ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

လေ့လာမှတ်သားစရာ ကရင်ဖားစည်
Image

အမည်- ကရင်ဖားစည်

ပါဝင်သည့်ပစ္စည်း- ပဉ္စငါးပါး(ရွှေ၊ ငွေ၊ သံ၊ သွပ်၊ ကြေး)

အသုံးပြုပုံ- အတီးတူရိယာ

ဖားစည်သည် ကရင်တမျိုးသားလုံးအား ကိုယ်စား ပြုသည့် တူရိယာတစ်မျိုး ဖြစ်သည်။ စကောကရင်လို (ကလို့)ဟုခေါ်ပြီး ပိုးကရင်လို (ကလူး)၊ ဘွဲနှင့် ကယား တို့က (ကလူ)ဟူ၍လည်းကောင်း အသီးသီးခေါ်ဆိုကြ သည်။ အနောက်တိုင်းသုတေသီ အချို့က ဖားစည်ကို ကြေးစည်(Bronze Drums) ကရင်အမျိုးသားတို့သည် ဖားစည်ကို လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်လောက်က သုံးစွဲလာခဲ့ကြသည်ဟု သုတေသီတို့က အခိုင်အမာ ယုံကြည်ယူဆ ထားခဲ့ကြသည်။ 

ကရင်အမျိုးသားများ အမြတ်တနိုး ထားရှိသည့် တူရိယာများစွာထဲတွင် ဖားစည်သည် ထိပ်ဆုံးက ပါဝင် နေပါသည်။ ကရင်လူမျိုးထဲက ကရင့်ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ဖားစည်ကို ဘိုးဘွားဘီဘင် လက်ထက်ကတည်းက အမြတ်တနိုးရှိခဲ့ပြီး ယခုခေတ် ကရင်လူမျိုးများအတွက် လေးစားတန်ဖိုးထားရသည့် အမှတ်အသားတစ်ခု ဖြစ်ပါသည်။ သာယာသော အသံရရှိရန် ပဉ္စရူပ ခေါ် သတ္တု ၅မျိုးဖြစ်သည့် ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်နှင့် ခဲများကို ရောစပ်၍ သွန်းလုပ်ရကြောင်း အဆိုရှိ၏။ ဖားစည်၏ အလေးချိန်ပေါ် မူတည်ပြီး တန်ဖိုးဖြတ်သည်လည်းရှိ၏။ ဖားစည်သွန်းလုပ်ရာတွင် လက်ရာကောင်းခြင်း၊ အရုပ်များဖြင့် လှပစွာစီခြယ် သွန်းလုပ်ထားခြင်း၊ အသံသာယာ ငြိမ့်ညောင်းခြင်းများ အပေါ် မူတည်၍ ဖားစည်ကို တန်ဘိုးဖြတ်ကြ၏။ 

သမိုင်းကြောင်း

တစ်ချိန်က ဖားစည်သည် အရှေ့တောင်အာရှ ဒေသများတွင် ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြကြောင်း သိရှိရ သည်။ ဖားစည်များကို တရုတ်ပြည် ယူနန်နယ်၊ အိန္ဒိယ၊ သီဟိုဠ် (သီရိလင်္ကာ) ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် တွေ့ရှိရ၏။ မြန်မာနိုင်ငံ တောင်ဘက် ဘော်နီယိုကျွန်း အထိပင် ဖားစည်များကို တွေ့ရှိရသည်။ ဖားစည်ကို ကျောက်ခေတ်နှောင်း နောက်ပိုင်း ကြေး‌ခေတ် ပေါ်ပေါက်လာသောအချိန် (သမိုင်းခေတ်ဦး)၌ စတင် သွန်းလုပ် သုံးစွဲခဲ့ကြသည်ဟု ယူဆထားခဲ့ကြသည်။ 

အနောက်တိုင်း သုတေသီအချို့ကမူ ဖားစည်သည် ယိုးဒယား၊ ရှမ်းအနွယ်ဝင်၊ ရှမ်းလူမျိုးများက စတင် သွန်းလုပ် ခဲ့ကြသည်ဟု ယူဆကြသည်။ အခြားအဆိုပြုချက် တစ်ရပ်မှာ ရှေးကရင် ကဗျာလင်္ကာအရ မဲခေါင်မြစ်ဖျား ခံရာ ဒေသမှတစ်ဆင့် ကရင်လူမျိုးတို့ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့စဉ် အချိန်ကပင် ဖားစည် သွန်းလုပ်ခြင်း အတတ် ပါလာပြီးဖြစ်သည်ဟုဆိုသည်။ 

