ရခိုင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်
Image

        ရခိုင်လူမျိုးတို့၏ ဆယ့်နှစ်ရာသီပွဲတော်များအနက် နှစ်သစ်ကူးပွဲဖြစ်သော သင်္ကြန်ပွဲသည် တစ်မူထူးခြားစွာဖြင့် အလွန်စည်ကားသည့် ရိုးရာပွဲတော် တစ်ခုဖြစ်သည်။ သင်္ကြန် မကျမီ (၃) ရက်ခန့်ကတည်းကပင် သက်ဆိုင်ရာရပ်ကွက် အသီးသီးမှ ရပ်ကွက်ခေါင်းဆောင်တို့သည် သင်္ကြန်ပွဲဖြစ်မြောက်ရေးအတွက် တိုင်ပင်ဆွေးနွေးခြင်း၊ အလှူငွေ ကောက်ခံခြင်းတို့ကို ပြုလုပ်ကြသည်။ သင်္ကြန်အကြိုနေ့တွင်မဏ္ဍပ်ကြီးငယ်များထိုးပြီး ကရမက် ၊ နံ့သာဖြူ၊ နံ့သာနီ စသော အမွှေးထုံးတို့ကို လူတစ်ဖက်ခန့်ရှိသောကျောက်ပြင်ကြီးများတွင်အမျိုးသမီး၊အမျိုးသားများစုပေါင်းလျက်နံ့သာသွေးကြသည်။ ညဉ့်(၁၂)နာရီခန့်သို့ ရောက်လျှင် လူကြီးလူငယ်မရွေးသွေး၍ရသော အမွှေးနံ့သာပုံးတို့ကို ထမ်းရွက်လျက် အရပ်ထဲတွင် ဗုံမောင်းတီး ကာ တစ်ညလုံး ကခုန်မြူးတူးကြသည်။ 

သင်္ကြန်အကျနေ့ နံနက်သို့ရောက်သော်မွှေးပေါင်းဖြာသည့် သွေးပြီးသား နံ့သာရည်တို့ကို ယူဆောင်ကာမိမိရပ်ကွက်အလိုက် ဘုရားပုထိုးများသို့ သွားရောက်၍ ဘုရားများ ကို ရေသပ္ပာယ်ပြီး နံ့သာရည်ဖြင့် ပက်ဖြန်းကြ သည်။ ထို့ပြင်မိမိတို့ကိုးကွယ်သော ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ ဘုရားရေသပ္ပာယ်ခြင်း၊ အမွှေးနံ့သာဖြန့်ခြင်း၊ အဆောက်အအုံများအား သန့်ရှင်းခြင်းအစရှိသော ကုသိုလ် ကောင်းမှုများပြုလုပ်ကြသည်။ နံနက်ပိုင်း ဘုရားရေ သပ္ပာယ်ခြင်း အလေ့အထမှာ စစ်တွေမြို့ပေါ်တွင် သာရှိပြီး တောမြို့ဒေသနှင့် ကျေးလက်ဒေသများတွင်မူ ညပိုင်း၌ ပြုလုပ်လေ့ရှိကြသည်။ 

ဘုရားများကို လှည့်လည်ရေသပ္ပာယ်ရာတွင်အမျိုးသားများသာပါဝင်ကြသည်။ထိုနေ့ကို“ဘုရားရေချိုးနိန့်”ဟု ရခိုင်လူမျိုးများက ခေါ်ဝေါ်ကြသည်။ ဘုရားရေသပ္ပာယ်ရာ၌ 

