ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကရင်ရိုးရာကောက်သစ်စားပွဲတော်(သို့) ဖီ့ဗူးယော်/ဖီးထို့ဘီးဟာပွဲတော်
Image

ကမ္ဘာပေါ်ရှိ တိုင်းရင်းသားလူမျိုးတိုင်း၌ မိမိတို့လူမျိုးများအလိုက် ချစ်စရာကောင်းသော ရိုးရာဓလေ့ထုံးတမ်းပုံပြင်များ အသီး သီး ရှိကြ၏။ မိမိတို့၏ယုံကြည်မှုအရ ဘာသာရေးနှင့် မသက် ဆိုင်သော ရိုးရာဓလေ့ထုံးတမ်းများကို ရှေးမူမပျက် ထိန်းသိမ်းဖေါ်ထုတ်ခြင်းသည် ထိုလူမျိုး၏ ရှေးအစဉ်အဆက်တည်ရှိခဲ့သောဘိုးဘွားတို့၏ အမွေအနှစ်ကောင်းများကို ထိန်းသိမ်းမြတ်နိုးရာ ရောက် ပေ၏။ ထိုသို့တန်ဖိုးထား ထိန်းသိမ်း ကျင်းပဖေါ်ထုတ် ခြင်း မရှိပါက အနာဂတ်တွင် ထိုလူမျိုးတို့၏ တန်ဘိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများပျောက်ကွယ်၍ အခြားလူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများလွှမ်းမိုးသွားမည်ဖြစ်၏။

ကရင်လူမျိုးတို့သည် ရှေးပဝေသဏီကတည်းက  ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်ရိုးရာဓလေ့ထုံးတမ်းဖြင့် နေထိုင်လာခဲ့သော လူမျိုးစုကြီးတစ်စုအဖြစ်ရပ်တည်ခဲ့၏။ကရင်လူမျိုးတို့သည်လယ်ယာ လုပ်ငန်း၊ တောင်ယာလုပ်ငန်း၊ အမဲလိုက် လုပ်ငန်း ဖြင့် အဓိက အသက်မွေးမြူခဲ့ကြ၍ လယ်ယာလုပ်ငန်း၊ တောင်ယာလုပ်ငန်းနှင့် သက်ဆိုင်သော ရိုးရာဓလေ့ ယုံကြည်မှုထုံးတမ်းများ ယနေ့ထိ ရိုးရာ မပျက်ထိန်းသိမ်းကျင်းပနေကြ၏။ထိုဓလေ့ထုံးတမ်းများသည် ကရင်တို့၏ ကောက်သစ်စားပွဲတော် (ပိုးကရင်အခေါ် အောင်းလောင်ဗူး သောင့်ခူး၊ စကောကရင်အခေါ်အော့လော်ဗူးသောခို့)သည် စပါးစောင့် နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ)ကို ပူဇော်ပသသော ရိုးရာ ဓလေ့ပွဲများ ကရင်နှစ်သစ်ကူးနေ့ ရောက်တိုင်း မဖြစ်မနေကျင်းပကြရ၏။

စပါးစောင့်နတ်သမီး (ဖီ့ဗူးယော်/ ဖီးထို့ဘီးဟာ) ပုံပြင်

ကရင်လူမျိုးတို့၏ စပါးစောင့်နတ်သမီး (ပိုးကရင်အခေါ် ဖီ.ဗူးယော် စကောကရင်အခေါ် ဖီးထို့ဘီးဟာ) ပူဇော်ပသပွဲ ဖြစ်ပေါ် လာပုံသမိုင်းကို ရှေးလူကြီးသူမတို့က ဒဏ္ဍာရီပုံပြင် အဖြစ် နောင် လာနောက်သားတို့အတွက် မပျောက်ပျက်စေရန် အစဉ်အဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာကြ၏။ ထိုရိုးရာ ဓလေ့ပျောက်ကွယ် မသွားရန် ထိန်းသိမ်းရမည့် တာဝန်မှာ မျိုးဆက်သစ် လူငယ်တို့ ၏ တာဝန်ပင် ဖြစ်ပေ၏။

