ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကရင်ပြည်နယ် သံတောင်ကြီးမြို့မှ နော်ဘူဘောဆုတောင်းတောင်သမိုင်းအကြောင်း
Image

နော်ဘူဘော ဆုတောင်းတောင်သည် ကရင်ပြည်နယ်၏ အထင်ကရနေရာ တစ်ခုဖြစ်သည့် သံတောင် ကြီးမြို့တွင်တည်ရှိပါသည်။ ကရင်ပြည်နယ်၏အမြင့်ဆုံးသောတောင်များထဲတွင်ပါဝင်ပြီး တောင်ပေါ်မှ လတ်ဆတ်သောလေကို ခံစားရင်း သဘာဝ ပတ်ဝန်းကျင် အလှအပ ရှုခင်းများကို အပြည့်အဝခံစားနိုင်သည်။ပင်လယ်ရေမျက်နှာပြင် အထက် ၄၈၂၄ ပေအမြင့် တွင်တည်ရှိသည်။ တောင်ပေါ်သို့တက်လျှင် လှေကား ထစ် ပေါင်း၃၇၄ထစ်ကိုတက်ရသည်။နော်ဘူဘောတောင် သို့ လာရောက်ကြသည့် ခရီးသွားများသည် အမျိုးမျိုး သော တောင်းဆုများကို ပြုကြသည်။တဘောင်၏အမည်မှာ ဒဏ္ဍာရီထဲမှ ကရင်တိုင်း ရင်းသူ“နော်ဘူဘော” ဟူသောအမည်ကို အစွဲပြု၍ ခေါ် ရာမှ ဖြစ်ပေါ်လာသည်။ တောင်ပေါ်သို့တက်သည့် လှေကား ထစ်များအနီး တွင်ဆုတောင်းသည့်အခန်းငယ်များရှိသည်။တောင်ထိပ်ပေါ်တွင်ကရင်တိုင်းရင်းသူလေးနော်ဘူဘော၏ ကျောက်ဖြစ်ရုပ်ကြွင်း များ၊ နော်ဘူဘော အားတရားစီရင်ခဲ့သည့်နေရာ၊နော်ဘူဘောရေချိုးဆိပ် စသည့် နေရာများကိုလည်း လေ့လာကြည့်ရှုနိုင်သည်။

ကရင်ဒဏ္ဍာရီလာပုံပြင်ထဲကနော်ဘူဘော

နာမည်ကျော်ဒဏ္ဍာရီထဲမှ ပုံပြင်အရ ဘွယ်ဟီခို တောင်နှင့် ပတ်ဝန်းကျင်‌‌ဒေသတစ်ခုလုံးကို ကီးကူလူမျိုး ဘုရင် “သမိအိ”ကအုပ်ချုပ်ခဲ့ပါသည်။ ဘုရင်မင်းကြီး မှာစွမ်းအားပြည့်ပြီးတိုက်ရည်ခိုက်ရည် ကောင်းသည့် သားတော်စစ်သူကြီး “စောသာ‌ဂါ်ခွား” ခေါ်မင်းသား လေး တစ်ပါးရှိပါသည်။ ၎င်းမင်းသားလေးသည် စစ်ပွဲမှန် သမျှအနိုင်ရရှိခဲ့သူဖြစ်သည်။ ဘုရင်မင်းကြီး“သမိအိ” သည် အရွယ်ရောက်နေပြီဖြစ်သည့် သားတော်ကို လက်ထပ် ထိမ်းမြား‌ပေးရန်အတွက် သားတော်နှင့်အတူ အခြွေအရံ များ ခြံရံပြီး ချွေးမရှာ ထွက်ခဲ့ကြပါသည်။

တစ်ချိန်တည်းမှာပင်အလွန်တန်ခိုးကြီးမားသည့် ပင်လယ်ဘုရင် “ သာကအူ ” မှာ အိပ်ပျော် နေရင်းမှာပင် ရောင်ခြည်အလင်းတန်းထွက်တတ်သည့်အချောမောအလှပဆုံးသမီးတော်  နော်ဘူဘော ”ခေါ်မင်းသမီးလေးတစ်ပါးရှိပါသည်။ ၎င်းသမီးတော် နော်ဘူဘောသည် မိမိ တိုင်းပြည်သာမက အခြားတိုင်းပြည်များအထိ နာမည် ကျော်ကြားသည့် အချိန်ဖြစ်သည်။ တစ်နေ့တွင် စစ်သူ ကြီး စောသာဂေါ်ခွားနှင့် မင်းသမီးနော်ဘူဘောတို့ တွေ့ဆုံ ကြရာ မြင်မြင်ချင်းချစ်ကြိုက်ပြီး ခုနှစ်ရက်အကြာမှာပင် လက်ထပ်ခဲ့ကြပါသည်။

