ကရင်လူမျိုးတို့၏မြေယာအသုံးချမှုတွင်တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းမှု၊ ရေရှည်တည်တံ့စွာအသုံးချနိုင်မှု၊ ဂေဟစနစ် (Ecosystem) နားလည်ပြီးအမှီသဟဲနေထိုင်မှုတို့အပေါ်အခြေ ခံပြီမြေယာကို အသုံးချသည့်ကျင့်စဉ်များသည် ကရင်လူမျိုးတို့၏ အလှည့်ကျ ရွှေ့ပြောင်းတောင်ယာ၏ ဓလေ့ထုံးတမ်း မြေယာမူဝါဒစနစ်အတွက်ထင်ဟပ်မှုကိုဖြစ်စေနိုင်ပါသည်။ တောတောင်နှင့်စမ်းချောင်းတစ်လျှောက်တွင် ကရင်လူမျိုးအများစုနေထိုင်ကြပြီးသစ်တောကိုအမှီသဟဲပြုကာ သဘာဝနှင့်အတူယှဉ်တွဲနေထိုင်သူ များဖြစ်ကြပါသည်။ စားသုံးရန်အတွက် အဓိကဖြစ်သည့်ဆန်၊ စပါးကို အလှည့် ကျပြောင်းရွှေ့တောင်ယာမှရရှိသည်။ တနင်္သာရီတိုင်း ဒေသ အတွင်းရှိ ခမောင်းသွယ်ဒေသသည်လည်း ကရင်လူမျိုးအများစု နေထိုင်သည့် ဒေသတစ်ခုဖြစ်ပြီး ဘိုးဘွားတို့၏ ဓလေ့ ထုံးတမ်းအရ တောင်တန်းကို အဓိကထားပြီး စိုက်ပျိုးရေးကို လုပ်ကိုင်ကြပါသည်။ကရင်ရိုးရာ အလှည့်ကျရွေ့ပြောင်းတောင်ယာဆိုသည်မှာ မိသားစုတစ်စုသည်တစ်နေရာတွင် တစ်နှစ်တာ တောင်ယာခုတ်ကာ စပါးနှင့် ကောက်ပဲသီးနှံအမျိုးမျိုးကိုစိုက်ပျိုးခြင်းဖြစ်ပြီး မိမိတို့စိုက်ပျိုးခဲ့ပြီးသည့်တောင်ယာဟောင်းများကို (၈)နှစ် (၉)နှစ် ခန့်အချိန်ယူ အနားပေးခြင်းအားဖြင့် သဘာဝအရ သစ်တောတစ်ဖန်ဖြစ်လာပြီး မြေဆီမြေနှစ် များကောင်းလာစေခြင်းဖြင့် နောင်တောင်ယာကို ပြန်လည်ခုတ်ပြီးစိုက်ပျိုးခဲ့ကြပါသည်။ တောင်ယာတစ်နှစ်ပြုလုပ်ပြီးသည့် ဖုန်းဆိုးမြေတွင် ယခင်နှစ်ကသစ်ငုတ်များမှတစ်ဆင့်သစ်ပင်သစ်ကိုင်းများ ပြန်လည်ရှင်သန်ကြီးထွားလာပြီးအချိန်ကြာလာပါကသစ်တောအဖြစ်သို့တစ်ဖြည်းဖြည်းပြန်ဖြစ် လာသဖြင့်ရှင်းလင်းသော မြေပေါ်တွင် မီးရှို့ လိုက်ခြင်းကြောင့် မြေကြီးအောက်တွင် ရှိနေသည့် အခြားနေရာမှ လွင့်ပျံ့လာ သော သစ်စေ့များလည်းပြန်လည်၍ အပင်ပေါက်လာခဲ့ပါ သည်။