ရှေးရှေးတုန်းက လယ်ယာလုပ်ကိုင်မှီခိုစားသောက် ကြသော ကရင်ရွာလေးတစ်ရွာတွင် နွေရာသီ ကောက်သစ်ပေါ် ချိန်ရောက် သော တစ်နှစ်၌ ဝါးပင်ဝါးတောများ တတောလုံးသီး ပွင့်လာပြီး ဝါးသီး ကိုလာရောက်စားသောက်ကြသည့် ကြွက်များသည် ထ သောင်းကျန်းကြပြီး ရွာသားတို့၏ လယ်ယာစပါးခင်း များပါ အကုန် ကိုက်ဖျက် စားသောက်ပစ်လိုက်၏။ ထိုနှစ်တွင် စားစရာစပါးသီးနှံ များမလုံလောက်သဖြင့်အစာရေစာငတ်ပြတ်လာပြီး ရွာသားအပေါင်း တို့သည် မိုးတွင်းရာသီတွင် စားသုံးရန်အတွက် နီးစပ်ရာရွာများသို့ စပါးဝယ်ရန် အသီးသီးထွက်ခွါကြ ၏။ထိုရွာတွင်အလွန်ဆင်းရဲ သော မိဘမဲ့ ဖိုးဟဲမောင်နှမနှစ်ယောက်ရှိရာ ရွာသားများက ထိုမောင်နှမ နှစ်ယောက်အား စပါးဝယ်ဝေငှပေးရမည်ကို စိုးရိမ်ကြသဖြင့် အသိမပေးဘဲ ရွာမှတိတ်တဆိတ် ထွက်ခွါသွားကြ၏။ 

ထိုမောင်နှမနှစ်ဦးတွင် မိဘက အမွေပေးခဲ့သော အသပြာ ငွေတစ်ပြားသာရှိ၏။ အကိုဖြစ်သူကညီမဖြစ်သူအား မိမိတို့တွင်ငွေတစ်ပြားသာရှိသော်လည်းအားငယ်ရန်မလိုကြောင်းရသလောက်စပါးကို ဝယ်လာ၍ ထမင်းချက်ကျွေးမည်ဖြစ် ကြောင်း မှာကြား၍ စပါးရှာဝယ်ရန် ရွာမှတစ်ဦးတည်း ထွက်ခွါလာ၏။ အခြားရွာ တစ်ရွာ သို့ ရောက်သောအခါ  မိမိ၌ ပါလာသော ငွေတစ်ပြားဖြင့် စပါးအနည်းငယ်ရောင်းချပေးရန် တောင်းပန်သောအခါ သနားတတ်သူတို့က အုန်းမှုတ်တစ်ခွက်စာရောင်းချ ပေး လိုက်၏။ 

