ရခိုင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ရခိုင်တို့၏ တူရိယာစည်တီးခတ်ခြင်း
Image

အတီးအမှုတ်စသော တူရိယာ စည်မျိုး၊ တပိုးမျိုး၊ စောင်းမျိုး ဟူ၍ အသီးသီးရှိကြ၏။ ပါဠိစာပေတွင် စည်ငါးမျိုးကိုပင် “တူရိယာငါးမျိုး” ဟူ၍ ခေါ်ဆိုထားသည်။ ထို့ကြောင့် ရှေးရခိုင်စာဆိုများက “ပဉ္စင်တူရိယာ၊ တီးမှုတ် ကာဖြင့်” ဟုဖွဲ့ဆိုခဲ့ကြလေသည်။ ထို့အတူ တူရိယာ ငါးပါးဆိုသည်မှာလည်း စည်မျိုးငါးပါးပင်ဖြစ်၏။ အတီး အမှုတ်တူရိယာတို့တွင် စည်တူရိယာမှာ တီးခတ် အပ်သော တူရိယာမျိုးပင်ဖြစ်၏။ ဤစည်အမျိုးအစား များစွာကို ပါဠိစာပေနှင့် သက္ကတတို့တွင် များစွာပါရှိ ပေ၏။ စည်မှာ အမျိုးအမည် ထူးပြားလှ၏။ ဤစည် တီးခတ်ခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တွင် အဘယ် ခါကပင် စတင်လာခဲ့ကြောင်းကို အတိအကျဖော်ပြရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရခိုင်သည် မြန်မာ ထက်စောစွာကပင် အိန္ဒိယမှ တစ်ဆင့် အနုပညာသုခုမ ဂီတတို့သည် ရခိုင်ပြည်နယ်သို့ နွယ်ယှက် ဆက်ပွါးခဲ့ရ သည်ဟု ဆိုနိုင်ပေသည်။ ဂီတများသည်လည်း ထိုမှ ဆက်နွယ်ခြင်းကို ပညာရှင်တို့ လေ့လာသိရှိနိုင်ခဲ့၏။ 

     ရခိုင်ပြည်နယ်၌ စည်တီးခြင်း၌ စည်တီးခြင်းစတင် လာသည်မှာ အိန္ဒိယမှပင်ဆက်နွယ်ခဲ့သည်ဟု ဆိုစေကာမူ အခြေခံမှု၊ အတုယူမှု စသည့်နည်းလမ်း အမျိုးမျိုးလည်း ရှိနိုင်မည်ဖြစ်၏။ တိုင်းပြည်နှင့်လူမျိုး တိုးတက်လာနိုင် သလောက် ယဉ်ကျေးမှုအနုပညာ တေးဂီတများမှာလည်း တိုးတက်နိုင်သဖြင့် ရခိုင်ပြည်နယ်၏ လူနေမှုစတင်လာ ပုံကို  ခန့်မှန်းဖော်ထုတ်နိုင်ကြပါလျှင် ပို၍သေချာ ရေရာပေမည်။ 

မြန်မာပြည်တွင်လည်း လူမျိုးစုအလိုက် စည် စသည့် တူရိယာများအသီးသီး မိမိတို့လူမျိုး၏ အခြေခံ မှုနှင့် ဆက်နွှယ်ဆင့်ပွါးမှုကြောင့် တိုးတက်ခဲ့ကြပေ၏။ အသွင်အပြင်မူဟန် အသုံးအစွဲမှာလည်း မိမိတို့လူမျိုး အလိုက် ဖန်တီးထီထွင်ခဲ့ကြပေ၏။ ရခိုင်ပြည်နယ်တွင် အောက်ပါ စည်အမျိုးအစားများကို ခေတ်အဆက်ဆက် သုံးစွဲခဲ့ကြောင်း တွေ့ရ၏-

၁။  မြှောက်စည်(ပဟိုရ်စည်)

၂။  သံလွင်စည် 

၃။ မုရိုးစည်(စည်ဗျော)

၄။ စည်ပုတ်

၅။ စည်ကြီး(ရွန်းစည်)

၆။ ဒုံမင်း

၇။ စည်ပန်းတောင်း(စည်ပဒေါင်း)

၈။ စည်ဝန်း

၉။ ပတ်သာ(ပတ်မ)

၁၀။ တစ်ဘက်စည်

၁၁။ ပန်တျာ(ပန်းတျား)

