ရခိုင်ပြည်နယ်အတွင်းရှိ ကမန်လူမျိုးတို့၏ အမည် ပေးကင်ပွန်းတပ်မှု၊ လက်ထပ်ထိမ်းမြားမှုနှင့် ဆိုင်သော ယဉ်ကျေးမှု၊ ပူးပေါင်းဆောင်ရွက်မှုစသည့် အကြောင်း အရာ များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
အမည်ပေးကင်ပွန်းတပ်မှု
ကမန်လူမျိုးများ၏ အမည်များမှာ ရှေးယခင်ကပင် ရခိုင်အမည်များကဲ့သို့ပင်ဖြစ်ပါသည်။ မိဘများအနေဖြင့် သားသမီးများအား အမည်ပေးသောအခါ မိမိ၏ မိဘ ဘိုးဘွားများ အမည်နှင့် စပ်ကာအမည်ပေးကြပါသည်။ အမည်ပေးကင်ပွန်းတပ်မင်္ဂလာပွဲများအား ရှေးယခင်ကပင် ယခုထက်တိုင် ပြုလုပ်ကြပြီး အကျွေးအမွေးဖြင့် တည်ခင်း ဧည့်ခံလျက်ရှိပါသည်။ ယခုအခါ အချို့မိဘများအနေဖြင့် မြန်မာဆန်သောအမည်များကို ပေးလာကြပြီး ကင်ပွန်းတပ် မင်္ဂလာဧည့်ခံပွဲများအားလည်း ယနေ့ထက်တိုင် ပြုလုပ် လျှက်ရှိနေကြပါသည်။
လက်ထပ်ထိမ်းမြားမှုနှင့်ဆိုင်သောယဉ်ကျေးမှု ကမန်လူမျိုးတို့၏ ထိမ်းမြားလက်ထပ်မှု အပိုင်းကို တင်ပြရသော် ရှေးယခင်လက်ထပ်ခဲ့ကြသော အစဉ်အလာ များကို ဦးစွာတင်ပြလိုပါသည်။ သတို့သမီး မိဘများနှင့် သတို့သားမိဘများသည် သားသမီးအခြေအနေကိုလိုက်၍ မိဘ၊ သားသမီးနှစ်ဦးနှစ်ဖက်သဘောကျ လူငယ်ပိုင်းကို ကြည့်ပြီး ဦးစွာရပ်ရွာဓလေ့အတိုင်း နားဖောက်ကြရသည်။ ပဏာမညိှနှိုင်းမှုတွင် သဘောတူညီချက်ရရှိပြီးမှ တရားဝင် စေ့စပ်ကြောင်းလမ်းသည့်နေ့တွင် သတို့သားရှင်များမှ သတို့သမီးရှင်အိမ်သို့ သွားရောက်ကာ ဖိတ်ကြားထားသော ရပ်ရွာလူကြီးများရှေ့၌ မိမိသားအတွက် ချွေးမအား တရားဝင်တောင်းရမ်းကြပါသည်။ သတို့သမီး မိဘများမှ သဘောတူညီမှု ရပြီးသောအခါ တရားဝင်လက်ထပ် ထိမ်းမြားရန် နေ့ရက်သတ်မှတ်ကြပါတော့သည်။
ရှေးကမန်လူမျိုးတို့သည် မင်္ဂလာထိမ်းမြားမှုအား (၄)ရက်သတ်မှတ်ထားကြပြီး ပထမနေ့တွင် ရက်သင့်နံသင့် လူပျို၊ အပျိုများကို ဖိတ်ကြားကာ စီတန်းလျက် လုံမပျို ကွမ်းတောင်ကိုင် မိန်းကလေးအား ဦးဆောင်စေကာ တစ်ရွာဝင်တစ်ရွာထွက် ဖိတ်ကြားကာ စီတန်းလှည့်လည် သွားကြရပါသည်။ စုရပ်အဖြစ်သတို့သားအိမ်တွင် သတ်မှတ် ထားပြီး လာရောက်သူမှန်သမျှအား သတို့သားရှင်အိမ်မှ ထမင်းများကျွေးမွေးပါသည်။ ကျွေးမွေးအပြီး စီတန်း လှည့်လည်သည့် မိန်းကလေးများ ထမ်းရွက်သွားမည့် ဆွမ်းအုပ်များတွင် ပန်းပွင့်များ၊ မုန့်များထည့်ကာ အဆင်သင့် စီစဉ်ချထားပေးပါသည်။ ကွမ်းတောင်ကိုင်မှ ဦးစွာထမ်းရွက် ထွက်ခွာပါမှ နောက်မှတန်းစီလိုက်ပါကာ အထက်ပါအတိုင်း တစ်ရွာဝင်တစ်ရွာထွက် သတို့သမီးအိမ်သို့ လှည့်ပတ် သွားကြခြင်းဖြစ်ပါသည်။