ထိုသို့ရလာသော စပါးတစ်ခွက်စာကို အဝတ်၌ထည့်ကာ ရွာသို့်ပြန်လာရာ လမ်းခုလတ်တွင် ညောင်အိုပင်ကြီးတစ်ပင် အောက် ရောက်သောအချိန်တွင် ညောင်မြစ်ကြား၌ ငြိတွယ်နေ၍ ကယ်ပါ ကယ်ပါဟု အော်ဟစ်အကူအညီတောင်းခံနေသော အဖွားအိုတစ်ဦး အားတွေ့သဖြင့် ကူညီကယ်ထုတ်ပေးခဲ့၏။ အဖွားအိုက ညောင်မြစ် ကြားမှ လွတ်မြောက်လာသောအခါ မိမိသည် ညောင်ပင်ခွကြားတွင် ကစော်ဖေါက်နေသော ညောင်သီးခေါင်ရည်ကို နေ့စဉ်မှီဝဲရင်းအိပ် ပျော်သွား၍ ညောင်မြစ်ကမိမိကိုယ်ကိုပတ်မိသွားသဖြင့် ရုန်းထွက်၍ မရတော့ကြောင်း လမ်းသွားလမ်းလာများကို  အကူအညီ  တောင်းခံ သော်လည်း ထမင်းကျွေးရမည်ကို စိုးရိမ်သဖြင့် မကယ်တင်ကြ ကြောင်း မြေးလေးကအဖွားကို ကယ်တင်သည့်အတွက် အလွန် ဆာလောင်နေသဖြင့် ထမင်းပါကျွေးရမည် ဖြစ်ကြောင်း သို့သော် အလွန်ငတ်ပြတ်နေသဖြင့် လမ်းလျှောက်ရန် အားမရှိကြောင်း အဖွားအို ကပြောရာ ဖိုးဟဲက မိမိက သနားစာနာစိတ်ဖြင့် အဖွားကို ကယ်တင်ခြင်းသာဖြစ်ကြောင်း မိမိ၌ ဆန်အနည်းငယ်သာ ရှိသော် လည်း အဖွားအိုအား သနားမိသဖြင့် မျှဝေစားသုံးကြမည်ဖြစ်ကြောင်း အဖွားက လမ်းမလျှောက်နိုင်ပါက ကုန်းပိုး၍ အိမ်သို့ခေါ်ဆောင် ပေး သွားမည်ဖြစ်ကြောင်းပြော၍ အိမ်သို့ခေါ်ဆောင်လေ၏။   အိမ်သို့ ရောက်သောအခါ ညီမအား မိမိတွေ့ကြုံခဲ့သောအဖြစ် အပျက်များအား ရှင်းပြ၍ မိမိတို့မိဘများ မရှိသတော့သဖြင့် လုပ်မကျွေးခဲ့ရ ကြောင်း ကံကောင်းထောက်မသဖြင့် အဖွားအိုကို မိမိတို့ မိဘအရင်းကဲ့သို့ ပြုစုလုပ်ကျွေးကြလျှင် ကုသိုလ်ရမည်ဖြစ်ကြောင်း အဖွားက ဆာလောင်နေသဖြင့် ရသည့်စပါးကိုဖွပ်၍ ထမင်းချက် စားကြမည် ဖြစ်ကြောင်း ညီမအားရှင်းပြကာ စပါးကို ဆန်ဖြစ်အောင်ဖွပ်လေ၏။ဆန်ဖြစ်လာသောအခါညီမအားထမင်းချက်ခိုင်းရာအဖွားက ထမင်း အိုးကိုရေတစ်ဝက်ဖြည့်၍ ဆန်စေ့သုံးစေ့သာထည့််ရန်ပြောရာ အစ်ကို ဖြစ်သူကလူကြီးသူမတို့၏ပြောစကားသည်မမှားနိုင်ကြောင်း   အဖွားပြောသည်ကို လိုက်နာပါက လက်တွေ့ထူးခြားမည်ဖြစ်ကြောင်း ပြောကာ ဆန်သုံးစေ့သာထည့်၍ချက်စေ၏။ ထမင်းငှဲ့ပြီး၍ ထမင်း ကျက်သော အခါ ထမင်းသည်အိုးအပြည့်နှင့်ရရှိ၍ သုံးယောက်သား ဝဝလင်လင်စားသုံးနိုင်သည့်အပြင် အိမ်ရှိ ခွေး၊ ဝက်၊ ကြောင်များပါ အစာဝလင်အောင်ကျွေးနိုင်လေ၏။ ထို့ကြောင့် ရှေးလူကြီးတို့သည် လူကြီးသူမတို့၏ ဆိုဆုံးမမှုကို မြေဝယ်မကျ နားထောင် ပါက ဆင်းရဲဒုက္ခ မရောက်နိုင်ကြောင်း နောင်လာနောက်သား များကို ဆို ဆုံးမကြ၏။