၁၂။ ခတ်စည်

၁၃။ စည်လေး(စည်သေး)

၁၄။ စည်အိုင့်(အိုးစည်)

စသည်ကိုသုံးစွဲခြင်းနှင့် ပတ်သက်၍ ရာဇဝင် သာဓကများကိုဖော်ပြလိုပါ၏။ “နတ်မြစ်စန်းအောင်” က ရခိုင်လူမျိုးတို့၌ ကိုယ်ပိုင်ဂီတ သုခုမ အနုပညာရပ်များစွာ ရှိသည့်အနက် ရှေးမင်းများလက်ထက်နှင့် ယနေ့တိုင် ခေတ်စားနေသည့် “စည်” အမျိုးအမျိုးအကြောင်း” ကို တင်ပြထား၏။ ပျောက်ကွယ်နေသော တူရိယာများကို သုတေသနလုပ်၍ ရှာဖွေထိန်းသိမ်းရန်မှာ ရခိုင်အမျိုးသား တိုင်း၏ တာဝန်ဖြစ်ပေသည်။

ရခိုင်ရာဇဝင်၌ ဒဿ ဘာတီကတို့ရေကစားရာသို့ မျောပါလာသော ကက္ကဋ ပုစွန်လက်မကို ပဟိုရ်စည် ကြက်လုပ်၍ မြှောက်စည်ပြုထားခဲ့သည်ဟု အဆိုရှိသည်။ စန္ဒသူရိယမင်း မဟာမုနိရှင်ပင်ကို သွန်းလုပ်စဉ်က ပဉ္စတူရိယာ တီးမှုတ်ခြင်းရှိခဲ့သည်။ စန္ဒရားမင်းများ လက်ထက် စည်တော်ရွန်းခဲ့သော တောင်မှာယခုတိုင် ကျောက်လှေကားမြို့၌ရှိ၍ စည်ကြီးတောင်ဟုခေါ်တွင် ကြ၏။ မြောက်ဦးမြို့နန်းတော်ဦး တောင်မှာလည်း စည်တော်ရွန်းခဲ့သဖြင့် ရွန်းတောင်ဟုခေါ်တွင်လျက် ရှိသေး၏။ ဥဂ္ဂါပျံစာဆိုတို့၏ ရာသီဖွဲ့များ၌လည်း “ ပိန်ပေါင်ခရာ၊ စည်ဒုပ္ပါနှင့် ” ဟုလည်းကောင်း  “ စည်ပုတ်သံဝါ၊ တောမှုတ်ကာသည် ” ဟု လည်းကောင်း စပ်ဆိုခဲ့၏။ သတိုးသုဓမ္မမင်း သည် ပိတောက်ပင်ကို ထွင်း၍ ဗဟိုရ်စည်ကြက်ခဲ့၏။ ဤသို့ စည်တီးခြင်းများ ထင်ရှားနိုင်သည့်အပြင် ပန်းပုလက်ရာ ရုပ်တုလည်း အထင်အရှားတွေ့နိုင်၏။ သျှစ်သောင်း သိမ်တော်ကြီး နံရံတွင် စည်တီးခေတ်နေသော တူရိယာသမားပုံကိုတွေ့ ရ၏။ ထို့ကြောင့် စည်ကြက်လုပ် တီးခတ်ခဲ့ကြပုံ၊ တူရိယာ အဖြစ်လည်းကောင်း၊ ပွဲလမ်း သဘင် ကန္နားတွင် လည်းကောင်း အသုံးပြုခဲ့ကြပုံများမှာ ထင်လင်းစွာ သက်သေခံလျက်ရှိနေသည်။

ဤစည်များအားလုံးကို ယခုအခါ မတွေ့သိရှိရ သော်လည်း သုံးစွဲနေသမှုကို အောက်၌ ဖော်ပြပါအံ့။

၁။ ပန်တျာ(ပန်းတျား)

၂။ မုရိုးစည်(စည်ဗျော)

၃။ ခတ်စည်

၄။ ကျင်စည်

၅။ စိုင်တမျိုး

၆။ ဗုံရှည်စည်

ဤစည်တို့ကို ရှာဖွေတွေ့ရှိနိုင်သည်။ တခြားသော တူရိယာအစိတ်အပိုင်းနှင့် နှဲ၊ ပလွေစသည့် မှုတ်အပ်သော တူရိယာများကား စစ်တကောင်းနယ်ရှိ ရခိုင်တို့ယခုတိုင် သုံးစွဲလျက်ရှိသေး၏။

