ဒိုင်းနက်လူမျိုးတို့သည် ၎င်းတို့က ချက္ကမ( အသံထွက် ချာ့က်ကမ္ဘာ့ )ဟု ခေါ်ကြပြီး သက္ကူအနွယ်ဝင်ဟု အဓိပ္ပါယ်ယူကြသည်။ ရခိုင်သမိုင်းတို့တွင် ဆော့်မောက်ဟုလည်းခေါ်ကြသည်။ ဒိုင်းနက်ဟူသောစကားမှာ ရခိုင်ဘုရင်လက်ထက်တော်အခါက ဒိုင်းနက်လက်နက်ကိုင် တာဝန်ကိုထမ်းရွက်ခဲ့၍ (ဒိုင်းကျွမ်းကျင်သူမှ) ဒိုင်းနက်ဖြစ် လာသည်ဟု အယူရှိသေးသည်။ ဒိုင်းနက်တို့သည် တောင်စဉ်နှင့် ချောင်းမြောင်းတို့ရှိသည့် နေရာဒေသတို့ကို ခုံမင်နှစ်သက်ကြပြီး ၎င်းတို့သည် ပူအိုက်စွတ်စိုသော နေရာဒေသတို့တွင် နေထိုင်ကြသည်။ ဒိုင်းနက်လူမျိုးတို့၏ ဇာတိရပ်မြေနှင့် ဆင်ယင်ထုံးဖွဲ့မှု အကြောင်းအရာများအား အောက်ပါအတိုင်းဖေါ်ပြအပ်ပါသည်။
ဇာတိရပ်မြေ
ဒိုင်းနက်တို့၏ အစဉ်အလာပြောဆိုသော စကားအရ ဇာတိရပ်မြေနှစ်ခုကို တွေ့ရသည်။ ပထမအယူအဆအရ ၎င်းတို့သည် ရခိုင်ပြည်နယ်အလယ်ပိုင်း အမ်းနှင့် ဒလက်အကြား ဒေသ တို့တွင် နေထိုင်ခဲ့စဉ် “ပါးဖူးခေါင်ကြီး” ဆိုသူသည် အကြီးအကဲဖြစ်သည်။ ၎င်းတို့သည် ယင်းအရပ်၌ ဘုရင်တပါး၏ လက်အောက်တွင် ရိုညွှတ်အေးဆေးစွာ နေထိုင်ကြသည်ကို တခြားသော လူမျိုးတို့မှ မနှစ်သက်ဖြစ်လာသည်။ ထို့ကြောင့် ဘုရင်ကိုလှည့်ပါး ကုန်းတိုက်ရာ အောင်မြင်သဖြင့် ဘုရင်က ဒေါသအမျက်ထွက်ပြီး ယင်းတို့ကို သုတ်သင်ရှင်းလင်းရန် စီစဉ်လေသည်။ ဤသည်ကို မိဖုရားက သိရှိစဉ် ဒိုင်းနက်တို့ကို သနားသဖြင့် တိတ်တဆိတ် သတင်းပေးလေသည်။ ဒိုင်းနက်တို့ သည်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်လေရာ စစ်တကောင်းတောင်တန်းဘက်သို့ ရောက်သွား ကြလေသည်။ ယင်းအရပ်၌ အတန်ကြာသော် ဆူပူသဖြင့် ကံသာချောင်းဖျား (စစ်တကောင်းမြစ်ဖျား)သို့ တိမ်းရှောင်ကြပြန်သည်။ ယင်းအရပ်မှတစ်ဆင့် မောင်းတောနယ်ဘက်သို့ ပြန့်နှံ့ဆင်းလာခဲ့ကြသည်။