လှည့်လည်လိုက်ပါကြသူများသည် အတီးအမှုတ်၊ အကအခုန်များနှင့် မြိုင်ဆိုင်လှပြီး ရပ်ဆွေရပ်မျိုး၊ ဧည့်သည် များလည်း စုံလင်လှပါသည်။ သတို့သမီးရှင် အိမ်သို့ ရောက်လာကြသည်နှင့် ခရီးမရောက်မဆိုက်ပင် အချိုရည်များ တိုက်ကျွေးကြပါသည်။ ဤကဲ့သို့ပင် သတို့သမီးအိမ်တွင် စားသောက်ပျော်ရွှင်ကြလျက် အရွဲ့အစောင်း သံချပ်များ ထိုးကာ ပထမနေ့အစီအစဉ် ပြီးဆုံးသွားပါသည်။
မင်္ဂလာဒုတိယနေ့တွင် သတို့သားအိမ်နှင့် သတို့သမီး အိမ်တို့တွင် လာရောက်ကြသော ဆွေမျိုးမိတ်သင်္ဂဟများကို နံနက်ပိုင်းမှသည် ညနေပိုင်းသို့တိုင် မုန့်ဖက်ထုပ်များဖြင့် ဧည့်ခံကျွေးမွေးကြရပါသည်။
တတိယနေ့တွင် သတို့သားအိမ်နှင့် သတို့သမီးအိမ် ကိုယ်စီ၌ ရေခပ်၊ ရေချိုးပွဲများကို ပြုလုပ်ရန် နံနက်ပိုင်းမှ စ၍ ရပ်ရွာရှိ အပျို၊ လူပျိုများ လာရောက်စုရုံးကြသည်နှင့် ရေအိုးကိုယ်စီတွင် အညွန့်ပန်းများထည့်ကာ ရှေ့သွား နောက်လိုက် တန်း၍ မြို့၊ ရွာပတ်ဝန်းကျင်ရှိ ရေကန်များသို့ ရေခပ်သွားကြရပါသည်။ ရေခပ်အဖွဲ့များနောက်မှ အိုးစည်၊ ဒိုးပတ်၊ အကအခုန် များဖြင့် စုံစုံညီညီ ရေခပ်သွားကြခြင်း ဖြစ်ပါသည်။ သတို့သားအိမ်နှင့် သတို့သမီးအိမ်များမှ ဤကဲ့သို့ တခြားရပ်ကွက်များသို့တိုင် အသီးသီးအဖွဲ့ဖွဲ့ သွားကြခြင်းမှာ မိမိတို့၏ အလှအပ၊ အက၊ ပသာဒဆိုသော အနုပညာယဉ်ကျေးမှု၊ လူမှုရေးဓလေ့ ထုံးတမ်းကောင်းများကို ရပ်ရွာ၊ ရပ်ကွက်၊ မြို့နယ် အတွင်းရှိ လူများလေ့လာကြည့်ရှုနိုင်ရန်ဖြစ်ပါသည်။
ရေခပ်ရာမှအပြန် သက်ဆိုင်ရာ အိမ်အသီးသီးသို့ ရောက်သောအခါ သတို့သားအိမ်၌ လူပျိုရံ(၇)ဦးမှ ခပ်လာသော ရေများကို သတို့သားအား ဝိုင်းဝန်းချိုးပေးကြပြီး သတို့သမီး အိမ်တွင်လည်း ခပ်လာသော ရေများကို သတို့သမီး အပျိုရံ(၇)ဦးက သတို့သမီးအား ရေချိုးပေးရပါသည်။
အိမ်အသီးသီးတွင် ဆင်ယင်အပြီး ထမင်းလက်ဆုံ ဝိုင်းဖွဲ့စားသောက်မှုများလည်း ရှိကြပါသည်။ အထူးသဖြင့် မင်္ဂလာမြောက်အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် မြိုင်ဆိုင်စွာ တီးမှုတ်ကြပြီး မင်္ဂလာသီချင်းများ သီဆိုကြပါ သည်။ မင်္ဂလာပွဲသို့ လာရောက်ကြသော ဧည့်ပရိတ်သတ် များအား တစ်နေ့လုံး မုန့်များ၊ အဖျော်ယမကာများ တိုက်ကျွေး ဧည့်ခံပါသည်။ မင်္ဂလာပွဲကို မင်္ဂလာရှင် အိမ်နှစ်အိမ်စလုံးတွင် ပြုလုပ်ကြရပြီး ညနေပိုင်းသို့ရောက်သောအခါ သတို့သား အိမ်ရှင်မှ ဖိတ်ခေါ်ကြွရောက်လာသော လူကြီးများ၊ လူပျိုများ၊ အပျိုများတို့သည် တရားဝင်လက်ထပ်မှုကို ပြုလုပ်ကြရန် သတို့သမီးအိမ်ဆီသို့ သွားကြပါသည်။ မင်္ဂလာအိမ်သို့ မရောက်မီ လမ်းတစ်လျှောက်တွင် ရွှေဆွဲကြိုး၊ ငွေဆွဲကြိုး