အလှည့်ကျ ရွေ့ပြောင်းတောင်ယာသည် လူတို့ စားသုံးရန်အတွက် သာမကဘဲ တောင်ယာအနီးအနား ပတ် ဝန်းကျင်ရှိ တောရိုင်းတိရိစ္ဆာန်များအတွက်ပါ အစားအစာ ကို ထုတ်လုပ်ပေးပါသည်။ ကရင်ရိုးရာတောင်ယာခုတ်ရာတွင် မြေနေရာရွေးချယ်ခြင်းတောင်ယာခုတ်ခြင်း၊ စိုက်ပျိုးခြင်းမှစ၍ ရိတ်သိမ်းခြင်းချိန်အထိစသည့်ကရင်ရိုးရာဓလေ့ထုံးတမ်းနှင့်အသိပညာဗဟုသုတတို့ကို အခြေခံလုပ်ဆောင် ခြင်းကြောင့်သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတများဖြစ် သည်သာမက ဇီဝမျိုးကွဲများ ရေရှည်တည်တံ့စေရန် အထောက်အကူဖြစ်စေပါသည်။ ထို့ကြောင့်ကရင်လူမျိုးများ သည်သစ်တောထဲတွင်နှစ်ပေါင်းများစွာနေထိုင်ပြီး ရိုးရာဓလေ့ ထုံးတမ်းအရ အလှည့်ကျရွှေ့ပြောင်းတောင်ယာ စနစ်သည် သစ်တောမျာ ပျက်စီးဆုံးရှုံးမှုကို မတွေ့ရသော်လည်း ခေတ်မီနည်းစနစ်ကို အခြေခံသော စိုက်ပျိုးရေးကို ဦးစားပေးပါက ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုပါ ပျောက်ကွယ်ပြီး မြေဆီဩဇာကြွယ်ဝသော သဘာဝသစ်တောများကိုပါ ပျက်စီးစေနိုင်ပါသည်။
ကရင်ရိုးရာအလှည့်ကျရွေ့ပြောင်းတောင်ယာလုပ်ကိုင်ရာတွင် လိုက်နာကျင့်သုံးရကြ သည့်ဓလေ့များ
- တပို့တွဲလတွင် တောင်ယာခုတ်ရန် အတွက် နေရာရှာခြင်း၊ အမှတ်အသားပြုခြင်း၊ တောခုတ် ခြင်းပြုလုပ်ကြသည်။
- တောင်ယာခုတ်ရန်နေရာကို သွားရောက် ရှာ သည့်အချိန်တွင် ဂျီဟောက်သံ ကြားရပါက ထို နေရာ ကို ရွေးချယ်ခြင်းမပြုကြပါ။
- တောင်ယာခုတ်မည့်မြေနေရာသည် မတ်စောက် သည့် တောင်ကုန်းနှင့် ချောင်းကမ်းစပ်မဖြစ်ရန် သတိပြု ကြသည်။
- တောင်ယာထဲတွင် စပါးမှည့်သည့် အချိန်တွင် တောဝက်များ စပါးလာမစားရန် တောင်ယာ ပိုင်ရှင်သည်တောထဲတွင်နှီးများကိုဖျာပြီး လူဝင် လူထွက်အပေါက်ချန်ကာတောင်ယာ ပတ်လည် တွင်နှီးကို ဆက်၍ချည်သည်။ တောင်ယာ ပတ် လည်တွင် ဆက်၍ ချည်ထားသည့် နှီးကိုကျော် ဖြတ်ခြင်းမပြုလုပ်ရပါ။တောဝက်များသည် တောင် ယာအနားသို့ ရောက်လာပြီး ချည်ထားသောနှီးကို တွေ့ပါက တောင်ယာ နားကို မလာတော့ပါ။
- တောင်ယာထဲတွင်သစ်ငုတ်တို၊ ဝါးငုတ်တိုများ ကို တောင်ယာအလယ် တည့်တည့်တွင် ဓားဖြင့် ပေါက်ခုတ်ခြင်းမပြုလုပ်ရပါ။ ဖီးဘီးယောခေါင်းကိုခုတ်ခြင်းနှင့်တူသည်ဟု မိဘ ဘိုးဘွားများကပြောကြသည်။