၁။ ပန်းတျားစည်

ဤစည်၏ စတင်လာပုံကို ရခိုင်ဇာတိဝံသ မော်ကွန်းစာတမ်း၌ တွေ့ရ၏။ ရခိုင်မင်းများသည် တိုင်းသူပြည်သားတို့ကို အနှောင့်အယှက် ပေးသော ရက္ခဘီလူး၊ နတ်မိစ္ဆာကြမ်းတို့အား မိုးဦး၊ မိုးနှောင်း လစဉ် မပြတ် ပန်းတျားစည်ဖြင့်တီးခတ်ကာ နတ်ပွဲပသပူဇော် ရာ၌သုံးစွဲခဲ့သည့် “ပန်းတျားသည်” ပညာရှင်တစ်ဦးကိုလည်း လက်ဝဲသင်းရှစ်ဦးတွင် တစ်ဦးအပါအဝင်ရာထူးခန့်ထားခဲ့ ရသည်။ (စည်သဘင်အမတ်ကြီးတို့လည်း ထိုကဲ့သို့ ပွဲသဘင်နှင့်ဆိုင်ရာ၊ ယဉ်ကျေးမှုသုခုမ တေးဂီတနှင့် ဆိုင်ရာခန့်အပ်ထားသော သဘင်ဝန်ကြီးပင်လောဟု အောက်မေ့အပ်သည်။) ထိုအခါမှစ၍ နှုတ်နှင့်ပတ်သက် သမျှ ပန်းတျားတီးခတ်မှုရှိလာခဲ့ရ၏။ ပန်းတျား၏ အရင်းမှာ ကြီးပြီးလျှင် အဖျားမှာသေးသွယ်သည်။ သားရေကြက်ပြီး ကြိုးနှင့်လွယ်ကာ တီးခတ်ရသည်။ မြောက်ဦးမြို့နယ်တို့တွင် ယခုတိုင်တွေ့နိုင်၏။ ၎င်းနှင့် သီဆိုရသောသီချင်းလည်း သီးခြားပင်ရှိ၏။ ဤစည်ကို ရခိုင်ပြည်၌ ဦးစွာသုံးစွဲခဲ့ပြီး ဘယ်ခေတ်တွင်မှ မတိမ်ကောခဲ့သည့် စည်ဖြစ်ခဲ့သည်။ “ပတ်တီးသည်” ဟုလည်း အချို့ဒေသ၌ သုံးနှုန်း၏။

၂။ မုရိုးစည်

(ရခိုင်က စည်ဗျောခေါ်၏) ဝါကျွတ်ပွဲ၊ တန်ဆောင် မုန်းပွဲ၊ အတာသင်္ကြန်ပွဲ၊ ဘုရားပွဲ၊ ကျောင်းတက် အလှူပွဲ၊ ရှင်ပြုပွဲစသည့် မင်္ဂလာပွဲတို့ဤ တီးခတ်လေသည်။ မင်းပြားမြို့နယ်၌ ယခုတိုင် ထိုစည်ကို တွေ့ရှိနိုင်သည်။ မင်းပြားမြို့ ကျိန်းတောင်ဘုရားပွဲ ကျင်းပတိုင်း ဤစည် ဖြင့်ပင် တီးခတ်ပူဇော်လျက် ရှိသေးသည်။

၃။ ခတ်စည်

“သမက်တက်ပွဲ” ခေါ် မင်္ဂလာဆောင်ပွဲတို့၌ တီးခတ် ကြသည်။ ရခိုင်ပြည်တွင် စစ်ပြီးခေတ် သမက်တက်ပွဲ၌စည်  တီးခတ်မှု ပျောက်ကွယ်ခဲ့ပြီးသော်လည်း စစ်တကောင်းနယ် မရှက်ချောင်းတို့၌ ယခုထိရှိသည်။ ရခိုင်နန်းကျကြီးမင်း လက်ထက် စည်သဘင်သမီး ပန်းနီလာကို ပေးစား ထိမ်းမြားစဉ် စည်တီးခတ်မှုကြောင့် ဘုရင်သည် အမျက် ရှ၍ ပိတ်ပင်ခဲ့ဖူး၏။ ဘုရင်မှာ  ပန်းနီလာကို ချစ်ရေးဆို ခဲ့သော်လည်း စည်သဘင်၏ “သေပြီ” ဟူသည့် လိမ်လှည့် စကားကို ယုံကြည်ကာနေခဲ့၏။ ကာလကြာသော် တစ်ဖန် တခြားသူနှင့် ထိမ်းမြားပွဲလုပ်၍ စည်တီးခတ်သံကို ဘုရင် ကြားရသဖြင့် သေပြီဟုဆိုခဲ့သော လိမ်လည်မှုကို ပြုသည့် အတွက် ငါ့အားမပန်ကြားဘဲတိုင်းပြည်၌ တူရိယာတီးမှုတ် ခွင့်မပြုရဟု အမိန့်ထားခဲ့ဖူးသည့် တစ်ရပ်ရှိသည်။