ဤသို့ နေ့စဉ်အလုပ်မလုပ်ဘဲ ဆန်သုံးစေ့ဖြင့် ထမင်းဝဝ လင်လင် မပူမပင် နေနိုင်စားနိုင်ကြသဖြင့် တစ်ရွာလုံးက တအံ့ တသြဖြစ်နေကြရ၏။  ရက်လများကြာလာသောအခါ မြေးဖြစ်သူကအဖွားအား မိမိတို့သည် တောင်ယာမလုပ်ဘဲ အေးအေး လူလူစားသောက်နေနိုင်ကြသဖြင့်ရွာသားများကအံ့သြနေကြောင်းနောက်ပိုင်းတွင်သင်္ကာမကင်းဖြစ်လာ၍ မိမိတို့အား မကောင်း ဆိုးဝါးအဖြစ် အထင်မှားနိုင်၍ အန္တရာယ် ရှိှိနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့သည် သာမန်ရွာသားများကဲ့သို့ လယ်ယာလုပ်ငန်းလုပ်ကိုင်ပြရန် လို ကြောင်းပြောရာ အဖွားက လယ်ယာလုပ်ကိုင်လိုပါက တောခြုံ များ ကို ရှင်းလင်းခုတ်ထွင် ရန်လိုကြောင်းပြော၏။ မြေးဖြစ်သူက တစ် ရက်ကိုခဲတစ်ပစ်စာ တောခြုံများကို   ခုတ်ထွင်ရှင်းလင်း၍   (၇) ရက် စာ ရှင်းလင်း ပြီးသောအခါ ခဲ(၇)ပစ်စာ ခုတ်ထွင်ရှင်းလင်းပြီးကြောင်း အဖွား ကိုပြောလေ၏။ထိုအခါ အဖွားက လယ်ကိုထွန်ယက်စေ၍ ထယ်စာခဲများ ကြားတွင် ပေါ်ထွက်လာသော မြေအောင်းပိုးများကို ဆက်ရက် ငှက်အား တိတ်တဆိတ်ခေါ်၍ ကောက်စားစေ၏။ (အမှန်တွင် အဖွားအိုသည် ငှက်တို့၏အရှင်သခင် စပါးစောင့်နတ်သမီး ဖီ.ဗူးယော်ငှက်/ ဖီးထို့ဘီးဟာ ငှက်ပင်ဖြစ်လေ၏။ ငှက်ဘဝဖြင့် ညောင်ပင်အိုခွကြားတွင် ကစော်ဖောက်နေသော ညောင်သီး ခေါင်ရည်ကို နှစ်နှစ်ခြိုက်ခြိုက် နေ့စဉ်ရက်ဆက် မှီဝဲသောက် သုံးရင်း အချိန်ကြာမြင့်စွာ အိပ်ပျော်သွားရာမှ အဖွားအိုဘဝ သို့ပြောင်းကာ ညောင်မြစ်များဖြင့် ရစ်ပတ်မိခြင်းသာဖြစ်၏။) ထိုသို့အဖွားအိုက စေခိုင်းသဖြင့် ဆက်ရက်ငှက်သည် ထယ်စာကြားတွင် ရှိသော မြေ အောင်းပိုးများကိုကောက်ယူစားသုံးသဖြင့် စပါးကိုပို၍ အထွက် တိုး စေ၏။ ထို့ကြောင့် ရှေးလူကြီးတို့က ဆက်ရက်ငှက်သည် လူကို အကျိုးပြုသဖြင့် မပစ်ခတ်ရဟု လူငယ် များကို သွန်သင်ဆုံးမကြ၏။

မြေးဖြစ်သူက လယ်ကိုထွန်ယက်ပြီးသော်လည်း မိမိ၌ စပါး မျိုးစေ့မရှိကြောင်း အဖွားအိုကိုပြောပြန်ရာ အဖွားအိုက ငုံးငှက်ကို တိတ်တဆိတ်ခေါ်ယူကာ တောထဲရှိကျောက်မီးတွင်း ဂူတံခါးအတွင်း သို့သွား၍ ဂူတွင်းရှိစပါးမျိုးစေ့များကိုကိုက်ချီလာစေပြီး  လွယ်ပလိုင်း ကြီးထဲသို့ အပြည့်ဖြည့်ရန် တာဝန်ပေး လေ၏။ ကျောက် တံခါးသည် စပါးမျိုးစေ့များ သိုလှောင် ထားသဖြင့်စပါးစေ့များ မှိုမတက်စေရန် အတွက် ဂူထဲသို့လေဝင် လေထွက်ကောင်းရန် အသက်ရှူသကဲ့သို့ မကြာခဏ ဖွင့်လိုက် ပိတ်လိုက်လုပ်နေ၏။ ငုံးငှက်သည် ရှေးယခင် ကအမြီးရှည်ရှိသော်လည်းစပါးကိုအကြိမ်ကြိမ်ကိုက်ချီရင်းနောက်ဆုံး အခေါက်တွင် ပင်ပန်းလွန်းသဖြင့် ကျောက်တံခါးနှင့်အမြီးညှပ် မိသွား ပြီး အမြီးကျွတ်လေ၏။ ထိုမှစ၍ ငုံးငှက်သည် ယခုထိ အမြီး မထွက် တော့ဘဲ တုံးတိတိဖြစ်နေ၏။ ထို့ကြောင့် ရှေးလူကြီးတို့က ငုံးငှက် သည် လူတို့၏ကျေးဇူးရှင်ဖြစ်သဖြင့် ငုံးငှက်ကို သတ်စားမိပါက ငုံးအမြီးမပေါက်နိုင်သကဲ့သို့ မကြီးပွားနိုင် ကြောင်းဆိုဆုံးမ ကြ၏။ 