- စပါးမျိုးစေ့ထားသိုရာတွင် မျိုးစေ့ထားရန် ရွေးချယ်ထားသည့် စပါးကိုချွေပြီးလျှင်(၃)ရက် နေ့ည မရုတ်ပဲနေလှန်းသည်။ စပါးမျိုးစေ့လှန်းသည့် ဖျာ၏အနား ပတ်လည် (၄)ဘက်တွင် ကြိမ် ခါး ညွတ်(၄)ခက်ကို တစ်ဖက်တစ်ခက်စီ ချထား သည်။ စပါးမျိုးစေ့ကိုချွေပြီး ရလာသည့် အနေ အထားအတိုင်း ထားသည်။ သန့်စင်ခြင်း မပြုလုပ် ကြပါ။ စပါးမျိုးစေ့ကိုစပါးမျိုးစေ့ ထည့်သည့် တောင်းထဲတွင်ထည့်ပြီးသိမ်းဆည်းသည်။ စပါး မျိုးစေ့သိမ်းဆည်းရာတွင်မကြွေလွယ်သည့်စပါး မျိုးဖြစ်ပါက စပါးမျိုးစေ့ထည့်သည့် တောင်းထဲတွင် ငှက်ပျောရိုင်း အရွက်ကို ထည့်ပြီးမှ စပါးမျိုးစေ့ကိုထည့်၍သိမ်းဆည်းသည်။ သိမ်းဆည်း ထားသည့် စပါးမျိုးစေ့၏ အထက်တွင် မည်သည့် အရာမှ မတင်ထားရပါ။ ဓား၊ အချဉ် လုံးဝမထားရ ပါ။ စပါးမျိုးစေ့ကို ကိုင်တွယ်သည့်အခါတွင်လည်း အချဉ်ကိုမကိုင်ရပါ။စပါးမျိုးစေ့ကိုအိမ်၏အမြင့် တစ်နေရာ စင်ပေါ်တွင်တင်၍ထားရသည်။ နင်း ခြင်း၊ ကျော်ခွခြင်း မပြုလုပ်ရပါ။
- စပါးမိခင်ဆိုသည်မှာ တောင်ယာ၏အလည်တွင် နေရာတစ်နေရာ သတ်မှတ်ကာထိုနေရာတွင် ဝါး တစ်ချောင်းကို စိုက်ထူပြီး ထိုဝါးကို အထက်မှ ခွဲ၍ မြေကြီးကိုယူကာ ဝါးထဲသို့ ထည့်သည်။ ပြီး လျှင် စပါးမျိုးစေ့ကိုထည့်သည်။ စိုက်ထူထား သည့် ဝါး၏ခြေရင်းနားပတ်လည်တွင်စပါးက်စိုက်သည်။ (၇)ပေါမှတ်သားထားသည့် မြေ၏ အနားပတ် လည်တွင် (ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး)ကိုစိုက်သည်။ စပါးမိခင်ကို တောင်ယာပိုင်ရှင်ကသာ ကိုယ်တိုင် ရိတ်သိမ်းရသည်။အခြားသူများမရိတ်သိမ်းရပါ။ စပါးမိခင်ကောင်းပါကစပါးကောင်းပြီးမိခင်စပါး ထိခိုက်ပါကတောင်ယာစပါးထိခိုက်သည် ဟု ယုံ ကြည်ကြသည်။တောင်ယာထဲတွင်စပါးနာကျင် ပါ က စပါးမိခင်တွင် တောင်ယာကို သွားရောက် ပြုပြင်ကြသည်။မိခင် စပါးတစ်ပင်ကို ကြိုးဖြင့် ချီထားကာထိုစပါးပင်ပြန်ကောင်းလာပါက တောင် ယာထဲရှိစပါးများပြန်ကောင်းလာသည်။ စပါး ပြုပြင်သည့် ကာလတွင် မည်သူမျှ တောင်ယာ ထဲသိုမဝင်ရပါ။မသိသည့်သူများ ဝင်ရောက်ပါက ဘာမှမဖြစ်သော်လည်း သိလျက်နှင့်ဝင်ရောက် ပါကစပါးကိုထိခိုက်ပျက်စီးစေသည်။ တောင်ယာ ပိုင်ရှင်ကိုယ်တိုင်ဝင်ရောက်ပါကအခြားသူများ ဝင်ရောက်သည်ထက် ထိခိုက်ပျက်စီးမှု ပိုများ သည်။
- တောင်ယာမီးရှို့ရာတွင် စတင်မီးရှို့သည့် မီးရှူးကို တောင်ယာထဲသို့ ပစ်မထည့်ရပါ။ ပစ်ထည့်ပါ က တောင်ယာထဲတွင် မြွေပေါများသည်ဟု ဘိုး ဘွားများက ပြောဆိုဆုံးမကြသည်။ တောင်ယာ မီးရှို့သည့်အခါတွင် မီးကောင်းစွာ လောင်စေချင် ပါကအရက်ကို ထွေးထည့်ပေးရမည်ဟုဆိုသည်။
