နတ်စားခြင်းရိုးရာဓလေ့သည် ကရင်ရိုးရာစာပေ နှင့်ယဉ်ကျေးမှုကိုသင်ကြားပေးသည့်လူမျိုးကိုစောင့်ရှောက် သည့်“ဖုထော်ကလို့”အစွဲပြုရာက လူမျိုး မပပျောက်ရေး အတွက်နတ်ဆက်သခြင်းကို ဘိုးဘွားစဉ်ဆက် လက်ဆင့် ကမ်း ပြုလုပ်လာခဲ့ခြင်းဖြစ်သည်ဟု မှတ်သားရကြောင်း နတ်ဆရာကရှင်းပြဖူးသည်။
ရိုးရာနတ်ကို ပင့်ဖိတ်ရန်ရှေးဦးစွာ စားပွဲခုံပေါ်ရှိ ကန်တော့ပွဲအုန်းသီးပေါ်တွင် ဖယောင်းတိုင်တစ်တိုင်ကို မီးထွန်းညှိလိုက်ပြီးမိသားစုဝင်များအား အစားအသောက် များနှင့်ပြင်ဆင်ထားသည့်် ခုံကိုထိကိုင်ထားစေကာ နတ် ဆရာများကစတင်လေတော့သည်။“ဒါကမိသားစုရိုးရာ၊အလှူ တစ်ခုလို့သဘောထားသလို မိသားစုတွေပြန်ဆုံရတဲ့ပွဲတစ်ခုလို့ လည်းပြောလို့ရတယ်၊ဒီလိုလုပ်ရင် သီးနှံတွေအထွက်တိုးသလို ကျန်းမာရေးတွေကောင်းမွန်တယ်လို့လည်းယုံကြည်တယ်” ဟု နတ်ဆရာကပြောပြသည်။
နတ်စားသည့်နေ့တွင် အိမ်ခန်းအတွင်းပြင်ဆင်မှုပြီး သည်နှင့်နတ်ဆရာမှကရင်ရိုးရာကိုစောင့်ရှောက်သည့်နတ် (ဖုထော်ကလို့)ကို တိုင်တည်ပင့်ဖိတ်လိုက်ပြီး ဆက်လက်ကာ အမိုးနှင့်ဖထီးကိုလည်းဖိတ်ခေါ်လေတော့သည်။တိုင် တည်ပင့်ဖိတ်ရာ တွင်လည်း ကရင်ဘာသာဖြင့် ပင့်ဖိတ်သ လို ဗမာဘာသာဖြင့် ပင့်ဖိတ်သူတွေလည်းရှိတတ်သည်။
မည်သို့ပင်ဖြစ်စေ ရိုးရာစောင့်ရှောက်သည့်နတ်ကို တိုင်တည်မှုသည် အားလုံးအတူတူပင် ဖြစ်သည်။ရိုးရာ နတ်စားကြသူများတွင် ဗမာကရင်၊တလိုင်းကရင်ဟူ၍ ကွဲပြားမှုရှိပြီး လုပ်နည်းလုပ်ဟန်တွေကလည်းအနည်းငယ် ကွဲပြားမှုရှိပေသည်။ကွဲပြားမှုဟုဆိုရာတွင် နတ်စားသူအချို့ သည်နတ်စားမည့်ဝက်ကို ပေါ်ရာတွင် ခြေလက်၊ဦးခေါင်း ဖြတ်ကာ ခြေလက်အချောင်းအတိုင်း ပြုလုပ်ခြင်းဖြစ်ပြီး အချို့သည်ဖြတ်ထားသည့်ဦးခေါင်း၊ခြေလက်များကို အပိုင်း သေးတွေ ထပ်မံခုတ်ပိုင်းကာ ပြုလုပ်ခြင်းဖြစ်လေသည်။ ထိုနည်းတူပင် နတ်စားမည့်ကြက်ကိုလည်း အကောင်လုံး အတိုင်းပြုလုပ်သူနှင့် အပိုင်းပိုင်းခုတ်ပြီးမှပြုလုပ်သူဟူ၍ ဖြစ်လေသည်။