များဖြင့် တားဆီးကာ မင်္ဂလာချီးမြှင့်ငွေအား တပျော်တပါး သုံးစွဲရန် တောင်းကြပါသည်။ သတို့သားရှင်နှင့် မိဘများက ထိုသို့တောင်းခံသည်ကို ရှေးရပ်ရွာဓလေ့ ပေးကမ်းမြဲ ရှိသည့်အတိုင်းသော်လည်းကောင်း၊ ပိုမိုစေတနာရှိလျှင် ရှိသလောက်ပေးကမ်းလေ့ရှိသည်။ သတို့သား၊ သတို့သမီးတို့ အိမ်ရောက်လာသောအခါ ရိုးရာဓလေ့အတိုင်း သတို့သမီး ရှင်အိမ်မှ ခြေဆေးပေးကြပြီး ခြေဆေးခကို တပျော်တပါး တောင်းခံကြပါသည်။ လူကြီးပိုင်း၊ လူငယ်ပိုင်းများနှင့် ထပ်မံ ပေါင်းစပ်ပြီး သက်သေများ၊ ရှေ့နေများအဖြစ် တာဝန် သတ်မှတ်ပေးကာ တရားဝင်လက်ထပ်မှုပြုကြပါသည်။ နောက်နေ့များတွင် ရပ်ရွာဓလေ့အတိုင်း ရပ်မိရပ်ဖ၊ လူကြီးများထံကန်တော့ရန် နှစ်ပါးစုံလက်တွဲလျှက်သွားကြ ပါသည်။ တစ်ချို့ဆွေမျိုးများမှလည်း ဖိတ်ခေါ်ကြကာ အထူးကျွေးမွေး ဧည့်ခံကြပါသည်။ အထက်ဖော်ပြပါအတိုင်း ရိုးရာမပျက် ထိမ်းမြားခဲ့ကြသော ကမန်မျိုးနွယ်စုဝင် မင်္ဂလာရှင် အိမ်ထောင်စုများသည်လည်း တစ်လင် တစ်မယားစနစ်ကို ယနေ့တိုင် ကျင့်သုံးနေထိုင်လျက်ရှိကြ ပါသည်။
ခေတ်စနစ်များ ပြောင်းလဲလာသကဲ့သို့ ယခုအခါ ကမန်လူမျိုးများ မင်္ဂလာထိမ်းမြားမှုသည် မြန်မာဓလေ့ ထုံးတမ်း၊ ရခိုင်ဓလေ့ထုံးတမ်းများ ပြောင်းလဲလာသကဲ့သို့ အတူပြောင်းလဲကာ မင်္ဂလာရက်အား တစ်ရက်တည်းသာ သတ်မှတ်ထားကြပါတော့သည်။
ပူးပေါင်းဆောင်ရွက်မှု
ရှေးယခင်ကပင် ရခိုင်ပြည်နယ်တွင် ကမန်လူမျိုး များနှင့် ရခိုင်လူမျိုးများသည် မိဘနှစ်ပါးမှ အတူပေါက်ဖွား လာကြသည့် ညီအကိုမောင်နှမများသဖွယ် မရှိအတူရှိအတူ၊ အေးအတူပူအမျှ အတူတကွနေထိုင်လာကြသည်။ ကျေးရွာ များတွင် လိုအပ်လျှက်ရှိသည့် လူမှုရေးလိုအပ်ချက်ဖြစ်သော ရေတွင်း၊ ရေကန်များ၊ ဇရပ်များ၊ တံတားများကို ကမန်လူမျိုး ငွေကြေးချမ်းသာသည့် ကုန်သည်မိသားစုများမှ သွားရောက်ကာ
တူးဖော်တည်ဆောက် လှူဒါန်းပေးလေ့ ရှိခဲ့ကြသည်။ ယခုတိုင် ရမ်းဗြဲမြို့နယ်ရှိ ကျေးရွာအနှံ့တွင် ထိုရေတွင်း ရေကန်များကို သောက်သုံးလျှက်ရှိနေကြပါသေးသည်။
မြို့နယ်အတွင်း ပေါ်ပေါက်လာသော အခြား အများအကျိုးပြု ပရဟိတလုပ်ငန်းများကိုလည်း ကျောသား ရင်သားမခွဲခြားဘဲ တစ်စိတ်တစ်ဝမ်းတည်း တက်ညီ လက်ညီဖြင့် ကူညီဖြေရှင်းလာခဲ့ကြသည်မှာ မြို့နယ်သမိုင်းက သက်သေပြနေပေသည်။ မြို့နယ်အတွင်းပေါ်ပေါက်လာသည့် ဘာသာရေး၊ လူမှုရေး၊ ပွဲလမ်းသဘင် များတွင်လည်းကောင်း၊ ကျောင်းများ၊ အလုပ်ဌာနများ၊ ပွဲလမ်းသဘင်များတွင် လည်းကောင်း ကျရာနေရာမှ တာဝန်မျိုးစုံတို့ကို ပူးပေါင်း ဖြေရှင်းလာကြသည်ကို ယနေ့တိုင် တွေ့ရှိနေကြရပါသေး သည်။