ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကရင်ရိုးရာထိုးကွင်းဓလေ့
Image

ကရင်အမျိုးသားတို့၏ ဓလေ့များစွာတို့အနက်ထိုးကွင်းထိုးကြခြင်းအကြောင်းကို လေ့လာကြည့်ရာတွင် အကြမ်းအားဖြင့် ရည်ရွက်ချက်သုံးမျိုးရှိ၏။

(၁) ရန်သူများ ကြောက်လန့်သွားစေရန်

(၂) လှပစေရန်နှင့်

(၃)ဘာသာရေးအရ လိုအပ်သောကြောင့်ဖြစ်သည်။

ကရင်အမျိုးသားတို့ ထိုးကွင်းထိုးကြခြင်းသည် လှပစေရန်နှင့် ယောက်ျားပီသစေရန်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုရသော် လူပျိုဖော်ဝင်လာသော ယောကျ်ားပျို လေးများအား သက်ဆိုင်ရာမိဘများက ယောကျ်ားပီသ ရဲရင့်စေရန် တာဝန်ဝတ္တရားအရ ထိုးကွင်းထိုးစေခြင်း ဖြစ်သည်။ မိန်းကလေးများမှာ ရက်ကန်းရက်တတ်မှသာ လျှင် မိန်းကလေးပီသသည်။ ယောကျ်ားလေးဆိုလျှင်လည်း ထိုးကွင်းပါမှ တင့်တယ်သည်ဟု ကရင်အမျိုးသား တို့ကယူဆကြသည်။ ထိုးကွင်းပါသော လုလင်ပျိုများ သည် ထိုးကွင်းထိုးရမည်ကို   လိုလိုချင်ချင် ရှိကြသူများ သာ ဖြစ်ကြ၏။

အဘယ့်ကြောင့်ဆိုသော် ထိုးကွင်းပါသူကိုမှ ရွေး ပြီးအများတကာကအထင်ကြီးကြ၏။အရေးပေးကြ၏။ ကုန်ကုန်ဆိုရသော် ထိုးကွင်းပါသော မောင်ကြီးများကိုသာ ကရင်လုံမငယ်တို့က မေတ္တာမျှလိုကြသည်။ လှပျိုဖြူများ ရှေ့ဝယ် ဟန်ရေးပြနိုင်စေရန် ကရင်လူငယ်တို့ အနာခံ ဆေးထိုးကြသည်မှာ မဆန်းပေ။

ဆေးထိုးရာတွင် ရှေးအလေ့အထအတွက် မပါ မဖြစ်လိုအပ်သည်ကားမင်နက်ဖြစ်သည်။ထိုအရေးကြီးပစ္စည်းကို ရရန်ဦးစွာနှမ်းဆီမီးခွက်အပေါ်တွင် သပိတ်အုပ်ပြီး မှိုင်းခံယူရသည်။ထိုသို့ရလာသော မှိုင်းကိုသတ်မှတ်ထား သည့် အချိန်အဆနှင့်အညီ စပါးကြီးမြွေ၏ သည်းခြေနှင့် ရောစပ်၍ ရေအနည်းငယ်ထည့်ပီး အတောင့်ကလေးများ ပြုလုပ်ရ သည်။

ထိုအတောင့်ကလေးများကို ဝါးကျည်တောက်တွင် ထည့်၍ လေမဝင်နိုင်အောင် အလုံပိတ်ရသည်။ အလင်း ရောင်လည်း လုံရသည်။ အိမ်နောက်ဖေး ဗွက်ထူရာမှာ ၁၅ ရက်ခန့်မြှုပ်ထားရမည်။မင်သေအောင်လုပ်ခြင်းဖြစ်သည်။ အကယ်၍ မင်မသေဘဲ ထိုးမိပါက ပေါင်ပျက်တတ်၏။

မင်သေလောက်တော့မှဝါးကျည်တောက်ကို ဗွက် ထဲမှ ပြန်တူးရသည်။ မင်တောင့်ကလေးများကို ရေဖြင့် ဖျော်ပြီးထိုးရသည်။ အသုံးပြုသော စူးကာအခွ ရှစ်ခွ သို့မဟုတ် တစ်ဆယ့်နှစ်ခွပါသည့် ကြေးစူးဖြစ်သည်။ ထိုး ကွင်းထိုးရာတွင် သွေးထွက်မလွန်စေရန် အထူးသတိထားရသည်။အပူပြင်းသော တပေါင်း၊တန်ခူးလများကို ရှောင်ရ ၏။မိုးတွင်းမှာသာအထိုးများ၏။မိုးအခါမှာလည်း တစ်နေ ကုန်ကြိုက်ရာအချိန်တွင်ထိုး၍မဖြစ်။ နံနက် စောစော ၄ နာရီ လောက်မှ စထိုးပြီး နံနက်၉နာရီဆိုလျှင် ထိုးကွင်း ထိုး ခြင်းကို ရပ်ရသည်။

