ကရင်လူမျိုးတို့သည် ရှေးအခါကပင် အခြားသော လူမျိုးများနည်းတူ အကြောင်းအားလျော်စွာ ကဗျာလင်္ကာ တေးသီချင်းဖွဲ့ဆိုသီကုံးခြင်း၊ သီဆိုတီးမှုတ်ကခုန်ခြင်းများ ရှိခဲ့သည်။ ထိုသို့ သီဆိုတီးမှုတ်ကခုန်ကြရာတွင် အသုံးပြု သော တူရိယာပစ္စည်းများကိုလည်း မိမိတို့စိတ်ကူး ရှိသလို လက်လှမ်းမှီရာ ဝတ္တုပစ္စည်းတို့ဖြင့် တီထွင်ဖန်တီး ပြုလုပ် ခဲ့ကြသည်။ ကရင်ရိုးရာတူရိယာများတွင် အထင်ရှားဆုံးနှင့် လူသိအများဆုံးပစ္စည်းမှာ ဖားစည်ဖြစ်ပြီး အခြားသော ကရင်ရိုးရာ တူရိယာများမှာ ကျွဲချို၊ ပီဘာ (ခေါ်) သံစုံပုလွေ၊ ဏားဒိန်(ခေါ်) စောင်းကောက်၊ ဏားဒိန်ယူသီ့(ခေါ်) လွမ်းအောင်ဖန်စောင်း၊ ခနာ(ခေါ်) ဗျတ်စောင်း၊ နှဲ၊ ဘင်၊ ဂိန်(ခေါ်) မိကျောင်းလျှာ၊ ကရင်စည်တော်၊ အိုးစည်၊ လင်ကွင်းနှင့် မောင်းများစသည်တို့ဖြစ်ကြသည်။
ကရင်လူမျိုးတို့၏ တူရိယာပစ္စည်းများထဲတွင် ကျွဲချို လည်းပါဝင်ပေသည်။ ကျွဲချိုသည် ကရင်ဘာသာဖြင့်“ကွယ်” သို့မဟုတ် “ခွေ”ဟုခေါ်သည်။ ကျွဲချိုတူရိယာပြုလုပ်ပုံမှာ ကျွဲ၏ဦးချိုကို တစ်ပေကျော်ခန့်ဖြတ်ယူပြီး ချိုဖျား၌ အပေါက်ငယ်ဖြစ်အောင် လက်သန်းခန့်ဖြတ်ရသည်။
ကျွဲချို
ကရင်လူမျိုးတို့သည် မူလသဘာဝအားဖြင့် တောတောင်ဒေသများ၌ နေထိုင်ခဲ့ကြသည်ဖြစ်ရာ ကျွဲချိုမှာ အလွန်တရာ အသုံးဝင်ခဲ့သော တူရိယာတစ်ခုဖြစ်သည်။ ထိုကျွဲချိုခရာကို တူရိယာအနေဖြင့် ဖားစည်နှင့် တွဲဖက်၍ သံစုံတီးမှုတ် အသုံးပြုကြသည့်အပြင် အခြားအရေးကြီးသော လူမှုရေးရာ၊ စစ်မှုရေးရာများ၌လည်း အသုံးပြုကြသည်။ တောကြီးမျက်မည်းအတွင်း လမ်းမှားသည့်အခါ၊ လူစုကွဲ သည့်အခါများ၌ ကျွဲချိုကိုမှုတ်လေ့ရှိကြသည်။ ကရင်လူမျိုး တို့၏ ကျေးရွာဓလေ့အရ လူစုခြင်း၊ အချက်ပေးခြင်းတို့၌ ကျွဲချို ကိုအသုံးပြုကြသည်။ ဒုံးပွဲတွင်လည်း ကရင်လူမျိုး တို့၏အထွတ်အမြတ်ထားသော ဖားစည်နှင့်တွဲ၍ အမျိုး သား ဇာတိသွေး၊ ဇာတိမာန်ကို ထိန်းသိမ်းရာတွင် အထိမ်းအမှတ် တူရိယာ အမွေအနှစ်ပစ္စည်းအဖြစ် သတ်မှတ်ထားကြသည်။
ကျွဲချိုအပြင် လေမှုတ်တူရိယာကို သမင်ဦးချို၊ ဝါး၊ သစ်သား၊ ဆင်စွယ်၊ ဆတ်ဦးချို၊ အောက်ချင်းငှက် နှုတ် သီး တို့ဖြင့်လည်း ပြုလုပ်တတ်ကြသည်။ အများအားဖြင့် ကျွဲချိုဖြင့်သာ ပြုလုပ်လေ့ရှိသောကြောင့် “ကျွဲချို” ဟူ၍ အများက သတ်မှတ်ခေါ်ဝေါ်ကြလေသည်။