ဝက်ကိုခြေ၊လက်တွေ မခုတ်ပိုင်းတော့ဘဲအချောင်း တိုင်းပင်ဖြတ်ကာပြုလုပ်ပြီး ကြက်ကိုအကောင်လိုက်ပင် ပြုလုပ်လေ့ရှိသူတွေပင်ဖြစ်လေသည်။ရိုးရာဓလေ့နတ်စားဖို့ ပြင်ဆင်ရာတွင် နတ်စားမည့်နေ့မတိုင်မီ ညဦးပိုင်း၌ ဦးစွာ နတ်ဆွမ်းတင်ခြင်းပြုလုပ်ရလေသည်။နတ်ဆွမ်းတင်ခြင်း သည် ဦးရှင်ကြီးနတ်ဆွမ်းတင်ခြင်းနှင့် အတူတူဖြစ်ပြီး ပြောဆိုတိုင်တည်မှုတွင်ကွဲပြားကြောင်းနတ်ဆရာကရှင်းပြ လေသည်။နတ်မစားမီညတွင် မိသားစုဝင်များအနေဖြင့် နေအိမ်တစ်ခုတည်းတွင် စုစည်းအိပ်ကြရပြီးမိသားစုဝင် များသူတွေအနေနှင့်အိမ်ခွဲ၍အိပ်ကြသော်လည်းတစ်အိမ်နှင့် တစ်အိမ်ကို အပ်ချည်ကြိုးလေးများဖြင့် သွယ်တန်း ချိတ် ဆက်ထားရလေသည်။၎င်းသည် နတ်စားသူများ၏ဓလေ့ အရလုပ်ဆောင်ရသည့်အချက်တစ်ခုဖြစ်ပြီး အကြောင်းအရာတခုခုကြောင့်နတ်စားရာသို့ မလာရောက်နိုင်သည့်သူရှိလျှင်နတ်စားသည့်အခါ၌ ၎င်းအတွက်သီးသန့်ဖယ်ကာ စွန့်ပစ်မှုပြုရလေ သည်။နတ်စားခြင်းသည်မနက်အစောပိုင်း တွင် ကြက်ဖို၊ကြက်မနှစ်ကောင်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး နေ့လည်ပိုင်းတွင် ဝက်ဖြင့်ပြုလုပ်ခြင်းဖြစ်ကာ ထမင်း၊ ကွမ်း၊ဆေးလိပ်စသည်တို့မှာ မနက်၊နေ့လည် အတူတူပင် ဖြစ်သည်။
ရိုးရာနတ်စားရာတွင်အချို့မှာ ဝက်မပါဘဲ ကြက် ဖြင့်သာပြုလုပ်သူများလည်းရှိကြောင်း ကရင်တိုင်းရင်းသား နတ်ဆရာဖြစ်သူ မန်းလှမိုးကရှင်းပြသည်။ ထိုသို့ပြုလုပ်သူတွေကို ရှောင်ကရင်ဟုခေါ်ဆိုကြောင်းလည်းသူကဆိုသည်။ နတ်စားမည့်ကြက်နှင့်ဝက်သည်ဒဏ်ရာနှင့်ခြေ၊လက်များ နာခြင်းမရှိရပေ။ထိုသို့ဖြစ်နေပါက နတ်စားခြင်း မအောင်မ မြင်ဖြစ်တတ်ကြောင်း အယူရှိကြလေသည်။ လူတချို့ကကိုယ်တိုင်ပင်မွေးမြူတတ်ကြသည်။ နတ်စားသည့်နေ့တွင် ရိုးရာစောင့်ရှောက်သည့်နတ်နှင့် အမိုး နှင့် ဖထီးကိုတိုင် တည်ဆက်သပြီးချိန်၌မိသားစုဝင်များထဲက အသက်အကြီး ဆုံးမှစတင်ကာ အသက်အလိုက်အငယ်ဆုံးထိ ကြီးစဉ် ငယ်လိုက် စားကြတော့သည်။ရိုးရာနတ်၏စွန့်ကြဲခြင်းကို စားပြရာတွင် တစ်လုတ်ဖြစ်စေ၊သုံးလုတ်ဖြစ်စေထမင်း အလုတ်ရေအားဖြင့်မိသားစုတစ်ခုနှင့်တစ်ခုမတူကြပေ။