ဒုတိယအယူအဆအရ လွန်ခဲ့သောနှစ်ပေါင်း(၄၀၀)ကျော်ခန့်က ၎င်းတို့သည် ရခိုင်ဘုရင် ပြန်သော စစ်တကောင်းနယ် ကံသာချောင်းဖျား၌ နေထိုင်ခဲ့ကြသည်။ ထိုစဉ်က အနောက်ဂျာနှင့် တောင်စိုင်ညာဟူ၍ အုပ်စုနှစ်ခုရှိခဲ့သည်။ ဒိုင်းနက်တို့၏ အကြီးအကဲအုပ်ချုပ်မှုအာဏာကို အနောက်ဂျာတို့က ရရှိသွားသောအခါ ပြိုင်ဘက်ဖြစ်သော တောင်စိုင်ညာတို့ကို နှိပ်စက်ကလူပြု လာတော့သည်။ ထိုအခါ မခံမရပ်နိုင်ဖြစ်လာကြပြီး အင်အားမသာ၍ လှေကြီး၊ လှေငယ်တို့ဖြင့် အိမ်ထောင်စု(၃၀၀)ကျော်တို့သည် ရခိုင်ပြည်မထဲသို့ ဝင်ရောက်လာကြတော့သည်။ ရှေးဦးစွာ မောင်တောမြို့နယ်မှ ဝါဗိန်ဟူသောအရပ်၌ နေထိုင်ခဲ့ကြသည်။ ရခိုင်ဘုရင်က ဤအကြောင်းကို ကြားသိတော်မူ၍ မေးမြန်းစုံစမ်းပြီး အမှုတော်ထမ်းရန် ခန့်ထားလေသည်။ ဒိုင်းအတတ်ကို ကျွမ်းကျင် သဖြင့် ဒိုင်းသူရဲကောင်းအဖြစ် ခန့်ခဲ့လေသည်။
ရခိုင်သမိုင်းများ၌ ဒိုင်းနက်နှင့် သက်ကို သက်လူမျိုးဟုပင်ဖေါ်ပြကြသည်။ သက်လူမျိုး (သက်က္ကူလူမျိုးဟုလည်းတွင်သည်) တို့သည် ကုလားတန်မြစ်ညှာဒေသ၌ ဘီစီ-၄၀၀၀ကပင် အခြေချနေထိုင်ခဲ့ပြီး ရခိုင်တို့၏ မင်းတပါးဖြစ်သော မာရယုမင်းသည် အိန္ဒိယပြည်သား အဇ္ဇူနူ ရသေ့နှင့် သက်မင်းသမီးတစ်ပါးတို့၏ သားတော်ဟုဖေါ်ပြကြသည်။ အေဒီ-၇၉၄ တွင်နန်းရလာ သည့် ရခိုင်မင်းငမင်ငတုံ(စောရှေ့လူ)သည် စစ်တန်းတင်အရင်ရှိ သက်တို့အရပ်၌ နေထိုင်ကြီးပြင်း ခဲ့သည်ဟု ဖေါ်ပြသည်။
တဖန်သက်တို့ကိုဖော်ပြရာ၌ အနောက်သက်နှင့် အရှေ့သက်ဟူ၍ နှစ်မျိုးဖော်ပြသေး သည်။ အနောက်သက်တို့သည် စစ်တကောင်းတောင်တန်း၌ အခြေချနေထိုင်ခဲ့ကြသည်။ ၎င်းတို့ သည် မကြာခဏ ဘင်္ဂလားရှိကုလားတို့နှင့် ပေါင်းဖက်၍ ရခိုင်ဘုရင်ကို ပုန်ကန်ခဲ့ကြသည်။ ရခိုင် ဘုရင် မင်းထီး(နန်းစံ ၁၂၈၃-၁၃၈၉) လက်ထက်တော်၌ သက်တို့တစ်ကြိမ် ပုန်ကန်ခဲ့ရာ မင်းထီး၏ စစ်သူကြီးဓမ္မဇေယျနှင် ကိုယ်ရံကြီး ပြသထတို့သည် ရဲမက်တော် တစ်သိန်းငါးသောင်းနှင့် ချီတက် နှိမ်နင်းခဲ့ရသေးသည်။ ထိုမင်းလက်ထက်အေဒီ-၁၃၃၃တွင် အရှေ့ဘက်ရှိ သက်တို့သည် ထကြွပြန်ရာ ယင်းတို့၏မြို့ဖြစ်သော မစ္ဆဂီရိတိုင်အောင် အမတ်ကိုယ်ရံကြီး ရာဇာစည်သူသင်္ကြန်ကို ရဲမက် တော်တစ်သိန်း ကိုယ်ရံတော်သူရဲ နှစ်သောင်းနှင့် ချီတက်လုပ်ကြံစေခဲ့သည်။ သက်မင်း(ရှင်မင်း