- စပါးဆူးထိုးသည့်အခါတွင်ဆူးထိုးတံကို လဲမကျ စေရ။ ဆူးထိုးတံလဲကျပါက စပါးလဲကျမှု များ သည်ဟုမိဘဘိုးဘေးများကပြောဆိုဆုံးမသည်။
- စပါးမျိုးစေ့ ကျဲရာတွင် တောင်ယာအကျယ် အဝန်းတူသော်လည်းစပါးစတင်ကျဲသည့်သူများ တွင် စပါးအကုန်များသည့် သူနှင့် စပါးအကုန် နည်းသည့် သူကိုသာရွေးချယ် သည်။
- အလုပ်လုပ်ကိုင်ရာတွင် လက်နှေးသည့်သူများ ကို အလိုမရှိကြပါ။အလုပ်စတင်လုပ်ကိုင်သည် နှင့် (မZလီဉ်အီဉ်နီဉ်) ဟူ၍ ဆုတောင်းကြသည်။ အဓိပ္ပါယ်မှာ မိုးကြိုးကဲ့သို့ အလုပ်ကိုလုပ်ကိုင်ပြီး ကြာရှည်စွာစားရသည်ဟူ၍ဖြစ်သည်။
- တောင်ယာထဲကို တောင်ကုန်းဝါးမြစ်ထိုးသည့် နေရာ(တောင်ကုန်း၊ တောင်စောင်းခြေရင်း တည့်တည့်)တွင် မဆောက်ကြပါ။ တောင်ကုန်း သည် တောနတ်၊ တောင်နတ် သွားလာသည့် လမ်း နှင့်ဝါးမြစ်ထိုးသည့်နေရာကိုပူသည့်နေရာ(မဆောင် အံ့သည့်နေရာ)ဟုယုံကြည်ကြသည်။ တောင်ယာ တဲကို တောင်ယာ နှင့် တောင်ယာအပြင်ဘက် သစ်တောကြားတွင် မဆောက်ပါ။ ညှပ်တတ် သည်ဟုယုံကြည်ကြသည်။ (ညှပ်သည်ဆိုသည် မှာနာမကျန်းဖြစ်ပြီးသေဆုံးခြင်းကိုဆိုလိုသည်။) စပါးဆူး ထိုးကြသည့်အခါတွင် တောင်ယာထဲ ပတ်လည် ကိုထိုးရသည်။ တောင်ယာတဲ တစ်ခြမ်း တွင်သာ စပါးစိုက်၍မရပါ။ တောင်ယာတဲ၏ ဘေး ဘက်တစ်ဖက်တွင်ငှက်ပျောစိုက်ပြီးကျန်တစ်ဖက် တွင်ကြံစိုက်ခြင်းမပြုလုပ်ရပါ။ညှပ်တတ်သည်။
- တောင်ယာထဲတွင် ဆန်ကြမ်းမျိုးနှစ်မျိုး မစိုက် ကြပါ။တောင်ယာထဲတွင်စပါးနှင့်အတူ ကောက် ညှင်းကိုစိုက်လိုပါက စပါးကိုကပ်လျက် နှစ်ခြမ်း စိုက်ပြီး ထိုစပါးနှစ်ခြမ်းစလုံးနှင့် ကပ်လျက် အထက်ဘက်တွင် ကောက်ညှင်းကို စိုက်ရသည်။ တောင်ယာလုပ်ရာတွင် ညီအကို မောင်နှစ်မ နှစ်ဦး ၏ကြားတွင် မပြုလုပ်ရပါ။ အထက်ပါအတိုင်း မလိုက် နာပါက ညှပ်တတ် သည်ဟု ယုံကြည်ကြ သည်။
ကရင့်ရိုးရာဓလေ့ထုံးတမ်းအရရွေ့ပြောင်းတောင်ယာလုပ်ကိုင်ပုံအဆင့်ဆင့်
(က) တောင်ယာခုတ်ရာနေရာရွေးချယ်ခြင်း၊အတည်ပြုသတ် မှတ်ခြင်းနှင့်အသိအမှတ်ပြုခြင်း