ပီဘာ(ခေါ်) သံစုံပုလွေ
ကရင်အခေါ်ပီဘာသည် “ပီ” မှာ ပုလွေဖြစ်ပြီး “ဘာ”မှာ ရှိခိုးကန်တော့ခြင်းဟု အဓိပ္ပါယ်ရသည်။ ပီဘာကို မှုတ်ရာတွင် အစီအစဉ်တကျ လက်ဝါးဖြင့် ကိုင်တွယ်ရပြီး လက်အုပ်ချီဟန် ကန်တော့ခြင်း သဏ္ဍာန်ဆောင်လေသည်။ပီဘာကို အများအားဖြင့် ဝါးနှင့်ပြုလုပ်လေ့ရှိသည်။ သို့ရာတွင် အချို့ဒေသများ၌ ကြေးဝါးချောင်းဖြင့် လည်းကောင်း၊ ကျွန်းသား၊ ယမနေသား စသော သစ်သား တို့ဖြင့်လည်းကောင်း ပြုလုပ်ကြသည်။ပီဘာကို ပြုလုပ်ရာတွင် အုံကို ခရုသင်းခွံကဲ့သို့ လုံးဝန်းအောင်ပြုပြီး မှုတ်ရန် နှုတ်ခမ်းအပေါက်ကို အကွပ် တပ်ထားလေသည်။ ပီဘာအုံ အလယ်တည့်တည့်တွင် ပီဘာပုလွေချောင်း တပ်ဆင်ရန် အပေါက်ကို ရှည်လျားစွာ တိုးလျှိုးပေါက် ဖောက်ထွင်းယူရသည်။ ထီးဝါးရိုး ကဲ့သို့သော ဖြောင့်တန်းသည့် လုံးချောဝါးများကို အချောင်းအလိုက် အနိမ့်အမြင့်အစဉ်တွဲပြီး ပီဘာအုံတွင် စိုက်ထောင်၍ အောက်ခြေမှ နှစ်ပေကျော်၊ တစ်ပေကျော်ခန့် တစ်လက်မစီ အနိမ့်အမြင့် စီတန်းထားသည်။ ပီဘာကို မှုတ်ရာတွင် လက်နှစ်ဖက်ဖြင့် ပီဘာကိုကိုင်ထားပြီး လိုအပ်သောအသံ မျိုးစုံထွက်အောင် ပြွန်ရှိအပေါက်များကို လက်ချောင်း များဖြင့် ပိတ်၍ ဖွင့်၍ မှုတ်ရသည်။ ထို့ကြောင့် ပီဘာကို သံစုံပုလွေဟု ခေါ်ဆိုနိုင်သည်။ပီဘာ (ခေါ်) သံစုံပုလွေကို အတိုအရှည်ဟူ၍နှစ်မျိုး ခွဲခြားထားသည်။ ပီဘာအတိုမျိုးကို လူပျိုကာလသားတို့က ညအခါ လူပျိုလှည့်ရာတွင် မှုတ်လေ့ရှိသည်။ ပီဘာကို ခရီးသွားရင်း၊ လည်ပတ်ရင်း၊ နွားကျောင်းရင်းလည်း မှုတ်လေ့ ရှိကြသည်။ အထူးသဖြင့် ယိုးဒယားနယ်စပ်တွင် နေထိုင် သော ကရင်မျိုးနွယ်စုသည် ပီဘာကို အများအားဖြင့် သုံးစွဲနေသေးကြောင်း လေ့လာသိရှိရသည်။ပီဘာအရှည်မျိုးမှာ လူအုပ်စုရှိသည့်အခါတွင် မှုတ်လေ့ရှိသည်။ ညချမ်းအချိန် လသာသာ၌ စပါးနယ် သောအခါ အမျိုးသမီးတို့က သီချင်းဆိုပြီး အမျိုးသားတို့က စုပေါင်း၍ ပီဘာကို မှုတ်လေ့ရှိရာ အထူးပင် သာယာ နာပျော်ဘွယ်ကောင်းလှသည်။ ပီဘာကို မင်္ဂလာဆောင်ပွဲ၊ အလှူပွဲတို့တွင်လည်း ဧည့်ခံဖြေဖျော်မှုအဖြစ် စုပေါင်း၍ မှုတ်လေ့ရှိကြသည်။