စော)ကို ရသဖြင့် သက်ရမြို့ဟု ခေါ်တွင်ရာမှ သက်ရက်မြို့ဟု ယခုတွင်နေသည်။ ထို့နောက် သက် အိမ်ထောင်စု တစ်သောင်းကို သိမ်းယူကာ အမ်းချောင်း၊ ရူးချောင်းတို့၌ ချထားပြီး ဒိုင်းနက် ငွေခွန် ဖွဲ့တော်မူသည်။ သက်မင်းသမီးစောမေခံကို မင်းချစ်တန်ဆောင် ထားတော်မူသည်။ သက်မင်းကို ကား စစ်တကောင်းတောင်တန်းရှိ ကျောက်သမာ၊ ကျောက်ဖျာရွာ ကို အပိုင်စားပေးထားသည်။ သက်မင်းသားသုံးပါးကိုလည်း အသီးသီးချီးမြှောက်ထားခဲ့သည်။ ထိုမင်းသားငယ် သုံးပါးသည် ဆယ်နှစ်ကြာသောအခါ အရှေ့ဘက် ပုဂံအဝဘက်သို့ ထွက်ပြေးလွတ်မြောက်သွားကြလေသည်။
၁၅၉၉ ခုနှစ်တွင် ရခိုင်ဘုရင် မင်းရာဇာကြီးအား တောင်ငူဘုရင်က ဖိတ်မံသဖြင့် ဟံသာဝတီပဲခူးသို့ ချီတက်ခဲ့ရာ ၎င်း၏တပ်တော်၌ ဒိုင်းနက်သူရဲကောင်း တစ်သောင်း ပါဝင်ခဲ့ပြီး မင်းရာဇာကြီး ကိုယ်တော်တိုင် ကွပ်ကဲသောတပ်၌ ပါဝင်ခဲ့ရသည်။ ဤသူရဲကောင်းတို့သည် သက်သူရဲကောင်းတို့နှင့် မတူပေ။ သီးခြားဖြစ်သည်ဟုဖော်ပြကြသည်။
သက်မင်းရှင်စောကို မစ္ဆဂီရိမှ ဖမ်းယူရရှိပြီးနောက် အရှေ့သက်၊ အနောက်သက်ဟူ၍ မရှိ တော့ပေ၊ သက်တစ်မျိုးတည်းသာ တွင်လာလေသည်။ သက်တို့၏ ဌာနီကို ကမ္ဘောဇသက်ပြည်ဟု ခေါ်ကြသည်။ ယင်းမြို့တော် ရင်္ဂါမတီသည် စစ်တကောင်းမြစ်ဖျားဒေသတွင် ဖြစ်သည်။ သက်မင်း ပြည်သည် ရခိုင်ဘုရင်ကို အခွင့်အခါသင့်တိုင်း ထပ်မံပုန်ကန်ခဲ့သည်။ ၁၆၆၆ ခုနှစ်တွင် ရခိုင်ပိုင် စစ်တကောင်းသည် မဂိုအင်ပါယာသို့ ကျသွားပြီးနောက် သက်ပြည်သည် ဘင်္ဂလားနှင့် ဆက်ဆံမှုပို၍ များသွားခဲ့သည်။ စစ်တကောင်းနယ်ရှိ သက်တို့သည် ရခိုင်ပြည်မှ ထွက်ပြေး သွားသူများသာဖြစ်သဖြင့် တခြားသော ထွက်ပြေးသွားသူ လူမျိုးများနှင့်အတူ မြန်မာပိုင်နက်သို့ ပြန်လည်မောင်းထုတ်ပေးရန် ဘိုးတော်ဘုရားမင်းကြီးလက်ထက် ရခိုင်လေးမြို့ဝန်က အင်္ဂလိပ်ပိုင် စစ်တကောင်း မြို့ဝန်သို့ ၁၇၈၇-ခု၊ ဇွန်လ၊ ၂၄ ရက်နေ့စွဲဖြင့် သဝဏ်လွှာပါးခဲ့လေသည်။ သို့ရာတွင် ပြန်လည်ဝင် ရောက်လာသည်ကို မတွေ့ရပေ။