၄။ ကျင်စည်

ရခိုင်လူမျိုးတို့၏ ထင်ရှားသော ကစားခုန်စား တစ်ခုဖြစ်သည့် ကျင်ကိုင်ပွဲတို့၌ တီးခတ်ရ၏။ ဤစည်ကို တီးခတ်လိုက်လျှင် ကျင်သန်များသည် စိတ်ရဲရင့်လာပြီး ကြောက်စိတ်များ ပျောက်ကွယ်သွားလေ့ရှိသည်။ ဤစည်ကို ပခုံးတွင် စလွယ်သိုင်းလွယ်လျက် အထက်သို့ မျက်နှာဝကို စောင်းငဲ့ကာထားပြီး၊ လွှားရင်းခုန်ရင်း စိတ်အား တက်ကြွလာစေရန် တီးခတ်ရ၏။ ယခုတိုင်ကျင်ပွဲတို့၌ တီးခတ်လျက်ရှိသေး ကြောင်းတွေ့ရ၏။

၅။ စိုင်တစ်မျိုး

“စိုင်”ခေါ်စည်တစ်မျိုးသည် ကျောက်ဖြူ၊ ရမ်းဗြဲ ကျေးလက်နယ်များတွင် သုံးစွဲလျက်ရှိသေးကြောင်း သိရှိ ရ၏။ ထိုစည်ကို တပျော်တပါး စည်ကားသိုက်မြိုက် စွာဖြင့် ပြိုင်ပွဲများဖြင့်ပင် ကျင်းပလေ့ရှိသည်ဟူ၏။ ထိုအရာကို ကြည့်ခြင်းဖြင့် “စိုင်းစည်” ဟုခေါ်ဟန်တူ၏။ ထို့ပြင်လူပျို ကာလသားများအဖို့ နွေဦးရာသီတို့တွင် တီးခတ်ကခုန်ရခြင်းဖြင့် ပျော်စရာအကောင်းဆုံးပင်ဖြစ် သည့်အတွက်  ထိန်းသိမ်းထားအပ်၏။

၆။ ဗုံရှည်စည်

မာန်အောင်ကျွန်း၌ တီးခတ်လျက်ရှိကြသေး၏။ ထိုစည်မှာ ပါးလွှာစွာအခေါင်းထွင်းပြီး သားရေ ကြက်ထား သဖြင့် ပေါ့ပါးလှသည်။ အသံမှာလည်း ထိန့်ထိန့်ကြိုးမျှ မြည်ဟည်းလှဘိသည်။ ၎င်းဒေသတွင် ထိုစည်ကို “ဗုံ” ဟု ခေါ်ဆိုကြသည်။ အတာသင်္ကြန်ပွဲ၊ဘုရားပွဲ စသည်တို့၌ တီးခတ်လေ့ရှိသည်။

မြန်မာတို့သည် ရခိုင်တို့ထံမှ တူရိယာအချို့ကို အတုယူတီထွင် သုံးစွဲခဲ့ကြမည်ကို ခန့်မှန်းရ၏။ အဘယ်ကြောင့်ဆိုသော် ရခိုင်သည် မြန်မာထက် အိန္ဒိယ ပြည်နှင့်ဆက်သွယ်မှု နီးစပ်လာနိုင်သဖြင့် ရခိုင်သို့ တူရိယာ များစောစွာ ဆက်သွယ်နိုင်ခဲ့မည်ကို သိသာလှသည်။ ထို့ကြောင့်ပင် အလောင်းစည်သူမင်း တိုင်းခန်းလှည့်လည်စဉ် ရခိုင်တို့ဒေသသို့  ရောက်ခဲ့၍ တူရိယာပုံစံများကို တွေ့မြင် ခဲ့သဖြင့် ပုံစံယူကာ ဇမ္ဗူ့သပြေသီး ကြွေဟန်စသည့် တူရိယာများကိုတီထွင်တော့ကြောင်း ခန့်မှန်းသိသာနိုင် ၏။ ထို့အတူ ရခိုင်တို့ထံမှ ဆက်သွယ်ခဲ့ကြသော လူမျိုးစုများ၏ တူရိယာများလည်း ရှိကြသေးမည်ဟု သိရသည်။