စပါးမျိုးစေ့များရလာသောအခါ အဖွားက လယ်ထဲသို့ ကြဲချစိုက်ပျိုးစေ၍ စပါးများအသီးအောင်လာသောအချိန်တွင် စပါးခင်းအား လာရောက်စားသောက်သော စာကလေးငှက်အုပ်များကို ခြောက်လှန့်ရန်နှင့် စပါးကိုကိုက်ဖြတ်ဖျက်ဆီးသော အင် းဆက်ပိုးမွှား များ ခူကောင်များကို နှိမ်နင်းရန် အဖွားအိုက ငှက်တော်ငှက်ကို တာဝန် ပေးလေ၏။ ငှက်တော်သည် လူသံကဲ့သို့ တု၍ စာကလေးကို ခြောက်လှန့်သည့်အပြင် စပါးခင်းရှိ ပိုးမွှားများကိုလည်း နှိမ်နင်း ပေး၏။ ထို့ကြောင့် ငှက်တော်သည် လူကိုအကျိုးပြုသဖြင့် ပစ်ခတ် မိပါက တောထဲတွင်မျက်စိလည်လမ်းမှားနိုင်ကြောင်းရှေးလူကြီး များ ဆိုဆုံးမကြ၏။

စပါးများရရှိလာသောအခါ အဖွားအိုက စပါးကိုမချိန် တွယ်မီ စပါးပုံ၌ စပါးစောင့်နတ်သမီးအား အစားအသောက် များဖြင့် ပူဇော်ပသစေ၍ စပါးကိုချိန်စေ၏။ ထိုအခါစပါးသည် မှန်းထားသည်ထက် ပို၍အထွက်တိုးလာ၏။ နှစ်စဉ် နှစ်စဉ် စပါး အထွက်တိုးလာသောအခါ  စားနပ်ရိက္ခာဖူလုံလာပြီဖြစ်၍ အဖွား က ပြန်တော့မည်ဖြစ်ကြောင်း နှစ်စဉ်စပါးပေါ်ချိန်၌ တစ်နှစ် တစ်ကြိမ် စပါးခင်းကို အဖွားပြန်လာ၍ စောင့်ရှောက်ပေးမည် ဖြစ်ကြောင်း အဖွားနားနေရန်ဝါးအဖျားပိုင်းကို စိုက်ထူ၍ အဖွား၏ အသုံးအဆောင်ဖြစ်သော ကရင်သင်တိုင်း၊ လွယ်အိတ် စသော အသုံးအဆောင်များကို ချိတ်ဆွဲထားကာ အဖွားကြိုက်နှစ်  သက်သော ခေါင်ရည်၊ ကောက်သစ်ထမင်း၊ ကောက်ညှင်းခွက် ပြင်မုန့်၊ ကောက်ညှင်းထုပ်ဖက်ချွန်၊ သားမပေါက်သော ကြက်ဥ ပြုတ်၊ ပိန်းဥ၊ မျောက်ခေါင်းဥ၊ ခရုတာလပေါ့ဟင်း စသည်တို့ဖြင့် အဖွားအား ဧည့်ခံကျွေးမွေးပါက စပါးအထွက်တိုးအောင် အဖွားက စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း အဖွားသည် ယောက်ျားတို့၏အားပြိုင်မှုကိုနှစ်သက်သဖြင့် နဘန်းပွဲကို ကျင်းပ ပေးရန်မှာကြားခဲ့ပြီး စပါးစောင့်နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) ငှက်အသွင်ဖန်ဆင်းကာ အဝေးသို့ ပျံထွက်သွား လေ၏။ 