စစ်တကောင်းနယ်ရှိသက်(ချက္ကမဟုခေါ်သည်) နှင့် ရခိုင်ရှိဒိုင်းနက်တို့သည် အနွယ်စကား၊ စာပေစသည်တို့တူသည်။ မျိုးရိုး(ဂေါ်ဆား)ရှိပုံမှာ မတူညီကြပါ။ မျိုးရိုး(ဂေါ်ဆား) ၈ ခုရှိသော် လည်း စစ်တကောင်းချက္ကမ၌ ၂၁-ခုအထိရှိလေသည်။ အမျိုးအမည်များမှာလည်းမတူညီကြပါ။
ဒိုင်းနက်တို့သည် ရခိုင်တို့နှင့်နီးကပ်စွာရောထွေးနေထိုင်ခဲ့သဖြင့် ၎င်းတို့ထံကူးစက်လာသော ယဉ်ကျေးမှုကို ၎င်းတို့၏ ဘာသာစကားတွင် တွေ့မြင်နိုင်ပေသည်။ ဥပမာ-ဇွန်း၊ သေတ္တာ (တေတ္တာဟုဆိုကြသည်)၊ လက်ဖွဲ့(လယ်ဖုအယ်)၊ နွားထမ်းပိုး(ထွန်းဘူး)၊ ကတ်ကျေး(ကတ်ကျိတ်)၊ ဆေးလိပ်(ဆလျိပ်)၊ ဘိနပ်(ဖာနပ်) တို့ဖြစ်ကြသည်။
ဆင်ယင်ထုံးဖွဲ့မှု
ဒိုင်းနက်အမျိုးသားတို့သည် အဖြူရောင်အဆင်ကို ဝတ်ဆင်ကြသည်။ ခေါင်းပေါင်းအဖြူ ကိုလည်းပေါင်းကြသည်။ ဒိုင်းနက်အမျိုးသမီးတို့သည် အသက်အရွယ်ကိုလိုက်၍ ဝတ်ဆင်ကြသည်။ အပျိုအရွယ်တို့ ၌ထမီအစင်းများတွင် အနက်ရောင်လုံးဝမပါဘဲ အနီ-အဝါရောင်-အညိုရောင်အရစ် အဆင်းတို့သာ ရှိပါသည်။ အိမ်ထောင်ကျပြီးသူတို့၏ ထမီ၌ အနက်-အနီ-အဝါရောင်တို့ ပါဝင်သော အရစ်အစင်း တို့သာပါရှိရသည်။ အသက်ကြီးလျှင် ထမီ၌ အလယ်တွင် အနက်ရစ် အတူတူပါရှိပြီး အနားဖက်၌ အနက်နှင့်အနီရောင်ရောသော အရောင်များပါရှိတတ်သည်။ အဝတ်စအနက်တစ်ခုကို ရင်သား ပေါ်၌ ရစ်ပတ်ထားပြီး ချက်ပေါ်အောင် ဝတ်ဆင်ကြသည်။ အပေါ်မှအင်္ကျီကိုဝတ်ကြသည်။ ဦးခေါင်းပေါ်၌ တဘက်အရှည်(၃)ပေခန့်အရှည် (အရောင်မှာအရွယ်အလိုက် ခွင့်ပြုထားသည့်အ ရောင်သာဖြစ်သည်) ကိုရစ်ပတ်ချည်နှောင်ထားသည်။ ဆံထုံးပုံမှာ တစ်မျိုးတည်းသာဖြစ်သည်။ ကိုယ်ရုံပုဝါကို အသက်အရွယ်အလိုက် အရောင်တို့ဖြင့် ဝတ်ဆင်ကြသည်။ ဒိုင်းနက်အမျိုးသမီးတို့သည် လက်ကောက်ကို မဖြစ်မနေ ဝတ်ဆင်ကြသည်။
ယခုရေးသားတင်ပြသော အကြောင်းအရာများသည် ဒိုင်းနက် (ခေါ်) သကျသာကီသက္ကမ လူမျိုးတို့၏ ၎င်းတို့က ခေါ်ဝေါ်သောအမည် ခုံမင်နှစ်သက်စွာနေထိုင်ကြသော ဒေသ၊ ဇာတိရပ် မြေနှင့် ဆင်ယင်ထုံးဖွဲ့မှု အကြောင်းအရာများအား ရေးသားပြုစု တင်ပြခြင်းဖြစ်ပါသည်။