အရှေ့ပိုးကရင်တို့၏ ရှေးဟောင်းကဗျာ၊ လင်္ကာ၊ သီချင်းများအရ အောက်ပါ ပီဘာအမျိုးအစားများရှိကြောင်း သိရသည်။
(၁) ကာလသား၊ ကာလသမီးများ ပီဘာ
(၂) နန်းတွင်းသုံးပီဘာ
(၃) ကျွဲကျောင်း၊ နွားကျောင်းမှုတ်ပီဘာ စသည်ဖြင့်ရှိကြောင်း သိရသည်။
ဏားဒိန်(ခေါ်)စောင်းကောက်
ကရင်အမျိုးသား တူရိယာများတွင် ဖားစည်က လွဲလျှင် ဏားဒိန်(ခေါ်)စောင်းကောက်သည် ရှေးအခါက ထင်ရှား၍ ကရင်လူမျိုးများ အလွန်နှစ်သက်ကြသော တူရိယာပစ္စည်းတစ်ခု ဖြစ်သည်။
ရှေးကစောင်းကြိုးကို ပျားဖယောင်းဖြင့် လွန်းတင်၍ ကျစ်ထားသော လျှော်မျှင်၊ ကြိမ်မျှင်၊ ဝါးမျှင်၊ ပိုးချည် တို့ဖြင့်တပ်လေ့ရှိသော်လည်း မျက်မှောက်ခေတ်ကာလတွင် နိုင်လွန်ကြိုး၊ သံမဏိကြိုးတို့ကို အသုံးပြုလာကြသည်။
စောင်းကောက်ကို ပြုလုပ်ရာတွင် ကိုယ်ထည်ပိုင်းနှင့် ခေါင်းပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားလေသည်။ ကိုယ်ထည်ကို သစ်သားတစ်မျိုးနှင့် ပြုလုပ်ပြီး တစ်တောင်ကောက် ခေါင်းပိုင်းကို အခြားသစ်သားတစ်မျိုးနှင့် ပြုလုပ်လေ့ရှိ သည်။ ကရင်စောင်းကောက်၏ ခေါင်းပိုင်းသည် မြန်မာ့ စောင်းကောက်ကဲ့သို့ ကွေးညွတ်ခြင်းမရှိလှချေ။ လေးကိုင်း မျှလောက်သာကောက်လေသည်။ အထူးသဖြင့် ကိုယ်ထည် ပိုင်းကို မာသောသစ်သားတို့ဖြင့်သာ ပြုလုပ်ကြလေသည်။ စောင်းကိုယ်ထည်ကို အလျားသုံးမိုက်၊ အနံတစ်မိုက် ခန့်ထား၍ အခေါင်းထွင်းကာ ဒရယ်သားရေ၊ ချေသားရေ တို့ဖြင့် ဖုံးအုပ်ပြီး ဘေးနှစ်ဖက်တွင် အပေါက်နှစ်ပေါက် ဖောက်ထားသည်။
စောင်း၏ ခေါင်းပိုင်းကို ကိုယ်ထည်နှင့်ဆက်စပ် ယူပြီး ထိပ်ပိုင်းတွင် ကြိုးတပ်၊ ကြိုးတင်ရန် လက်တံ ထား ရှိရသည်။ စောင်း၏ ဦးခေါင်းပိုင်းကို သဘာဝအတိုင်း ကောက်နေသော သစ်သားတို့ဖြင့် အလျားခြောက်မိုက်ခန့် အရှည်ယူ၍ တပ်ဆင်ယူရသည်။
ရှေးအခါက ကရင်လူမျိုးတို့သည် မိမိတို့၏ ဘိုးဘွားလက်ထက်က ဖြစ်ရပ်များ၊ ရာဇဝင်ဝတ္ထု၊ တော၊ တောင်၊ ရေ၊ မြေ အကြောင်းအရာများ၊ အချစ်ဇာတ်လမ်း များကို “ထား” ခေါ် ကဗျာလင်္ကာများ စပ်ဆိုကြလေ သည််။ ထိုသီချင်းများကို သီဆိုကြရာတွင် စောင်းကောက်ကို တွဲဖက်တီးခတ်၍ သီဆိုလေ့ရှိကြသည်။ လူငယ်လူရွယ်တိုင်း လိုလိုပင် “ထား” သီချင်းများရရှိကာ လူပျိုလည်ရာတွင် “ထား” သီချင်းသီဆို၍ စောင်း ကောက်သံ တမြိုင်မြိုင်နှင့် ချစ်ရေးဆိုလေ့ရှိကြသဖြင့် စောင်းကောက်သည် ကရင် အမျိုးသား လူရွယ်တို့ အနှစ် သက်ဆုံးသော တူရိယာ တစ်ခုဖြစ်ခဲ့လေသည်။