ခွဲခြားပုံ

(၁) သာယာအေချမ်းသော မင်္ဂလာဖားစည် 

(၂) မကောင်းကျိုးဆိုင်ရာ အသုံးပြုသော အမင်္ဂလာ ဖားစည် ဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ 

မင်္ဂလာဖားစည်၏ မျက်နှာပြင်ဝယ်လေး နေရာခွဲ၍ ဖားရုပ်လေးရုပ်ပါရှိရာ ဖားရုပ်များသည် လက်ျာရစ်လှည့်ပြီး တစ်ကောင်နှင့် တစ်ကောင် လိုက်နေကြဟန်ဖြစ်သည်။ ထိုဖားစည်ကို မင်္ဂလာဖားစည်ဟူ၍ သတ်မှတ်ကြသည်။ ဖားရုပ်များ တစ်ကောင်နောက် တစ်ကောင် လိုက်နေဟန် ပြုလုပ်ထားခြင်းမှာ ဦးဆောင်မှုရှိခြင်း၊ ညီညွှတ်မှုရှိခြင်း ဟူသော အဓိပ္ပါယ်ကို ဖော်ဆောင်ထားခြင်းဖြစ်သည်။ ထိုမင်္ဂလာ ဖားစည်ကို ထိမ်းမြား လက်ထပ်ပြီး ကောက်ဦး စားပွဲ၊ နှစ်သစ်ကူးပွဲ၊ လူမှုရေးရာ အလှူပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများ၌သာ တီးခတ်လေ့ရှိကြသည်။ 

အမင်္ဂလာဖားစည် ဖားရုပ်များ တစ်ကောင်နှင့် တစ်ကောင် မျက်နှာချင်းဆိုင်သွန်း လုပ်ထားသော ဖားစည်ကို အမင်္ဂလာဖားစည်ဟု သတ်မှတ်ကြသည်။ ထိုဖားရုပ်များ မျက်နှာချင်းဆိုင်ရှိနေခြင်း အဓိပ္ပါယ်မှာ သွေးကွဲနေခြင်း၊ ဆွဲဆောင်နေခြင်း၊ ညီညွတ်မှုမရှိခြင်း ဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။ ထိုအမင်္ဂလာဖားစည်ကို အသုဘအခမ်းအနား၊ အရိုးကောက်ပွဲနှင့် စစ်တိုက်သော အခါတို့၌သာ တီးခတ်ကြလေသည်။ မင်္ဂလာဖားစည်ကို အေးသောဖားစည်၊ အမင်္ဂလာဖားစည်ကို ပူသောဖားစည်ဟု ခေါ်ဝေါ်ကြသေးသည်။

သုံးစွဲမှု

ကရင်အခေါ် ခွေ(ကျွဲချို)နှင့်လည်း အမြဲတစေ တွဲထားလေ့ရှိသည်။ ဒုံးယိမ်းအကကို ကပြရာ၌ဖြစ်စေ၊ ကရင်အမျိုးသားတို့၏ နေ့ကြီးရက်ကြီး အခါပွဲတော်များ ကျင်းပရာ၌ဖြစ်စေ ဖားစည်နှင့် ကျွဲချို တို့ကို တီးမှုတ်ပြီး အခမ်းအနားများ ဖွင့်လှစ်အစပျိုး လေ့ရှိသည်။ အမျိုးသား အလံတော်၊ ဖားစည်၊ ကျွဲချို တို့သည် ကရင်လူမျိုးတို့၏ အထင်ရှားဆုံး ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများ ဖြစ်ကြပါသည်။ တစ်ခုနှင့်တစ်ခု ခွဲခြား၍ မရပေ။ ထိုကြာင့် ကရင်လူမျိုးများ တည်ရှိနေ သရွေ့ ကရင်ရိုးရာယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းများလည်း တည်ရှိနေမည်သာ ဖြစ်ပါ သည်။ ကရင်လူမျိုးတိုင်းလည်း မိမိတို့၏ အထွတ်အမြတ် ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထား ထိန်းသိမ်းကြ ရမည်။ 