ဆေးမထိုးမီ ဘိန်းတစ်ပဲသားခန့် မျိုထားမှသာ အထိုးခံနိုင်သည်။ သို့တိုင်အောင် ဆေးထိုးပြီး နှစ်ရက်ခန့် အိပ်ယာထဲမှမထဘဲ နေလေ့ရှိသည်။ဆေးထိုးပြီးစမှစ၍တနေ့သုံးကြိမ်လေးကြိမ်လောက်ရေစိမ်ပေးရသည်။အနာ အကျက်မြန်စေရန်သတိပြုနေထိုင်ရသည်။ အနာမရင်းစေရန် အစားအသောက်ရှောင်ရသည်။ အနာဘေးလေး များ ကွာ၍ယားပါကလည်းမကုတ်မဖဲ့ဘဲစိတ်ကိုထိန်းရသည်။

ပေါင်တစ်ဘက်တွင် လေးထောင့်ကွက် နှစ်ဆယ့်လေးကွက် အချို့ကလည်း စက်ဝန်းပုံသဏ္ဍန် ထိုးလေ့ရှိ ၏။ လေးထောင့်ကွက်တွင် ခြင်္သေ့ရုပ်ထိုးပြီး စက်ဝန်းထဲ တွင် ဇော်ရုပ်ထိုးလေ့ရှိသည်။ ဇော်ကဟန်၊ ခြသေ့မာန် ဟန်၊ ဒေါင်းကဟန်၊ စင်္ကြာပန်း စသည်အားဖြင့်အမျိုးမျိုးထိုးကြပါသည်။တစ်ကွက်နှင့်တစ်ကွက်ကြားတွင်ရေမှုတ်၊ ယိုးဒယားပန်းလိမ်နှင့် လွှသွားပုံ၊ ကြောင် လိမ်ပန်း၊ အိမ် မြှောင်တို့လည်းထိုးကြသည်။ ကြိုက်နှစ်သက်သလို သရုပ် ဖော်လေ့ ရှိ၏။

စက်မှုထွန်းကား လာသောအခါ ခက်ခဲစွာ ထိုးနေ ရန် မလိုတော့ဘဲ ဆေးထိုးစက်လေးများ သုံးလာနိုင်သဖြင့် ငွေ ကုန်သက်သာ မြန်ဆန်လွယ်ကူလာပြီဖြစ်သည်။ သို့သော် ရှေးက မွန်၊ မြန်မာ၊ ရှမ်းဆရာကြီးများ နောက်ပိုင်း ကရင် ဆရာကြီးများ ကိုယ်တိုင်ထိုးပေးသော ကရင်အမျိုး သားတို့၏ ရိုးရာကွင်းနှင့် သဘောသဘာဝချင်းရော အနှစ် သာရချင်းပါ ကွာခြားလှပါ၏။               

ခါးအထက်ပိုင်းတွင်ထိုးရသော မင်ကြောင်ကို  ယခု ခေတ် ကရင်လူငယ်တို့ မထိုးကြသလောက် နည်းသွား ပါပြီ။ဒူးဆစ်မှခါးအထိကိုမူ ထိုးကွင်းထိုး အလေ့အထ ရှိနေဆဲဖြစ်သော်လည်း ရှေးအခါကလောက် မများတော့ ဘဲနည်း သွားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ အချိန်တွေ ညောင်း ခေတ်တွေပြောင်းလာပြီ ဖြစ်သဖြင့် လူငယ်တစ် ယောက် ယောက်ျားပီသရေး၊ ရဲရင့်ရေးအတွက် ကြိုက်ရာ ရွေးနိုင်ရန်နည်းလမ်းများစွာရှိလာခဲ့ပြီ ဖြစ်သည်။ သို့သော် ထိုးကွင်းထိုးခြင်းဖြစ်ပေါ်ရာရည်ရွယ်ချက်ကမူ ဘယ်သောအခါမှ ပျောက်အံ့မည်မထင်။