မောတို့ဌာနီဟုတွင်သော ရှမ်းပြည်တောင်ပိုင်း အင်းလေးတွင် နေကြသော ထားဝယ်မျိုးနွယ်စုဝင် အင်းသားတို့ သုံးစွဲလျက်ရှိသည့် လံစည်မှာရခိုင်မာန်အောင် ဗုံရှည်စည်နှင့် သဘောတူဖြစ်၏။ အလုံးအလျား အသွင် အပြင် လုံးဝတူညီလှ၏။ ထိုလံစည်အကဖြင့် တေးသီးချင်းမှာ လည်ချောင်းနှာသံဖြင့် သီဆိုကြရသဖြင့် ရခိုင်သိုင်းဟန် သာချင်းတစ်မျိုးကဲ့သို့ဟု ခန့်မှန်းလေ့လာရသည်။

     မောတို့ဌာနီဟုတွင်သော ရှမ်းပြည်တောင်ပိုင်း အင်းလေးတွင် နေကြသော ထားဝယ်မျိုးနွယ်စုဝင် အင်းသားတို့ သုံးစွဲလျက်ရှိသည့် လံစည်မှာရခိုင်မာန်အောင် ဗုံရှည်စည်နှင့် သဘောတူဖြစ်၏။ အလုံးအလျား အသွင် အပြင် လုံးဝတူညီလှ၏။ ထိုလံစည်အကဖြင့် တေးသီးချင်းမှာ လည်ချောင်းနှာသံဖြင့် သီဆိုကြရသဖြင့် ရခိုင်သိုင်းဟန် သာချင်းတစ်မျိုးကဲ့သို့ဟု ခန့်မှန်းလေ့လာရသည်။

အင်းသားမှာ ထားဝယ်မှ သံလွင်မြစ်ကြောင်းဖြင့် ညောင်ရွှေအင်းလေးတွင်လာ၍ အခြေစိုက်သူများ ဖြစ်သဖြင့် ထားဝယ်လူမျိုးစု အပါအဝင်ပင်ဖြစ်၏။ ထားဝယ်မှာ ရခိုင်လူမျိုးဆက်နွယ်များသာ ဖြစ်ကြ၏။ ဒသရာဇာမင်း လက်ထက် မာန်အောင်ကျွန်းမှ တနင်္သာရီကမ်းတစ်လျှောက် သွားရောက်နေထိုင်သည်မှ အခြေစိုက် ခဲ့သူများဖြစ်သည်။ ထို့ကြောင့် ရခိုင်စည်တူရိယာသည် ၎င်းတို့ထံ လက်ငုတ်လက်စ ရှိနေခြင်းဖြစ်၏။ ထားဝယ်ဒိန်းသာချင်းမှာလည်း ရခိုင်ဒုံးချင်းနှင့် ဆင်တူလှ၏။ ဘိုးတော်မင်းလက်ထက် ရှမ်းပြည်နယ်သို့ ရခိုင်များမှာလည်း ရောက်ရှိသွားခဲ့ကြ၏။ 

ထို့ကြောင့် ရခိုင်စည်တူရိယာသည် ရခိုင်တွင် သာမက အရပ်ရပ်ဆက်သွယ်နှံ့စပ်မှုရှိခဲ့သော်လည်း ယနေ့ရခိုင်တွင်ရှားပါးတိမ်ကောနေသည်ကို တွေ့ရသဖြင့် ထိန်း သိမ်းစောင့်ရှောက် ဖော်ထုတ်ကြသင့်၏။ ယနေ့ ကမ္ဘာတွင် မိမိတို့အနုပညာဖြင့် ဂုဏ်ဝင့်ဝါသကဲ့သို့ ရခိုင်ပြည်နယ်သည်လည်း မိမိတို့အနုပညာဂုဏ်ဖြင့် ဝင့်ဝါ နေပါသည်။