ဏားဒိန်ထူးသီ့(ခေါ်) လွမ်းအောင်ဖန်စောင်း
ဏားဒိန်ယူးသီ့(ခေါ်) လွမ်းအောင်ဖန်စောင်းသည် အထွတ်အမြတ်ဆုံးထားသော စောင်းတစ်မျိုးဖြစ်သည်။ အချို့က “တော်ဝင်စောင်း” ဟူ၍ အမည်သတ်မှတ်ကြ သည်။ တော်ဝင်စောင်းကို အချို့က “ထာဍိင်ဝးကိုင်” (နားဒိန်ဗားကန်)ဟုလည်း ခေါ်ကြသေးသည်။ ထိုစောင်းကို ပြုလုပ်ရာတွင် အစီအရင်တစ်မျိုးဖြင့် ပြုလုပ်ရလေသည်။ ကိုယ်ထည်ကို ပိတောက်သားဖြင့် ပြုလုပ်ရပြီး ခေါင်းပိုင်းကို ယင်းတိုက်သားဖြင့် ပြုလုပ်ကြသည်။ ကြိုးတပ်၊ ကြိုးတင်ရန် လက်တံအလက်ကိုမူ ဆင်စွယ်ဖြင့် ပြုလုပ်ရသည်။
ထိုစောင်းပြုလုပ်ရာတွင် မပြီးမချင်း ရွာတွင်းသို့ ယူဆောင်၍ မလာရချေ။ တောထဲ၌သာ ထားခဲ့ရသည်။ စောင်းကိုပြုလုပ်ပြီး စောင်းကြိုးတပ်သောအခါ စောင်းအိုး အပေါက်တွင် ပန်းခုနှစ်မျိုး၊ ခုနှစ်ပွင့်သွင်းရလေသည်။ စောင်း၏အမြုတေဟုခေါ်အပ်သော ဏားဒိန်အပနယ့်ကို ထည့်ရလေသည်။
ပန်းညိုနှစ်ပွင့်၊ စကားဝါပွင့်၊ နန်းလုံးကြိုင်၊ ဆောင်တော်ကူး၊ တရုတ်စကား၊ စကားစိမ်းပွင့်စသည့် ခုနစ်ပွင့်ကို ထည့်သွင်းပြီးမှ စောင်းကြိုးညှိကာ ထိုတောအုပ် ၌ပင် သီချင်းနှင့် သီဆိုတွဲဖက်ပြီး တီးရလေသည်။ အထက်ပါအစီအရင်အတိုင်း စီရင်သီဆိုတီးခတ် ပြီးမှသာ ရွာသို့ယူဆောင်ရလေသည်။ထိုစောင်းကို သီဆိုတီးခတ်လျှင် ကြားရသူတိုင်း လွမ်းဆွေးကြရသည်ဟု ရှေးလူကြီးများက ဆိုကြလေသည်။
ခနာ(ခေါ်)ဗျတ်စောင်း
ကရင်လူမျိုးတို့၏ ကြိုးတပ်တူရိယာအများအနက် “ခနာ” ခေါ် ဗျတ်စောင်းသည်လည်း တစ်မျိုးအပါအဝင် ဖြစ်သည်။ ရှေးက အုန်းမှုတ်ခွက်ဖြင့် အုန်းသီးတစ်လုံးကို သုံးပုံတစ်ပုံမှ ညီညာစွာဖြတ်ယူပြီး အဝကို သစ်သား၊ ဝါးပြားတစ်ခုခုနှင့်ပိတ်၍ ပြုလုပ်လေ့ရှိသည်။ နှောင်းခေတ် အချိန်တွင် သစ်မာသားဖြစ်သော ယင်းတိုက်၊ ပျဉ်းကတိုး၊ ပိတောက်သားတို့ဖြင့် ပြုလုပ်နေကြသည်။