ဖားစည်ကို ကောက်ပဲသီးနှံစိုက်ပျိုးရန် "မိုး"ခေါ်ရာ တွင်လည်း‌‌ကောင်း၊ အသုဘအခမ်းအနားများတွင် လည်ကောင်း၊ လက်ထပ်ထိမ်းမြားရာ အခမ်းအနားများ တွင်လည်းကောင်း၊  အိမ်သစ်တက်ရာ အခမ်းအနား      များတွင်  တူရိယာအဖြစ်လည်းကောင်း တီးခတ်အသုံးပြုပါသည်။ 

ဖားစည်၏ မျက်နှာပြင်တွင် နေရောင်ခြည် ဖြာထွက်နေသည့် သဘောမှာ ရဲရင့်ခြင်း၊ အလင်းရောင် ပေးခြင်းကို သရုပ်ဖော်သည်။ ဖားရုပ်၏ အဓိပ္ပါယ်မှာ ဖားတို့မည်သည် ကုန်းတွင်ဖြစ်စေ၊ ရေတွင်ဖြစ်စေ ကျက်စား သွားလာနိုင်သော သတ္တဝါ ဖြစ်သည်။ ထိုနည်းတူ ဖားစည်ပိုင်သောသူသည် “လေလထီ့ထီ့ထဘာ၊ လေလ ခွန့်ခွန့်ထဘာ” “ဆိုရိုးစကား အတိုင်း” ရေတွင် သွားလာ ကျက်စားသည်ဖြစ်စေ၊ ကုန်းတွင် ကျက်စားသွားလာသည် ဖြစ်စေဘေးရန်ကင်းကွာ သွားလာနေထိုင်နိုင်ပြီး ကုန်းမြေ ပိုင်ရှင်၊ ရေနယ်ပိုင်ရှင်အဖြစ် တိုးတက်ကြီးပွားနိုင်ပါစေ” ဟူသောအဓိပ္ပါယ်ဖြစ်သည်။ ဆင်ရုပ်၏အဓိပ္ပါယ်မှာ ကုန်းနေ သတ္တဝါတို့တွင် ဆင်သည် အားအင်အကြီးဆုံးဖြစ်သည်။ ဆင်သည် လူသားတို့၏အကျိုးကို အများဆုံး  ဆောင်ရွက် နိုင်သော ရတနာတစ်ပါးဖြစ်သည်။ ထိုဖားစည်ပိုင်ရှင်သည်။ ဥစ္စာဓနပြည့်စုံပြီး ဩဇာအာဏာကြီးမားကာ လူအများ၏ အကျိုးကို ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ဖြစ်ပါစေ ဟူသော အဓိပ္ပါယ်ကိုဆောင်သည်။
ခရုသည်ကုန်း၊ ရေနှစ်ခုလုံးတွင် ကျက်စားသွားလာ နိုင်သော သတ္တဝါဖြစ်ပြီး ခရုသည် အချိန်တိုင်း တွေ့ရှိနိုင် သည်။ မျိုးဆက်မပြုန်းနိုင်သော သတ္တဝါဖြစ်သည်။ ထို့အပြင် မင်္ဂလာယူ သည့်အခါတွင် ခရုသင်းကို မှုတ်ကာ အရေးပါသော ပစ္စည်းတစ်ခုအဖြစ် အသုံးပြုတတ်ကြ သည်။ ဤသို့သော နိမိတ်ကိုဆောင်၍ ခရုရုပ်ကို ထည့်သွင်း ထားခြင်း ဖြစ်သည်။ 