ထိုအခါမှစ၍ အဖွား (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) မှာကြား ထားသည့်အတိုင်း စပါးပေါ်ချိန်၌ အဖွားသည် ငှက်အသွင်ဖြင့် စပါးခင်းပေါ် တစ်နှစ်တစ်ကြိမ် ဝဲပျံ၍ ပြန်လာရာ စပါးခင်း အထွက်တိုးရန် မိမိတို့ကို စောင့်ရှောက်ပေးသည်ဟု မောင်နှမ နှစ်ဉီးက ယုံကြည်ကြပြီး အဖွားစပါးစောင့်နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) မှာကြားထားသည့်အတိုင်း အဖွားကို ပူဇော်ပသ၍  ကျွေးမွေးဧည့်ခံလေ၏။ ထိုသို့မောင်နှမနှစ်ဉီးသည် နှစ်စဉ် စပါးစောင့်နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ)ကို ပူဇော်ပသသဖြင့်စပါးအထွက်တိုးကြောင်းမောင်နှမနှစ်ဉီးထံမှသတင်းသိရှိရသဖြင့် တစ်ရွာလုံးက လိုက်၍ ပူဇော်ပသလာရင်း ကရင်လူမျိုးတို့၏ စပါးစောင့်နတ်သမီး(ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ)နှစ်စဉ်ပူဇော်ပသမှုဓလေ့ ပေါ်ပေါက်လာလေ၏။ နောက်ဆုံးတွင် မောင်နှမနှစ်ဉီးသည် ရွာတွင် အချမ်းသာဆုံးဖြစ်လာကာ အကို ဖြစ်သူဖိုးဟဲအား ရွာသူကြီးအဖြစ် တင်မြှောက်လိုက်ကြ၏။ 

အစပထမတွင် စပါးစောင့်နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) ကိုပူဇော်လာရာမှ နောက်ပိုင်းတွင် ခြံဉီးထွက် ကောက်ဉီးထွက် သီးနှံများကို အဖိုးအဖွား သက်ကြီးရွယ်အို များအား ဉီးဉီးဖျားဖျား လှူဒါန်းလာကြသဖြင့် ကောက်သစ်စားပွဲ (ပိုးကရင်ဘာသာဖြင့် အောင်းလောင်ဗူးသောင့်ခူး၊ စကောကရင် ဘာသာဖြင့် အော့လော်ဗူးသော့ခို့) ဟူ၍ ကျင်းပလာကြ၏။ ထိုပွဲတွင်လာရောက်သော ဧည့်သည်များကိုကျွေးမွေးဧည့်ခံရင်း ရိုးရာနပန်းပွဲများ ကျင်းပလာရာမှ ရိုးရာလက်ဝှေ့ပွဲများအထိ ကျင်းပလာကြ၏။ ၁၉၃၇ ခုနှစ်၌ ဗြိတိသျှပါလီမန်အစိုးရလက် ထက်တွင် အောက်လွှတ်တော်ကရင်အမတ် (၁၂) ဉီးက တောင်း ဆို၍ အထက်လွှတ်တော် ကရင်အမတ်(၃) ဉီးတို့ ပံ့ပိုးကူညီမှုဖြင့်  ပိုးကရင်အခေါ် (ထိုင်ခေါက်ဖိုးလာ) ၊ စကောကရင်အခေါ် (သလေလား)၊ မြန်မာအခေါ် ပြာသိုလဆန်း၁ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့ အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးလိုက်ရာ ထိုအချိန်မှစ၍ ကရင်နှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲ  (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) ပူဇော်ပွဲကို ပူးတွဲကျင်းပလာကြ၏။  ထို့ကြောင့် နှစ်သစ်ကူးနေ့အစ ကောက်သစ်စားပွဲကဟု တင်စား ရမည် ဖြစ်ပေ၏။

စပါးစောင့်နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) ပူဇော် ပုံမှာ  သလင်းပြင်ပေါ်၌ စပါးကောက်လှိုင်းပုံကို စုပုံထားပြီး စပါးစောင့်နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) နားနေရန် အကိုင်းအခက်ပါသော ဝါးပင်တစ်ပင်ကို စိုက်ထူကာ ထိုဝါးကိုင်း ပေါ်တွင် အဖွားအသုံးအဆောင်ဖြစ်သော အမျိုးသမီးသင်တိုင်း၊ လွယ်အိတ် စသည်များကို ပဒေသာပင်ကဲ့သို့ ချိတ်ဆွဲထားကာ ဝါးပင်စည်၌ ပိန်းဥ ၊ မျောက်ခေါင်းဥ၊ အုန်းသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီးစသော ခြံထွက်သီးနှံများကို ချည်နှောင် ထား ၏။ စပါးကျည်ထဲ၌ အဖွားကြိုက်သော ကောက်ဦးထမင်း၊ ကောက်ညှင်းခွက်ပြင်မုန့်၊ ကောက်ညှင်းထုပ်ဖင်ချွန်၊ သားမပေါက်သောကြက်ဥပြုတ်၊ ကြက်မောက်ပန်းစသည်တို့ကို အဖွား၏ပလိုင်းထဲထည့်ကာ ချိတ်ဆွဲပေးထား၏။ အဖွားစားသုံး ရန်အတွက် ကောက်ဉီးထမင်း၊ ပိန်းဥဟင်း၊ ခရုတာလပေါ့ဟင်း စသည်တို့ဖြင့် ပူဇော်ပသထားပြီး လယ်ကွင်းထဲသို့သွားကာ အဖွား ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ၏ ဝိညာဉ်လိပ်ပြာကို လူအုပ်စုဖြင့် သွားရောက် ကြိုဆိုခေါ်ဆောင်လာ၍ စပါးစောင့် နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) လွမ်းဆွတ်သီချင်း သီဆိုကာ စပါးပုံကို စု ပေါင်းလှည့်ပတ်ကြ၏။