ရှေးအခါက ကြိုးသုံးချောင်းတပ်ကြသော်လည်း မျက်မှောက်ခေတ်တွင် နှစ်ခေါင်းတွဲ နှစ်စုံ(လေးချောင်း)နှင့် သီးခြားတစ်ချောင်းကြိုးအဖြစ် ကြိုးငါးချောင်းတပ်ဆင် ကြသည်။
ယခင်က ပိုးချည်မျှင်၊ သစ်သားမျှင်၊ ဝါးမျှင်တို့ကို ကြိုးအဖြစ် အသုံးပြုလေ့ရှိသော်လည်း ယခုအခါ နိုင်လွန်ကြိုး၊ သံမဏိကြိုးတို့ဖြင့် တပ်ဆင်ကာ သုံးစွဲလာ ကြသည်။ ကရင်ဗျတ်စောင်းသည် ယခုခေတ်မယ်ဒလင် တစ်မျိုးဟုဆိုနိုင်သည်။ အချို့က ကိုယ်တိုင်တီး၍ ကိုယ်တိုင် သီဆိုကာ အချို့မှာအမျိုးသားက တီးခတ်၍ အမျိုးသမီးက သီဆိုလေ့ရှိသည်။ နားထောင်ရသည်မှာ သာယာ နာပျော်ဘွယ် ရှိလှသည်ဟု လက်ခံထားကြသည်။
စည်တော်
ကရင်လူမျိုးတို့၏တူရိယာများထဲတွင် စည်တော်သည် တစ်ခုအပါအဝင်ဖြစ်သည်။ စည်တော်သည် ရှေးအခါက လူစုရာတွင်လည်းကောင်း၊ အခမ်းအနားဖွင့်ပွဲများတွင် လည်းကောင်း၊ ရိုးရာဒုံးအကများ တွင်လည်း အခြားသော တူရိယာများနှင့်တွဲ၍ တီးခတ်ပါသည်။ အချို့က မင်္ဂလာ စည်တော်ဟု ခေါ်ကြသည်။
စည်တော်ပြုလုပ်ပုံမှာ ဦးစွာသစ်မာသားဖြစ်သော ပျဉ်းကတိုးသား၊ ကျွန်းသား၊ ယမနေသားများကိုလိုအပ်သော လုံးပတ်နှင့် အရှည်တစ်တောင့်ထွာခန့် ဖြတ်ယူ၍အထက် ဖော်ပြသည့် ဖားစည်ပုံ သဏ္ဍာန်ကဲ့သို့ ပြုလုပ်ပြီး အတွင်းသားကို နှိုက်ထုတ်ရသည်။ အလိုအလျှောက် အပေါက်ရှိသော သစ်များကို အသုံးပြု၍မရပါ။ အနာအဆာ မရှိသော သစ်သားများကို ပြုလုပ်ရသည်။ ထို့ပြင် သစ်သားများကို စည်ပုံစံပြုလုပ်ပြီး အရှေ့ဖက် အပိုင်း မျက်နှာစာအတွက် ပိတ်ရန် သားရေကြတ်များကို အသုံး ပြုရသည်။ စည်တော်ဘေးပတ်လည်တွင် ဆွဲတင်းရန် ကြိုးများကိုလည်း ရှေးအခါက သားရေကြတ်နှင့် ပြုလုပ် ပါသည်။ ယခုမျက်မှောက်ခေတ်တွင် သားရေကြတ် ရှားပါးလာသောကြောင့် ပလတ်စတစ်ကြိုးများ ပြန်လည် တပ်ဆင် အသုံးပြုလာခြင်းကို လေ့လာတွေ့ရှိရသည်။
ဂိန်(ခေါ်)မိကျောင်းလျှာ
ကရင်တူရိယာများအထဲတွင် ဂိန်(ခေါ်) မိကျောင်း လျှာသည် သီးသန့်တူရိယာတစ်မျိုးဖြစ်သည်။ အခြားသော တူရိယာများနှင့် တွဲဖက်တီမှုတ်ခြင်း မရှိချေ။ ဂန်(ခေါ်) မိကျောင်းလျှာ တူရိယာသည် ပိုးကရင်အခေါ် ဖြစ်သည်။ စကောကရင်အခေါ်မှာ “တဟီ” ဖြစ်သည်။ ဂိန်(ခေါ်) မိကျောင်းလျှာ၏ တီးခတ်ပုံမှာ အပေါ်နှုတ်ခမ်းကို တေ့ထား၍ ထိပ်ပိုင်းပြားကို လက်ညိုးနှင့် ခတ်ပေးရ သည်။ ကျွဲချိုမှုတ်သလို လေကို အသုံးပြုပြီး မှုတ်ရသည်။ ဂိန်(ခေါ်)မိကျောင်းလျှာ၏ အသံမှာ ညအခါ လူခြေတိတ် ချိန်တွင် ပုရစ်အော်သံလို အသံထွက်ပါသည်။