ရိုးရာအစဉ်အလာအတိုင်း ခင်ပွန်းသည်နေထိုင်ရာ ဘွယ်ဟီခို တောင်ပေါ်‌ဒေသကို မင်းသမီး နော်ဘူဘောက အခြွေအရံများနှင့်အတူပျော်ရွှင်စွာလိုက်ပါခဲ့ပါ တော့သည်။ မျက်စိအောက်ကအပျောက်မခံချစ်ခဲ့ရသည့်တစ်ဦးတည်း သောသမီးတော် နော်ဘူဘောကို နယ်မြေခြားထည့်လိုက် ရသည့်အတွက် ဖခင်ဘုရင်သာကအူက စောသာဂေါ်ခွား တို့ကို သမီးတော်အန္တရာယ်မရှိစေရန် ကတိအထပ်ထပ် တောင်းခဲ့ပါသည်။

နော်ဘူဘော မိခင်‌ဖြစ်သူက သမီးအတွက် စပါး အပြည့် ဖြည့်ထားသည့် ဘူးသီးခြောက်တစ်ခုနှင့် မှော် ရွှေဘီးတစ်ချောင်း လက်ဆောင်ပေးခဲ့ပါသည်။ ခရီးသွား ရင်း လမ်း တစ်ထောက်အနား ဗိုက်ဆာသည့် အချိန်တွင် နော်ဘူဘော မိခင်ထည့်ပေးလိုက်သည့် ဘူးသီးခြောက်ထဲမှ စပါးတစ်စေ့ကိုထုတ် အခွံနွှာ၊ ထက်ပိုင်းချိုးပြီး အနီးနား ကကြက်ဥခွံလေးထဲတွင် ထည့်ချက်လိုက်ပါသည်။ ကြက် ဥခွံအပြည့် ဖြစ်လာသည့် ထမင်းကို လိုက်ပါလာသူများ ခရီးတစ်လျှောက်လုံး ဗိုက်ပြည့်သည်အထိ အာဟာရ ပြည့်စေခဲ့ပါ သည်။ 

ဘွယ်ဟီခို နန်းတော်ရောက်ရှိချိန်တွင်မင်းသမီး နော်ဘူ‌ဘော၏  ညဘက်အိပ်ချိန် ထွက်တတ်သည့် ရောင်ခြည်များကြောင့် အန္တရာယ်ရှိသူ စုန်းမအဖြစ် ဝိုင်းပြီး သမုတ်ခဲ့ကြသည်။  များမကြာမီရက်ပိုင်းတွင် စစ်သူကြီး စောသာ‌ဂေါ်ခွားသည် ရန်သူများကို တိုက်ခိုက်ရန် စစ် ထွက် တိုက်ရပါတော့သည်။  စစ်ထွက်မတိုက်ခင်မှာပင် မင်းသမီးလေးနော်ဘူဘောကတန်ခိုးရှိသည့်မှော်ရွှေဘီး ကိုခင်ပွန်းသည်အား အဆောင်အဖြစ်ထည့် ပေးလိုက် သည်။

စစ်သူကြီးစောသာဂေါ်ခွားက စစ်တိုက်ရာတွင် မှော်ရွှေဘီးကို ခြေနှင့်နင်းထားသောကြောင့် ရန်သူများ မမြင်နိုင်ဘဲအသာစီးနှင့်ချေမှုန်းနိုင်ခဲ့သော်လည်း အသက် မသေသေးသည့် ရန်သူတစ်ယောက်က နောက်ဆုံး စောသာ‌ဂေါ်ခွားရွှေဘီးကို ခေါင်းပေါ်ပြန်တင်ချိန် တွင် တွေ့ရှိခဲ့ပါသည်။ ထို့ကြောင့် အဆိပ်လူးမြားနှင့် ပစ်လိုက် ပြီး စောသာ‌ဂေါ်ခွားလည်း တိုက်ပွဲမှာပင် ကျဆုံးခဲ့ရပါတော့သည်။

