွေတွေ့ရှိခဲ့ပေသည်။ ဝေသာလီဆီမီးခွက်၏ သက်တမ်းမှာ နှစ်ပေါင်း ၁၂၀၀ ကျော်သက်တမ်းရှိပြီဖြစ်သည်ဟု ရခိုင်သမိုင်းတွင် လေ့လာ တွေ့ရှိရပေသည်။
ဝေသာလီကြေးဆီမီးခွက်ရုပ်တုအား ရခိုင်သမိုင်းသုတေသနပညာရှင် ဦးစံရွှေဘု၏ သမီး ဒေါ်ရီရီဇံမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ အင်္ဂါနေ့တွင် ရန်ကုန်မြို့ပြည်လမ်းရှိ အမျိုးသားပြတိုက်တွင် ပထမအကြိမ် လှူဒါန်းခဲ့သည်။ ရန်ကုန် အမျိုးသားပြတိုက်တွင် (၃)နှစ် ခန့်ထားရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇွန်လ (၂၁)ရက် အင်္ဂါနေ့တွင်လည်းကောင်း “အာယာနာကောင်းမှု တော်ပါ” ကြေးဆီမီးခွက်ရုပ်တုအား ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်သို့ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ် လှူဒါန်းခဲ့သည်။ ပထမလွှဲပြောင်းပေးအပ်သည့်အချိန်နှင့် ဒုတိယအကြိမ်လွှဲပြောင်းပေးသည့် အချိန်နေ့ရက်တို့မှာ တူညီတိုက်ဆိုင်မှုရှိသည်ကို ထူးခြားစွာ တွေ့ရှိရပေသည်။ မည်သည့်အချိန် ကတည်းကပင် ရရှိခဲ့သည်ကို မသိရှိခဲ့သော်လည်း ၁၉၂၀ ခုနှစ်ကတည်းက သုတေသနဂျာနယ်တွင် ရေးသားဖော်ပြထားပြီး ဖြစ်ပါသည်။ ဆီမီးခွက် အမြင့်မှာ အောက်ခံခုံအပါအဝင် ၉ လက်မအမြင့် ရှိသည်။ ကြေးရုပ်တုမှာ မိန်းမတစ်ဦး၏ ရုပ်ထုပုံဖြစ်သည်။ လက်နှစ်ဖက်ကို ရှေ့ဖက်သို့ ညီညီ ညာညာဆန့်တန်းပြီး လှံသွားပုံသဏ္ဍာန် တစ်နည်းအားဖြင့် ဘူးသီးနုနုတစ်လုံးကို ထက်ဝက်ပိုင်း ထားသည့် ပုံသဏ္ဍာန်ရှိသည့် ဆီမီးခွက်အား ကိုင်ထားသည့်ဟန် ရုပ်တုဖြစ်သည်။ ဆီမီးခွက်၏ အရှေ့ပိုင်း အစွန်းနေရာတွင် မီးစာအစကို တင်ထားသည်မှာ မီးညှိရန်ဖြစ်ပြီး ကျန်မီးစာမျှင်ကို ခွက်ထဲတွင် ခွေသွားနိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ ကြေးဆီမီးခွက်ရုပ်တုမှာ မိန်းမပုံရုပ်တု ဖြစ်ပြီး ဆံပင်ကို ဦးခေါင်းထိပ်အပေါ်သို့ စု၍ထုံးထားသည်။ ဆံထုံးမှာ ထိပ်တည့်တည့်သို့တင်ထုံး ထားသော်လည်း နောက်ဖက်သို့ အနည်းငယ်လန်၍ ကျနေသည်။ ကြီးမားသော နားရွက်ရှိပြီး ဖြောင့်တန်းသော နှာတံရှိသည်။ မျက်လုံးကြီး၍ မျက်ခွံမှာ မို့မောက်သည်။ မျက်လွှာချထားသည့် အမူအရာနှင့် နှုတ်ခမ်းစေ့ ထားသည့်ပုံတို့မှာ ဗုဒ္ဓဘုရားရှင်ရှေ့မှောက်၌ သူတော်စင် သူတော်မြတ် တစ်ဦး အလှူဒါန ပြုသည့် အခါမြင်တွေ့ရသည့် မျက်နှာအမူအရာ၊ ရိုသေလေးစားသည့် မျက်နှာ အမူအရာ၊ ကြည်ညိုသဒ္ဓါပွားများနေသည့် မျက်နှာအမူအရာမျိုးဖြင့် ထင်ရှားပေါ်လွင်လှပေသည်။လည်ပင်း၌ရိုးရိုးပုတီးတစ်ကုံးဆွဲထားပြီးလက်မောင်းနှင့် တံတောင် ဆစ် အလယ်တွင် အနည်းငယ်ကျယ်ပြန့်သော လက်ကောက်တစ်ရံကို ဝတ်ဆင် ထားသည်။ သာမန်ဝတ်ဆင်သော လက်ကောက်ပုံစံမျိုးမဟုတ်ပဲ ယခုခေတ်ဇာတ်မင်း သားများ ဝတ်ဆင်သကဲ့သို့ လက်ကြပ်ပုံစံမျိုးဖြစ်သည်။ ခါးတွင်လှပသော ခါးပတ်ကြိုးကို ဝတ်ဆင် ထားသည်။ ထဘီမှာ ခါးကိုရစ်၍ ဝတ်ဆင်ထားပြီး အစတစ်ဖက်ကို ပေါင်နှစ်ဖက်ကြားမှ သွင်းယူကာ ခါးရှေ့ပိုင်း၌ အချိုးကျကျ လှပစွာသွယ်လျက်ချထားသည်။ ထဘီမှာ ဒူးဆစ်အောက်နားထိရှိပြီး အနားတစ်လျှောက်ကို ပန်းရစ်ပန်းနွယ် ပန်းကနုတ်များဖြင့် ပုံဖော်ထားသည်။ ၎င်းအဆင် တန်ဆာကို ကြည့်ရှုရသည်မှာ အိန္ဒိယတောင်ပိုင်းဟန်စစ်စစ် လုံးဝမဟုတ်ဘဲ ရောနှောနေထိုင်ကြသော ထိုခေတ် ရခိုင်အမျိုးသမီးများ၏ ဆင်ယင်ထုံးဖွဲ့မှုသာဖြစ်ပေသည်။ ယခုအချိန်အိန္ဒိယတွင်တွေ့ရှိပြီးသော အထောက်အထားများအရ အိန္ဒိယအမျိုးသမီးများကဲ့သို့ ထိပ်တင်သော ဆံထုံးမျိုးပုံစံမျိုး ဤကဲ့သို့သော ဆင်ယင်ထုံးဖွဲ့မှုမျိုးကို မတွေ့ရတော့ဟု ဆိုပေသည်။