နေ့လယ်ပိုင်းပြုလုပ်ရာတွင် အိမ်ရှင်ယောကျ်ား အတွက် ဝက်အထီးနှင့်ပြုလုပ်ရပြီးဇနီးအတွက်ကိုမူ ဝက် အမဖြင့် ပြုလုပ်ရလေသည်။ပြုလုပ်ရာတွင် ဝက်မပေါ်မီ အိမ်ရှင်ကရိုးရာဓလေ့အတိုင်း ဝက်၏ခြေ၊လက်တွေကို ရေလောင်းကာ ဦးခေါင်းကိုစတိအနေနှင့် ကျည်ပွေ့ဖြင့် ထုလိုက်လေသည်။ဝက်ပေါ်ပြီး၍ ချက်ပြုတ်နေစဉ်တွင် နတ်စားသည့် မိသားစုဝင်များသည် အိမ်ခန်းတွင်းဝင်၍ မပြီးသေးမီ ဝက်သားကို မြည်းစမ်းစားသောက်ခြင်း မပြု ရသည့် ကန့်သတ်ချက်လည်းရှိလေသည်။
နေ့လည်ချက်ပြုတ်ပြီး၍ အိမ်ခန်းအတွင်းနတ် ဆက်ပုံသည်လည်း မနက်ပိုင်းနှင့်အတူတူပင်ဖြစ်သည်။ ထူးခြားသည်မှာ အမိုးနှင့်ဖထီးကို တိုင်တည်ဖိတ်ကြား ပြီးစီးသည်နှင့် ဖုသိမ်ကျအတွက် နတ်စာကို သီးသန့်ဖက် ရွက်ဖြင့်ထုတ်ကာဆက်သရလေသည်။ဖုသိမ်ကျဆိုသည်မှာ သေဆုံးသည့်အဖိုး၊အဖွားများကို ကောင်းမွန်သည့်တဖက် ကမ်းသို့ပို့ဆောင်ပေးသူဟုနတ်ဆရာတစ်ဦးက ရှင်းပြဖူးပြီး သစ်ငုတ်တိုများတွင်ရှိသည်ဟုယုံကြည်မှုရှိိကြသည်။
၎င်းအတွက်နတ်စားသည့်မိသားစု အိပ်ခန်းမှထွက် သည်နှင့် အိမ်နှင့်နီးရာသစ်ငုတ်တိုတစ်ခုခုတွင် နတ်စာကို သွားရောက်ချထားပေးရခြင်းဖြစ်လေသည်။အချို့နတ်စားသည့်ကာယကံရှင်မိသားစုများသည် မိဘနှစ်ပါးစလုံး သက် ရှိထင်ရှား ရှိနေဆဲဖြစ်ပါက ဖုသိမ်ကျကို ဆက်သဖို့မလို ကြောင်းယူဆကြသည်။ထို့ပြင်နတ်စားတိုင်း ဖုသိမ်ကျကို ဆက်သသူများလည်းရှိလေသည်။
နတ်စားဖို့အိပ်ခန်းအတွင်းဝင်ရာတွင် မတူညီသည့် ဓလေ့တစ်ခုလည်းရှိလေသည်။နတ်စားသည့်ကာယကံရှင် ၏ မိဘနှင့်သားသမီးမိသားစုများသာ အိမ်ခန်းအတွင်း ဝင်ရောက်ရလေသည်။ညီအစ်ကို၊မောင်နှမတော်စပ်သူများ ပင်မဝင်ရောက်ရပေ။အချို့ဓလေ့သည် သမီးမိန်းကလေး