 သီချင်းမှာ ပိုးကရင်ဘာသာဖြင့်

ဆယော်ထောင်းသောင့် ဗူးလား ဟိုင့်

နောင်းထောင်းဘား (ဖီ.ဗူးယော် ထိုင်…

(ဖီ.ဗူးယော်ဂေး ဂယ့်ထိုင် ဂယ့်ထိုင်…

ဂယ့်ထိုင်အောင်း မေသောင့် မေအိုင်…

စကောကရင်ဘာသာဖြင့်

တာ့ယော်ထော့သော ဗူးလာ့ ဟေး…

နော့ထော့ ဖီးထို့ဘီးဟာ ကေ…

ဖီးထို့ဘီးဟာ ဟားကေ ဟားကေ…

ဟားကေအော့ မေသော မေသေ…

မြန်မာလို အဓိပ္ပါယ်မှာ

နွေရာသီပေါက် ရောက်လို့လာ စပါးရွက်တွေ ခြောက်လို့လာ…
အဖွားဖီ.ဗူးယော် ပြန်လို့သွား အလွန်အောက်မေ့ သတိရသား …
အဖွားဖီ.ဗူးယော်ရေ         အရောက်           ပြန်လာပါ …
ကောက်သစ်ထမင်း         ခွက်ပြင်             သုံးဆောင်ပါ…
ဟူ၍ အဓိပ္ပါယ်ရသော သီချင်းကို ဖွဲ့နွဲ့သီဆို၍ စပါးပုံကို လှည့်လည်ကြ၏။

ထို့နောက်သက်ကြီးရွယ်အိုများကို အစားအသောက်ဖြင့် တည်ခင်းဧည့်ခံပြီး လာရောက်သောဧည့်သည်များကို ခေါင်ရည် နှင့်စားသောက်ဖွယ်များ ဧည့်ခံကာ အဖွားဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ ကြိုက်နှစ်သက်သော နပန်းပွဲ ပျော်ပွဲရွှင်ပွဲများဖြင့် ဧည့်ခံကျင်းပကြ၏။ ထိုသို့ကျင်းပပြီးမှ စပါးကိုနယ်လှေ့ ချိန်တွယ်လျှင် ပို၍ပွားများလာကာ အထွက်တိုးလာသည်ဟု ယုံကြည်ကြ ၏။ အချုပ်အားဖြင့်ဆိုလျှင် ကရင်လူမျိုးတို့သည် မိမိတို့၏ ဇာတိ၊ ရိုးရာ၊ ဓလေ့ထုံးတမ်းများကို မပစ်ပယ်ဘဲ ပြန်လည်ထိန်းသိမ်းဖေါ်ထုတ်နေကြ၏။ နိုင်ငံတကာကလည်း ကရင်တို့၏ ရိုးရာဓလေ့ပွဲ၊ ယဉ်ကျေးမှုဒုံးအကများကို နှစ်သက်သဘောကျ၍ အားပေးအားမြှောက် ပြုကြ၏။ ထို့ကြောင့် ကရင်လူမျိုးတို့၏ ချစ်စရာကောင်းသော ဓလေ့ထုံးစံများကို နိုင်ငံတကာအလယ်၌ ပြန်လည်ဖေါ်ထုတ်ပြသ၍ လူမျိုးဂုဏ် ဇာတိ ဂုဏ်ကို မြှင့်တင်ပေးသင့်၏။