“ ပိတောက်ဝါဝါ၊ ပင်လုံးကျွတ်

 အတာလမြတ်၊ ရောက်သောအခါ

 နွှဲပျော်စရာ စည်ဒုပ္ပာနန့်

 ပတ်သာဗုံမောင်း တီးလို့သာ 

 နံသာချိုးရီ၊ ကိုယ်စီထမ်း

 ကျောင်းတက်လမ်းနန့် ဝင်္ကဘာ

 ဗုဒ္ဓမြတ်စွာ၊ သပ္ပာယ

 ဆုမွန်တောင်းကြ ငါရို့မှာ၊

 သင်္ကြန်ကျစွာ၊ စဉ်လာထွန်း

 ရှိကမော်ကွန်း၊ စာအဆို

 ငါရို့လူပျို၊ ဖော်တသင်းက

ဇင်းခါကြောင်းလမ်း ယောင်လို့ပါ

 မဏ္ဍပ်ကညာ၊ ပျိုဖြူလှရို့

 ကနွဲ့ကယ ထပြီးကေ ...." ဟူသော ရခိုင်သင်္ကြန် သံချပ်ကြီးကို ထိုးကြသည်။

ဘုရားရေသပ္ပာယ်ပြီးမှသာ သင်္ကြန်ပွဲကို ဆင်နွှဲ ကြသည်။ သင်္ကြန်ပွဲ ရေကစားပွဲတော်တွင် အမျိုးသမီး များက လှည့်လှည်၍ ရေပက်ခံခြင်း အလေ့အထမရှိဘဲ မိမိတို့ရပ်ရွာအလိုက် နီးစပ်ရာ ဆောက်လုပ်ထား ရှိသော မဏ္ဍပ်များအတွင်းမှနေ၍ ကစားလေ့ရှိကြသည်။ 

 မဏ္ဍပ်များတွင် ရေကစားရန်အတွက် ရေကို လောင်းလှေကြီးဖြင့်ဖြစ်စေ၊ သံစည်ပိုင်းများဖြင့်ဖြစ်စေ အလုံ အလောက် ဖြည့်ထားကြရသည်။ အမျိုးသမီးများ ထိုင်နေရာနှင့် လက်တစ်လှမ်းကျော်ခန့်အကွာတွင် ရေလောင်းသူအမျိုးသားများသည်အမျိုးသမီးများနှင့်ရောထွေးမသွားစေရန်အတွက် အတားတစ်ခု ပြုလုပ်ထားရှိသည်။ ရေ လောင်း မဏ္ဍပ်များတွင် ခိုက်ရန်ဒေါသ မဖြစ်စေရန် ဩဇာရှိသူ အမျိုးသမီးကြီးများက စောင့်ရှောက် ကြီးကြပ်ပေးကြသည်။

ပထမရောက်ရှိသောအဖွဲ့ ရေကစားနေစဉ် နောက်အသင်းရောက်လာလျှင် မဏ္ဍပ်ထဲသို့မဝင်ဘဲ အပြင်တွင် ကခုန်သီဆို၍ နေကြရသည်။ ရေကစားနေသောအဖွဲ့ မဏ္ဍပ်ထဲမှ ထွက်သွားမှ နောက်ရောက်သောအဖွဲ့က ရေကစားရသည်။ တစ်ဖွဲ့ရေလောင်းနေလျှင် ကျန်တစ်ဖွဲ့က ဝင်ရောက် ကစား လေ့မရှိပေ။ အလွန်စည်းကမ်းရှိလှပေသည်။ ရေကစားရာတွင် အများအားဖြင့် နေ့လည်ပိုင်းမှ ညနေစောင်းအထိသာ ကစားလေ့ရှိကြသည်။ သို့သော် ကလေးသူငယ်များက မနက်စောစောကပင် လမ်းသွားလမ်းလာများကို ရေပက်ကစား လေ့ရှိကြသည်။ ရှေးအခါကဆိုလျှင် အမျိုးသားရေပက်ခံအဖွဲ့များသည် မြင်းရထား၊ နွားလှည်းများနှင့် အမျိုးသမီး ရေလောင်းမဏ္ဍပ်များသို့ လှည့်လည်ဝင်ထွက်  ရေကစားလေ့ ရှိကြသည်။ လူပျိုနှင့် အပျိုတွေ့ဆုံခွင့်ရသည့်အချိန်ဖြစ်သည်။ သို့သော်မောင်နှမချင်း၊ သားအမိချင်း၊ သားအဖချင်း၊ ယောက်ျားချင်း၊ မိန်းမချင်း၊ တူဝရီးချင်း၊ ခဲအိုသူငယ်ချင်း၊ ခလေးချင်း၊ လူပျိုနှင့်အပျို၊ မိတ်ဆွေအချင်းချင်း ရေလောင်း နိုင်ခွင့်ရှိသည်။ ရေလောင်းရာတွင် ယင်းအစဉ်အလာများကို ထိန်းသိမ်းကြဆဲဖြစ်သည်။ 

အချို့ကျေးလက်တောရွာများတွင် သင်္ကြန်အတွင်း သီတင်းသီလ ဆောက်တည်၍ အလှူအတန်းပြုလုပ်ကြပြီး အခါလွန်မှ ရေကစားကြသည်။ အများအားဖြင့် ရွာများတွင် မဏ္ဍပ်ထိုးပြီး တစ်ဦးကိုတစ်ဦး လိုက်လံရေလောင်းလေ့ ရှိကြသည်။ 