ရှေးအခါက လူပျို၊ အပျိုများ အလွန် နှစ်သက် သောတူရိယာတစ်မျိုးဖြစ်ပါသည်။တောရွာဓလေ့အရ ကရင် လူမျိုးများသည် တေးကဗျာ၊ လင်္ကာများဖွဲ့နွဲ့၍ ဂိန်(ခေါ်) မိကျောင်းလျှာ မှုတ်ကြသည်။ ဂိန်(ခေါ်)မိကျောင်းလျှာ ပြုလုပ်ပုံတင်ပြရမည် ဆိုလျှင် ဦးစွာအရင့်မှန်ဝါးခြမ်းပြားအရှည် တစ်ထွာ ကျော်ခန့်ဖြတ်ယူ၍ ဝါးခြမ်းအလယ်ကို အနည်းငယ် ဟိုက်၍ လှီးထုတ်ရသည်။ ထို့ပြင် လှီးပြီးဝါးခြမ်း ထိပ်ပိုင်းကို တီးခတ်ရန်အတွက် လက်တစ်လုံးစာခန့် ဟိုက်ရသည်။ အသံထွက်ရန်အတွက် ဟိုက်ထားသော ဝါးခြမ်းသည်ကို လျှာခင်ဟိုက်ထုတ်ပေးရသည်။ ထိုမှ ဂိန်(ခေါ်) မိကျောင်းလျှာ တစ်လက်ဖြစ်လာသည်။ ထီးကိုင်တံနှင့် ပြုလုပ်သော ဂိန်(ခေါ်)မိကျောင်းလျှာ သည်လည်း ထိုနည်းတူစွာပင်ဖြစ်သည်။
သို့ဖြစ်၍ ရှေးအခါက ကရင်လူမျိုးများသည် မိမိကြိုက်နှစ်သက်သော ပျိုမေများကို တိုက်ရိုက် ချစ်စကား မဆိုဝံ့ပေ။ ထား ခေါ် တေးကဗျာ, လင်္ကာများ ဖွဲ့ဆို၍ ဂိန်(ခေါ်) မိကျောင်းလျှာအသံကို မှုတ်ကာဖွင့်ဆိုကြ သည်။ ပျိုမေများမှာလည်း ဂိန်(ခေါ်)မိကျောင်းလျှာကို မှုတ်၍ ပြန်လည်ချေပ ကြသည်ဟု ရှေးလူကြီးသူမများ ပြောပြချက်အရ လေ့လာသိရှိရပါသည်။
ကရင်အိုးစည်
ကရင်လူမျိုးတို့၏ တူရိယာများထဲတွင် ကရင် အိုးစည်သည် အခြားသော တူရိယာများနှင့် တွဲဘက်၍ အဓိကအသုံးပြုကြသည်။ ကျေးလက်တောရွာ များသည် လက်ထပ်မင်္ဂလာပွဲ၊ သတို့သား ပို့ဆောင်ရာတွင် (အင်းကိုလါမုဂ်) ခေါ် အောင်းတလာမောက် ဓလေ့ကို အသုံးပြုကြပါသည်။ အခြားလူမှုရေး ပွဲများ၊ ကရင်ရိုးရာ ဒုံးအကပြိုင်ပွဲများတွင်လည်း မပါမဖြစ်သော တူရိယာ တစ်မျိုးဖြစ်ပါသည်။ကရင်အိုးစည်ပြုလုပ်ပုံမှာ အထက်ကဖော်ပြခဲ့သော ကရင်စည်တော်နှင့် အတူတူဖြစ်ပါသည်။ ကရင် တိုင်းရင်းသားတို့ ဒုံးအက ကရာတွင် တွဲဖက်အသုံးပြုသည့် တူရိယာများသည် ဖားစည်၊ ကျွဲချို၊ ဘင်၊ နှဲ၊ အိုးစည်၊ မောင်း၊ လင်ကွင်း၊ စည်း တူရိယာများတို့နှင့် တွဲဖက် တီးမှုတ်ပြီး ကကြပါသည်။