နတ်တော်လတွင် တောင်ယာခုတ်ရန်အတွက် နေရာရွေးချယ်ခြင်း ပြုလုပ်ရာတွင် နှစ်သက်သည့် နေရာကိုရွေးပါက အမှတ်အသားအဖြစ် နေရာ တစ်နေရာ ရှင်းလင်းခုတ်ထွင်သည်။ ပြီးလျှင် ဝါး တစ်ချောင်းကိုခုတ်ကာ ထိုးဝါး၏ ထိပ်ပိုင်းကို (၄)စိပ် စိပ်ပြီး သစ်ရွက်ကြီးကြီးယူကာ ထိုသစ်ရွက် ထဲတွင် မြေမှုန့်လက်တစ်ဆုပ်စာ ထည့်ကာ ထိုသစ်ရွက်ကို ထုပ်ပြီး(၄)စိတ်စိပ်ထားသည့် ဝါးအပေါ်တွင် တင် ထားသည့် အမှတ်အသားကို တွေ့သည့်သူတိုင်း ထို နေရာတွင် အခြားသူတစ်ဦးဦး တောင်ယာခုတ်ရန် ရွေး ချယ်ပြီးကြောင်းသိရှိကြပါသည်။ ဤကဲ့သို့နေရာရွေး ချယ် အမှတ်အသား ပြုလုပ်ပြီးပါက ထိုနေရာ၌ တစ်ညအိပ်ပြီး အိမ်မက်ကောင်းပါက ထိုနေရာတွင် တောင်ယာခုတ် အတည်ပြု၍ အိမ်မက်မကောင်း ပါက ထိုနေရာတွင် တောင်ယာမခုတ်ပါ။ ပြာသိုလ တွင်မိဘဘိုးဘွားတောင်ယာခုတ်ရန်နေရာရွေးချယ် အမှတ်အသားပြုခြင်း တောင်ယာကြိုတင် ခုတ်ခြင်း မပြုကြပါ။ ပြာသိုလ မတိုင်ခင်နှင့် ပြာသိုလကုန် နောက်ပိုင်းတွင်သာ ပြုလုပ်လေ့ရှိကြပါသည်။
(ခ) တောင်ယာခုတ်ခြင်း
တောင်ယာကို တစ်ရက်ကြိုခုတ်ခြင်း ပြုလုပ်ပြီး ပါ က မိမိနှစ်သက်သည့်အချိန်တွင် တောင်ယာကို ခုတ် နိုင်သည်။ တပို့တွဲလသည်တောင်ယာခုတ်ပြီးသည့် လ ဖြစ်ပါသည်။ တောင်ယာခုတ်ရာတွင် တောင်ယာ ပြုလုပ်သည့်နေရာကိုခုတ်ထွင်ရှင်းလင်းခြင်းဖြစ်ပြီး လူအင်အားကိုသာ အသုံးပြုကာ ခုတ်ထွင်သည့် တောင်ယာအကွက်သည် မိသားစုတစ်စု၏ တစ်နှစ် ဆန်စပါးဖူလုံရေးအတွက်ရည်ရွယ်ပါသည်။ တောင်ယာခုတ် သည့်အခါတွင်လည်း မြေပြင် အထက်ကိုသာ ခုတ်ထွင်ရှင်းလင်းပြီး အပင်များကို အမြစ်မှတူးဖော် မြေလှန်စိုက်ပျိုးခြင်းမပြုလုပ်ကြပါ။
(ဂ) တောင်ယာနေလှန်းခြင်း
တောင်ယာခုတ်ပြီး တစ်လကြာထားကာ နေလှန်းသည်။ တပေါင်းလသည် တောင်ယာကို နေလှန်းသည့်ကာလဖြစ်သည်။ တောင်ယာကို နေ လှန်းသည့်ကာလ၌တောင်ယာမီးရှို့သည့်အခါ တောထဲ သို့မီးမပြန့်စေရန်အတွက် တောင်ယာပတ်လည် တွင်မီးတားလမ်းများကို အကျယ် ၆ ပေမှ ၁၀ ပေ အထိ ရှင်းလင်းပေး ကြပါသည်။
(ဃ) တောင်ယာမီးရှို့ခြင်း
တောင်ယာမီးရှို့ခြင်းကို တပေါင်းလတွင် ပြုလုပ်သည်။ အနည်းဆုံး တစ်လကြာခန့် နေလှန်း ပြီးသည့် တောင်ယာအကွက်ကို မီးရှို့ရာတွင် မွန်းလွဲ ပိုင်း နေတဖြည်းဖြည်း အေးလာသည့်အချိန်တွင်သာစတင်မီးရှို့ကြသည်။ မီးရှို့သည့် တောင်ယာအကွက် သည်ဉယျာဉ်ခြံနှင့်နီးပါက ညနေ(၅)နာရီ နောက်ပိုင်း တွင် မီးရှို့လေ့ရှိသည်။