စစ်ပွဲတိုင်း အနိုင်ရခဲ့သည့် စောသာ‌ဂေါ်ခွားသည် စစ်ပွဲမှာကျဆုံးခဲ့သည့် တရားခံအဖြစ် မှော်ဘီးပိုင်ရှင် နော်ဘူဘောကို သံသယနှင့် ဝိုင်းပြီးစွပ်စွဲကြပြီး နောက်ဆုံး တရားစီရင်ရန် ဒေဖာဟိုခိုတောင်စွန်း ထိပ်တွင် ကြိုးဖြင့် ချည်နှောင်ထားခဲ့ပါသည်။  ၎င်းတောင်ထိပ်နေရာသည် ယခင်က စုန်း၊ ကဝေ၊ မှော်ပညာရှင်များနေထိုင်သည့် နေရာအဖြစ် နာမည်ကြီး ခဲ့ပြီး ၎င်းနေရာမှာပင် မင်းသမီးလေးနော်ဘူဘောကို သတ်လိုက်ကြပါတော့သည်။ မင်းသမီးလေး အသတ်ခံရ သည့်သတင်းကို ဖခင်ပင်လယ်ဘုရင် “သာကအူ” ကြားပြီး လွန်စွာဒေါသထွက်ကာ ဘုရင်ကြီးက စစ်သည်များစွာ နှင့်အတူ ဘွယ်ဟီခိုအရပ်ကို စစ်ထွက် တိုက်ပါတော့သည်။ နောက်ဆုံးဒေသ တစ်ခုလုံး ပျက်စီး သွားကြပြီး မှော်အစွမ်းတန်ခိုးများကြောင့်  ကျောက်ရုပ် များ အဖြစ်ပြောင်းလဲ သွားကြကာ လွမ်းမောစရာ ဒဏ္ဍာ ရီ လေး အဆုံးသတ်သွား ခဲ့ပါသည်။

ချောမောလှပပြီး အပြစ်ကင်းစင်သည့် မွေးရာပါ စွမ်းအင်များ ပိုင်ဆိုင်ကြသည့် နော်ဘူဘောနှင့် ခင်ပွန်း သည် စစ်သူကြီးတို့၏ လွမ်းမောစရာ၊ အံ့သြစရာ ဒဏ္ဍာရီ တစ်ပုဒ်ကို ရာဇဝင်ထဲက တောင်တန်းများရှိသည့် ကရင် ပြည်နယ်၊ သံတောင်ကြီးမြို့သာမက၊ နိုင်ငံအနှံ့အပြားမှ ကရင်တိုင်းရင်းသားများ၏အိပ်ရာဝင်ပုံပြင်အဖြစ် လက်ခံ နေဆဲပင်ဖြစ်သည်။ 

အလွန်သာယာလှပပြီး မြူနှင်းတိမ်ဆိုင်များဖုံးလွမ်း အေးချမ်းနေသည့် ဘွယ်ဟီခိုအရပ် (ယခုသံတောင်၊ သံတောင်ကြီးမြို့နယ်)ကို  ဗြိတိသျှလက်အောက်ခံ ကာလတွင် အပန်းဖြေအနားယူစရာ တောင်စခန်းမြို့အဖြစ် သတ်မှတ် ခဲ့ကြပါသည်။ 

၁၉၉၅ခုနှစ်တွင် ဇိုင်းယာန်းနှစ်ခြင်းအသင်းတော် ဥက္ကဌ၊ ဆရာတော် ဒေါက်တာ စောနေဘလုက နော်ဘူ ဘေ ဆုတောင်းတောင် ထိန်းသိမ်းရေး ကော်မတီကို ဖွဲ့စည်းခဲ့ကာ ဒဏ္ဍာရီထဲက မင်းသမီးလေး နော်ဘူဘောအသတ်ခံရသည့်နေရာဟုယူဆရသည့် တောင်ထွတ်နေရာတွင် လက်ဝါးကပ်တိုင် စိုက်ထူရင်း ဆုတောင်းတောင်အဖြစ် သတ်မှတ်ခဲ့ပါသည်။တောင်ခြေမှစ၍ တောင်ထိပ်ပိုင်းအထိ အမြင့်ပေ (၅၆၀)နှင့် လှေကားထစ်ပေါင်း ၃၇၄ထစ်ရှိပြီး တောင် တက်သည့် လှေခါးဘေးတွင် သီးသန့်ဆုတောင်းခန်းများ ဆောက်လုပ်ပေးထားပါသည်။ဒဏ္ဍာရီပုံပြင်ထဲမှ အစွဲအလမ်းများ အယူအဆ များ ပြည့်နှက်နေသည့် နော်ဘူဘောဆုတောင်း တောင် တက်လမ်းတစ်လျှောက် မြူနှင်းများစိမ်းစိုနေသည့် တောနက် ကြီးနှင့် စိမ်းရွှင်ရွှင်တောအနံ့များ၊ ငှက်နှင့်တော ကောင် လေးများ၏ အော်သံများကြောင့် လူအများစိတ် ဝင်စားစရာ အေးချမ်းသည့် အရပ်အဖြစ် ခရီးသွားဧည့် များနှင့် စည်ကားလျက်ရှိနေပါတော့သည်။