မဏ္ဍပ်အတွင်းမှ ရေကစားရန် အမျိုးသမီးများ စောင့်နေသောအခါ အမျိုးသားများက မိမိတို့ရပ်ကွက်အလိုက် အုပ်စုဖွဲ့ကာ အိုးစည်းဗုံမောင်းများတီး၍ ရေကစားရန် လာကြသည်။

“ တစ်နှစ်တစ်ခါ သင်္ကြန်ကျ၊ ပျော်လဲပျော်ရပါရေ၊  ပိုးလဲပိုးရပါရေ

 ပိုးမယ်ပန်းမယ်၊ ဇာဖြစ်တယ်လဲ အခွန်တော်လဲ မပြီးရပါလေ၊ 

အမြတ်တော်ကြေးလဲ မပြီးရပါလေ၊ (အပျိုကို ဝါကြီးပိုးရေ)၊

 လူပျိုးပိုးကေလမ်းကိုလျှောက်တယ်၊ ဝါကြီးပိုးကေအိမ် ကိုရောက်တယ်၊ 

 အလို…. အစွမ်းကုန်ပိုးကပ်ပါရလေ……၊

မဏ္ဍပ်များသို့  ရေကစားရန် ရောက်ရှိလာသောအခါ ပထမဦးစွာ ဆီးကြိုသည့်သဘောြဖင့် အမျိုးသားများကို အမျိုးသမီးအားလုံးက ရေတစ်ဖလားစီလောင်းပြီး ကြောခိုင်း၍ ပြန်ထိုင်နေကြရသည်။ ထို့နောက်မှ အမျိုးသားများက မိမိ ရေလောင်းလိုသည့် အမျိုးသမီးထံသို့ သွားရောက်၍ မရီးချေ၊ မရီးချေ ရေတဆိတ်ချေပြီးပါလားလေဟု မေတ္တာရေလောင်းရန် ယဉ်ကျေးစွာ ရေတောင်းရသည်။ အမျိုးသမီးများက ဖလားဖြင့် ရေခပ်၍ အမျိုးသား၏ဖလားထဲသို့ထည့်ပေးရသည်။ ဤရေဖြင့် အမျိုးသားများက စတင်ပက်ရသည်။ ထိုကဲ့သို့ ရေပက်ခြင်းကို “မေတ္တာရေလောင်းသည်”ဟု ခေါ်သည်။

မဏ္ဍပ်တွင်း၌ လောင်းလှေကြီးတွင် ရေအပြည့်ထည့်ကာ အမျိုးသမီးနှင့်အမျိုးသား တစ်ဖက်စီ မျက်နှာချင်းဆိုင်ပျော်ရွှင်စွာ ရေပက်ကစားလေ့ရှိကြသည်။ တစ်ဖက်နှင့်တစ်ဖက် အနိုင်ကြဲ၍ လောင်းလှေထဲမှရေကို ကုန်သည်အထိပက်ကြသည်။ ရေကို ခပ်သွက်သွက်ခပ်၍ မြန်မြန်ပက်ကြသည်။ တစ်ဦးချင်း မျက်နှာချင်းဆိုင်ကြသူချင်းသာ ပက်ရသည်။ အခြားသူကို ကျော်၍မပက်ရ။ မျက်နှာကို လက်နှင့် သပ်ချသူက ရှုံးသည်။ အနှိုင်အရှုံးကို ဒိုင်လူကြီးက ဆုံးဖြတ်ပေးလေ့ရှိသည်။

“သင်္ကြန်အတက်နေ့တွင် သင်္ကြန်စာ၌ပါသည့် အတာတက်နေ့ အဆိုအမိန့်အတိုင်း သက်ဆိုင်သည့် နေ့ရက်ဖွားသားသမီးများအတွက် အတာတက်မုန့်(မုန့်လုံး)များ လုပ်၍ အတာတက်ကြရသည်။ နေ့နံသင့်ရာအရပ်ကို သွားရောက်၍ ရွှေရည် ငွေရည်အမွှေးနံသာရည်တို့ဖြင့် ဦးခေါင်းလျှော်ကြသည်။ သပြေ၊ ဘချရား၊ အုန်းစသည့် နေ့သင့် နံသင့် အညွှန့်များဖြင့် ရေစင်ဖြန်း၍ နှစ်သစ်အတွက် မင်္ဂလာရှိစေရန် ဆုမွန်ကောင်းတောင်းကြသည်။”