ရိုးရာပုံပြင်

ဖားစည်နှင့် ပတ်သက်သောပုံပြင်၊ ဒဏ္ဍာရီများ လည်းရှိသည်။ ဖူပိုင်ပုံပြင်၊ ဖူ့မော်တော် ပုံပြင်သည် ယနေ့တိုင် ထင်ရှားလျက်ရှိသည်။ ကရင့်ရိုးရာပုံပြင်အရ တစ်နေ့သ၌ ရှေးဟောင်း ကရင်အဘိုးအိုဖြစ်သူ ဖူးမော်တော် တစ်ယောက်က တောင်ယာလုပ်ပြီးအသက် မွေးရှာပါသည်။ တစ်နေ့မှာဖူးမော်တော် တောင်ယာ သွားကြည့်သောအခါ လူရိုင်းတစ်အုပ်က ၎င်း၏ တောင်ယာထဲက စပါးအသီးအနှံတွေကို ဝင်ရောက် ကစားဖျက်ဆီးတာကို အဝေးကနေ လှမ်းမြင်ရပါသည်။ ပြီးလျှင် ဖူးမော်တော်က အကြံတစ်ခုထုတ် လိုက် သည်။ နောက်တစ်နေ့၌ ဖူးမော်တော် တောင်ယာ ခင်းထဲမှာ လှဲအိပ်လိုက်ပြီး သူ့ထံသို့ ဦးတည်လာသော လူရိုင်းတစ်အုပ်ကို တွေ့ရသည်။ ဖူးမော်တော်က တောင်ယာထဲတွင် လူသေအဖြစ် ဟန်ဆောင်လိုက်သည်။ ၎င်းအချင်းအရာကို တွေ့မြင်ရသော လူရိုင်းအုပ်စုက ဖူးမော်တော်သေပြီးထင်လို့ အသုဘအခမ်းအနားအတွက် အုပ်စုထဲမှ လူရိုင်းများကို စည်ပြန်ယူခိုင်းလေသည်။ နောက်ဆုံးတွင် မျောက်များသည် ဖားစည်(၃)မျိုး ရွှေရောင်ငွေရောင်နှင့် အဖြူရောင်ဖားစည်များကို  ယူဆောင် လာကြသည်။ စည်များကိုတီးခတ်စဉ်အတွင်း ဖူးမော်တော်က ထထိုင်လိုက်ရာ မျောက်များက လန့်ပြီး ထွက်ပြေး သောကြောင့် အဖြူုရောင်ဖားစည်သည် ရေထဲသို့ ပြုတ်ကျ သွားတော့သည်။ ဖူးမော်တော်သည် ကျန်ရစ်သော ဖားစည်များကို ကရင်လူမျိုးများထံ ယူဆောင် လာပြီး ချိန်မှစ၍ ၎င်းတို့သည်ကရင်လူမျိုးတို့၏ အမြတ်နိုးဆုံး အရာများဖြစ်သွားကြသည်။ အမှန်မှာ မျောက်တွေလို့ ထင်ရတဲ့ လူရိုင်းအုပ်စုဟာ လူသူပေါက်ရောက်နည်းသော တောတောင်မှာနေသည့် အရိုင်းကရင်မျိုးနွယ်စုများ ဖြစ် ပါသည်။

သုံးသပ်ချက်

မျက်မှောက်ခေတ်တွင် ဖားစည်သည် အလွန် ရှားပါးလာသော ယဉ်ကျေးမှုအမွေ အနှစ်တစ်ခု ဖြစ်ပါ သည်။ ဖားစည်သွန်းလုပ်ခြင်း အတတ်ပညာကို တတ်မြောက်သူမှာ မရှိသလောက် ရှားပါးနေသည်။ ရှေးအခါက ဖားစည်ကို မင်္ဂလာကြေးအဖြစ် တင်တောင်း ခြင်း၊ တရားစီရင်ရာတွင် လျော်ကြေးအဖြစ် တန်ဖိုး သတ်မှတ်ခြင်းများ ရှိသော်လည်း ယခုအခါတွင် ထိုဓလေ့များကို ကရင်ရွာများ၌ပင် မတွေ့ရှိနိုင်တော့ချေ။ နှောင်းခေတ် လူငယ်များသည် ဖားစည်ရှိခဲ့ဖူးခြင်းကိုသာ သိရပြီး မျက်မြင်ကိုယ်တွေ့ တွေ့မြင်နိုင်တော့မည် မဟုတ် ပေ။ ထို့ကြောင့် ကရင်လူမျိုးတို့၏ အမျိုးသားအထိမ်း အမှတ် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တည်ရှိခဲ့သော ဖားစည်သည် လူမျိုးနှင့်အတူ ဆက်လက်တည်တံ့နိုင်ရန် ကရင်လူမျိုးတို့က ဆက်လက် ထိန်းသိမ်းခြင်း၊ သွန်းလုပ် ခြင်းများကို အားထုတ်သင့်ကြပေသည်။