ဤစပါးစောင့်နတ်သမီး(ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) ပုံပြင်မှ ဘဝပေးသင်ခန်းစာယူရလျှင် ဝါးသီးလာလျှင် ကြွက်ပေါတတ် ၍ သတိရှိရန်လိုကြောင်း ဆင်းရဲလျှင် အားငယ်ရန်မလိုဘဲ ရိုးသား၍ သဘောထားကြီးရန်လိုကြောင်း ဆင်းရဲသူ ကိုအထင် မသေးသင့်ကြောင်း ဒုက္ခရောက်သူကိုတွေ့လျှင် စာနာစိတ်ထား ၍ ကူညီသင့်ကြောင်း စေတနာကောင်းလျှင် ကံကောင်းနိုင် ကြောင်း မရှိဆင်းရဲချိန်တွင် မိသားစုအချင်းချင်း အေးအတူ ပူအမျှ နေထိုင်သင့်ကြောင်း လူကြီးသူမကို ပြုစုလုပ်ကျွေး၍ လူကြီးသူမတို့၏ ဆိုဆုံးမမှုကို ယုံကြည်စွာ လိုက်နာသင့်ကြောင်း လူသားကိုအကျိုးပြုသော သတ္တဝါများအား ပစ်ခတ်ဖမ်းဆီးခြင်း မပြုသင့်ကြောင်း မိမိတို့၏ ကျေးဇူးရှင်ကို အမြဲသတိရ၍ ကျေးဇူး ဆပ်တတ်ရန်လိုကြောင်း မိမိအပေါ် မကောင်းစိတ် ထားသော်လည်း မိမိကူညီနိုင်သည့်အချိန်တွင် အငြိုးမထားဘဲ ပြန်လည် ကူညီသင့်ကြောင်း မိမိတို့၏ ရပ်ရွာ မြို့ ခေါင်းဆောင်များကို အရည်အချင်းရှိ၍ စိတ်ထားမွန်မြတ်သော ဥစ္စာပြည့်စုံသူကို ခန့်အပ်သင့်ကြောင်း မိမိတို့ခြံထွက်ကောက်ဦးသီးနှံများကို ဦးဦး ဖျားဖျား သက်ကြီးရွယ်အိုများကို လှူဒါန်းသင့်ကြောင်း မိမိတို့၏ အသက်သခင် ကျေးဇူးရှင်ဖြစ်သော ဆန်စပါး၊ စားနပ်ရိက္ခာ၊ ရိုးရာဟင်းလျာများကို တန်းဖိုးထား ထိန်းသိမ်းတတ်ရန် လိုကြောင်းမိမိတို့၏ရိုးရာပွဲတွင် ထိခိုက်မှု ရန်ငြိုးထားမှု မရှိနိုင်သော ယှဉ်ပြိုင်ခြင်းကိုသာ ကျင်းပရန်လိုကြောင်း မိမိတို့၏ ဘိုးဘွားဘီဘင် လက်ထက်က ထိန်းသိမ်းလာခဲ့သော ရိုးရာဓလေ့ ထုံးတမ်းများကို ပျောက်ကွယ်မသွားစေရန် စဉ်ဆက်မပြတ် ထိန်းသိမ်းသင့်ကြောင်းစသည့် သင်ခန်းစာများကို နောင်လာ နောက်သားတို့အား မှတ်သားနာယူနိုင်ရန်အတွက် ဤစပါးစောင့် နတ်သမီး (ဖီ.ဗူးယော်/ ဖီးထို့ဘီးဟာ) ပူဇော်ပွဲ တနည်းအားဖြင့် ကောက်သစ်စားပွဲ (အောင်းလောင်ဗူးသောင့်ခူး/ အော့လော်ဗူး သော့ခို့) ပွဲကို နှစ်သစ်ကူးနေ့ရောက်တိုင်း အစဉ်အလာမပျက် ထိန်းသိမ်းကျင်းပနိုင်ရန်အတွက် ရိုးရာဓလေ့အမွေအနှစ်ကောင်း တစ်ခုအဖြစ် ဘိုးဘွားတို့က တန်ဖိုးထား ကျင်းပခဲ့ခြင်းဖြစ် ကြောင်း သိရှိရန် ရေးသားတင်ပြလိုက်ရပါသည်။