ဘက်မှကလေးများနှင့်သမက်တို့ဝင်ခွင့်ရှိသော်လည်း သား ယောကျ်ားလေး၏ကလေးများနှင့်ချွေးမတို့သည်ဝင်ရောက် ခွင့် မရှိသည်ကိုလည်းတွေ့ရသည်။အိမ်ခန်းအတွင်းမိသား စုဝင်အားလုံးစုံ၍ ဝိုင်းအတွင်းနတ်စားခြင်း ပြီးဆုံးသွား ချိန်တွင် ဆွေမျိုးမိတ်ဆွေများအား ကျွေးမွေးရသည်။ဖိတ် ကြားကျွေးမွေးရန် နတ်စားသည့်မိသားစုက တတ်နိုင်သ ရွေ့ ဝက်သားကိုချက်ထားလေ့ရှိပြီးပိုမိုလိုက်ဖက်ပြီး အအီ ပြေစေရန် ဟင်းရည်ချိုတစ်မျိုးကိုလည်း ချက်ပြုတ်ထား တတ်သည်။ထိုသို့နတ်စားခြင်းရိုးရာဓလေ့ကို ဗုဒ္ဓဘာသာ ဝင်ကရင်လူမျိုးအများစုကသာ ပြုလုပ်ကြခြင်းဖြစ်ပြီး ခရစ် ယာန်ဘာသာဝင်ကရင်လူမျိုးများကတော့ပြုလုပ်လေ့ မရှိ ကြပေ။နတ်စားသည့်သူများပင်ဗမာကရင်နှင့်တလိုင်းကရင် ဟူ၍ ကွဲပြားမှုကရှိနေသည်။တချို့သည် ရိုးရာအရနတ်စား ခြင်းကိုပြုလုပ်ခဲ့ကြသော်လည်းနောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့်မပြုလုပ်ကြတော့သူတွေလည်းရှိသည်။နတ်စားရာတွင်ကြက်၊ဝက်အရှင်ဖြင့်ကိုယ်တိုင်မပြုလုပ်ဘဲ ပံ့သကူသား (အသေသား)နှင့်ပြုလုပ်သူများလည်းရှိသည်။၎င်းပုံစံကိုမြို့ပေါ်နေထိုင်သူများနှင့် ကိုယ်တိုင်ပြုလုပ်ရန် အခက်အခဲရှိသူများသာပြုလုပ် တတ်လေသည်။ပံ့သကူသား နှင့်ပြုလုပ်ရန်အသားရောင်းဒိုင်များတွင်ရိုးရာပြုလုပ်မည်ဟု လိုအပ်သည့်အစိတ်အပိုင်းများကို မှာယူရလေသည်။ နတ်ဆက်ခြင်းအတွက် ပြုလုပ်ပုံမှာကွဲပြားမှု မရှိလှပေ။ နတ်စားသူများတွင် အယူအဆအမျိုးမျိုးနှင့် အယူသည်းသူများ လည်းရှိသည်။အများစုမှာဝါတွင်းသုံးလနှင့်ရပ်ရွာအတွင်းနာရေးရှိလျှင်နတ်စားခြင်းကိုရှောင်ကြဉ်ကြလေသည်။ ဓလေ့အခေါ်နတ်ကိုင်ခြင်း(နတ်ပြုစားသည်)ဖြစ်သည်ဟုယူဆမှုကြောင့်ရိုးရာအရမဖြစ်မနေနတ်စားခြင်းပြုလုပ်ရ သည့် အခါများလည်းရှိတတ်ပြီးနတ်မစားပါကကျန်းမာရေး ချို့ယွင်းကာ စီးပွားရေး ဆုံးရှုံးပျက်စီးခြင်းများဖြစ်တတ် ကြောင်းလည်းဒေသခံများကယုံကြည်ကြသည်။“နတ်မစားလို့ နေမကောင်းဖြစ်တာတွေ၊လုပ်ငန်းအဆင်မပြေတာတွေ ဖြစ်ရင် နတ်စားလိုက် တဲ့အခါ အဆင်ပြေသွားတာမျိုးတွေ လက်တွေ့ကြုံခဲ့တာ သာဓကတွေရှိတယ်၊ကိုယ်ကကရင် ဖြစ်လို့ရိုးရာရှိနေရင် နတ်စားပေးတာကောင်းပါတယ်”ဟု ၁၀ နှစ်ခန့်နတ်ဆရာလုပ်ခဲ့ဖူးသည့် မန်းလှမိုးကဆိုသည်။
ဗေဒင်၊ယတြာယုံကြည်မေးမြန်းတတ်သူများသည်လည်း ဇာတာတွက်ချက်မှုအရ နတ်စားလေ့ရှိပြီး အချို့ ကတော့ နှစ်စဉ်ပြုလုပ်လေ့ရှိသလို နှစ်နှစ်တစ်ကြိမ်၊ သုံးနှစ်တစ်ကြိမ်အဆင်ပြေသည့်အချိန်တွင် ပြုလုပ်သူများ လည်းရှိကြသည်။“အဆင်မပြေတာလေးတွေ ကြုံလာရင် ဒါကိုသွားသတိရတယ်၊အဲဒီအချိန်မှာ ရိုးရာယုံကြည်မှုအရ နတ်စားလိုက်ရင်စိတ်ချမ်းသာမှုရတယ်၊ စိတ်ထဲလည်း သန့် သွားသလိုပေါ့”ဟုနတ်စားလေ့ရှိသည့် ဦးမောင်မောင်က ဆိုသည်။နတ်စားခြင်းဓလေ့ကို တိုးတက်ပြောင်းလဲလာသည့်လူမှုပတ်ဝန်း ကျင်အခြေအနေများအရ လူတချို့အ တွက် နားလည်လက်ခံရန် ခက်ခဲကောင်းခက်ခဲပေလိမ့် မည်။နတ်စားခြင်းသည်လူမျိုးစုံတိုင်းရင်းသားမျိုးနွယ်စုများ တွင် ရိုးရာဓလေ့ များစွာထဲကမှ တစ်ခုသာလျှင် ဖြစ်လေ သည်။ဗုဒ္ဓဘာသာကိုးကွယ်သည့်ကရင်လူမျိုးများ ၏ရိုးရာ ဓလေ့အရ ဒေသအလိုက် နတ်ဟူ၍ ယုံကြည်မှုသည်ပင် လည်း ငါးမျိုးထက်မနည်းရှိကြောင်း နတ်ကတော်တစ်ဦး ရှင်းပြပါသည်။“ယုံကြည်မှုကအမျိုးမျိုးရှိကြတာပေါ့၊နတ်တွေ အတွက် ကာယကံ ရှင် တွေမသိတာကို လုပ်ပေးရတာကိုယ်လည်းကုသိုလ်ရတယ် ၊ ဒီလိုဘဲခံယူထားတယ်’’ဟု အဆိုပါ နတ်ကတော်က ဆက်ပြောသည်။ သူသည် နတ်ကိုးကွယ် ယုံကြည်သူတွေအတွက် ရိုးရာအရ နတ်ကန်တော့ခြင်း၊ ဆက်သခြင်းများကို မကြာခဏဆိုသလို လုပ်ကိုင် ဆောင်ရွက်ပေးရလေ့ရှိပြီး နတ်ကတော်ဆိုသည်ကို အသက်မွေးဝမ်း ကြောင်းတစ်ခုလိုပင်သဘောထားကြောင်းပြောပြလေသည်။ (နတ်စားသည့် မိသားစုတစ်စု၏ဓလေ့ကို အခြေခံရေးသား ခြင်းဖြစ်၍အခေါ်အဝေါ်၊ပြုလုပ်ပုံဒေသနှင့် ရိုးရာကို လိုက်၍ ကွဲပြားမှုများလည်း ရှိနိုင်ပါသေးသည်။)