(င) မီးရှို့ပြီးစီးသည့် တောင်ယာအကွက်ကို ရှင်းလင်းခြင်း
မီးရှို့ပြီးစီးသည့် တောင်ယာအကွက်ကို ရှင်း လင်းခြင်းသည် တန်ခူးလတွင် ပြုလုပ်ပါသည်။ တောင်ယာမီးရှို့ပြီးပါက စပါးသီးနှံနှင့် ကောက်ပဲ သီးနှံ မစိုက်ပျိုးခင် မီးလောင်ထားသည့် သစ်ဝါးများ ကို အရင်ပြန်လည်သိမ်းဆည်း ရသည်။ တောင်ယာ မီးရှို့သည့်အချိန်တွင်မီးလောင်ကျွမ်းမှုကောင်းပါက တောင်ယာရှင်း လင်းရန်မလိုပါ။ မီးလောင်ကျွမ်းမှု မကောင်းပါက မီးလောင်ထားသည့်၊ မီးလောင်၍ မကုန်သည့်သစ်၊ဝါးများကို ပြန်လည်ရှင်းလင်းပေးရ သည်။ မီးရှို့ပြီး တောင်ယာကို ရှင်းလင်းပြီးပါက တန်ခူးလ၊ ကဆုန်လအတွင်း တောင်ယာထဲတွင် ပိန်းဉနှင့်ဟင်းသီးဟင်းရွက် အမျိုးမျိုးကို စတင်စိုက် ပျိုးသည်။
(စ) တောင်ယာအလှဆင်ခြင်း
ကရင်ရိုးရာဓလေ့စိုက်ပျိုးရာတွင် မိမိတို့ တောင်ယာကို အလှဆင်ရန်အတွက် ပန်းများကို လည်းစိုက်ပျိုးကြသည်။ တောင်ယာထဲတွင် စိုက်ပျိုး သည့် ပန်းများမှာ အဓိကအရေးပါဆုံးသော ပန်းများ ဖြစ်သည်။တောင်ယာကိုအလှဆင်ပေးသည်သာမက စပါးနာကျခြင်းကိုလည်းကာကွယ်သည် ။ ထို့ကြောင့် ကရင်ရိုးရာဓလေ့ တောင်ယာ စိုက်ပျိုးသည့်အခါ မိဘ ၊ ဘိုးဘွားများက တောင်ယာ စိုက်ပျိုးပါက (ပန်းနီ၊ ပန်းဝါ) ကိုလည်း စိုက်ပျိုးရန်မိမိ တို့၏သားသမီးများကို မှာကြသည်။ ထို့အပြင် စပါးရိတ်သိမ်းပြီး မိမိတို့၏ ရွာရှိ အိမ်သို့နွားလှည်းဖြင့် သယ်ယူလာကြရာတွင် ကရင်လူမျိုးများသည် (ပန်းနီ၊ပန်းဝါ) ဖြင့် အလှဆင် ထား သည့်မိမိတို့၏လှည်းကို ရွာထဲသို့ဝင်လာသော အခါ မြင်သူတိုင်းက ထိုလှည်းသည် ရိတ်သိမ်းပြီး စပါးကို သယ်ဆောင်လာသည့် လှည်းဖြစ်ကြောင်း သဘောပေါက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိခမောင်းသွယ် ဒေသသည်လည်း ကရင်လူမျိုးအများစု နေထိုင် သည့် ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကဦးစားပေးလုပ်ကိုင်ကြသည်။ မိမိတို့၏ဒေသ တွင် အဓိက စိုက်ပျိုးထားသောသီးနှံမှာ တောင်ယာ စပါးနှင့် ဉယျာဉ်ခြံများ ဖြစ်ကြပါသည်။ ဉယျာဉ် ခြံ သီးနှံများထဲမှ တစ်ခုဖြစ်သော ကွမ်းသီးပင်များကို စီးပွားဖြင့် စိုက်ပျိုးကြပါ သည်။