ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကရင်ရိုးရာ မီးပုံပူဇော်ပွဲ (နှစ်စဉ်တပို့တွဲလပြည့်နေ့)
Image

တလဂုဏ်၏အဓိပ္ပါယ်

ကရင်ရိုးရာမီးပုံပူဇော်ပွဲ (သို့မဟုတ်) တလဂုဏ်တို့၏ မီးပုံပူ ဇော်ပွဲသည် တလဂုဏ်ဘာသာဝင်များ၏ မီးပုံပူဇော်ပွဲဖြစ်သည်။ “တလဂုဏ်”သည် ပိုးကရင်ဘာသာအသံထွက်ဖြစ်၍ စကောကရင် ဘာသာအသံထွက်မှာမူ“တလာကူ”ဖြစ်သည်။အဓိပ္ပါယ်မှာ တလာ = ပိုင်ရှင်၊ ဂုဏ်=ကျေးဇူးတရား ဖြစ်သောကြောင့် တလဂုဏ် ၏ အဓိပ္ပါယ်မှာ ကျေးဇူးရှင်ဖြစ်သည်။ တနည်းအားဖြင့် ကျေးဇူးရှင် ရသေ့ကြီးကို ဂါရဝပြုသောဂိုဏ်းဖြစ်သည်။ ၎င်းအပြင် ရသေ့ဗုဒ္ဓ ဘာသာကရင်များ၊ ရသေ့ဗုဒ္ဓ ဘာသာဂိုဏ်း၊ ရသေ့ဂိုဏ်း၊ ရသေ့ကရင်ဟူ၍ အမျိုးမျိုးအဓိပ္ပါယ်ကောက်ပြီး၊ “တလဂုဏ်ဂိုဏ်း”၊ “တလဂုဏ်ဘာသာဝင်”၊ “တလဂုဏ်ဂိုဏ်းမျိုးနွယ်စု”စသည်ဖြင့် သုံးနှုန်းခေါ် ဝေါ်ကြသည်။ တလာခုံးဟူ၍လည်းခေါ်ဝေါ်ကြသည်။

တလဂုဏ်အစ ဖူ့စောယော်က

မြန်မာသက္ကရာဇ်(၁၁၁၀)ခုနှစ်ခန့်ကဒေါနတောင်တန်း အရှေ့ ဘက်ဟောင်သရောချောင်းဖျား လိုင်ခိုး နှင့် ထီးမော်ဒေသတို့တွင် တလဂုဏ်အမည်ခံယူသော ဘာသာရေးဂိုဏ်း တစ်ဂိုဏ်း ပေါ်ထွန်း ခဲ့သည်။တလဂုဏ်ဂိုဏ်းကို စတင်ထူထောင်သော ပုဂ္ဂိုလ်မှာ   ရသေ့ ကြီး ဖူ့စောယော် (ခေါ်) ဖူ့စွန်းယို့ ဖြစ်သည်။ ဖူ့စောယော် သည် ညောင်ရမ်းမင်းဆက် နောက်ဆုံးဘုရင်ဖြစ်သော မဟာဓမ္မရာဇာ ဓိပတိ လက်ထက်၌ အင်းဝဘက်ရှိ ထီးမော်နှင့် လိုင်ခိုးရွာများတွင် သီတင်းသုံး၍ သာသနာပြုသည်။ဒေါနတောင်အရှေ့ဘက်ရှိ  ထီးမော် နှင့်လိုင်ခိုးဒေသတစ်ဝိုက်တွင် နေထိုင်ကြသော ကရင်တိုင်းရင်းသား များသည်ထိုအချိန်က ယစ်ပူဇော်ခြင်းကိုသာ ၎င်းတို့၏ မိရိုးဖလာ ကိုးကွယ်မှုပြုကြလေသည်။ ထိုသို့တိရစ္ဆာန်တို့၏ အသွေးအသား ဖြင့် ယစ်ပူဇော်နေခြင်းကို အသီးအပွင့်များဖြင့် လဲလှယ် ပူဇော်လာ အောင်ကြိုးစားခဲ့သည်။စင်စစ်တလဂုဏ်ဘာသာဝင်ဆိုသည်မှာ နတ် ကိုးကွယ်ရာမှဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်၍ ဘာသာ အယူ ဝါဒ ပြောင်းလဲကိုးကွယ်သူများဖြစ်ကြသည်။  မြန်မာသက္ကရာဇ် (၁၁၈၇) ခုနှစ်တွင် ရသေ့ကြီး ဖူ့စောယော် ၏ တပည့် ဘိုးတော်သောကြာ သည် ကျုံဒိုးရွာအနောက်ဘက် သင်္ချိုင်းကုန်းတွင် နေထိုင်ပြီး အနီး အနားရှိ နတ်စားကရင်တို့အား နတ်စားဘဝမှချွတ်၍ ဗုဒ္ဓအယူဝါဒ ကိုဖြန့်ချီသည်။တလဂုဏ်ရသေ့ဗုဒ္ဓဘာသာဂိုဏ်းကိုထူထောင်သည်။ တလဂုဏ်ဘာသာဝင်တို့သည် လောကီရေးဆိုင်ရာ ကျင့်ဝတ်နှင့် လောကုတ္တရာရေးဆိုင်ရာဓမ္မတို့ကို ဖူးရသေ့ကြီးများ၏ ညွှန်ပြသည့် သြဝါဒအတိုင်းမတိမ်းမစောင်း မပြောင်းမလဲလိုက်နာ စောင့်ထိန်းသူ များဖြစ်ကြသည်။

 တလဂုဏ်တို့၏ အခါကြီးရက်ကြီးများ

တလဂုဏ်ဘာသာဝင်တို့သည်ဗုဒ္ဓအယူဝါဒကိုခံယူကိုးကွယ် ကြသော်လည်း အခါကြီးရက်ကြီးများကို ကျင်းပရာ၌ ဗုဒ္ဓဘာသာတို့ ထက် တစ်လစော၍ ပြုလုပ်ကျင်းပကြသည်။ တလဂုဏ်တို့သည် ဗုဒ္ဓဘာသာကို နောက်မှ ကိုးကွယ်ကြသူများဖြစ်သဖြင့် ဗုဒ္ဓဘာသာ ဝင်တို့ ထက် ဦးစေရန် တစ်လကြိုတင်သတ်မှတ် ပြုလုပ်ခြင်းဖြစ် သည်ဟု ရှေးတလဂုဏ်ခေါင်းဆောင်တို့၏ စကားအရ သိရှိရသည်။ ဝါဝင်ပွဲကို နယုန်လပြည့်နေ့တွင်လည်းကောင်း၊ ဝါကျွတ်ပွဲကို တော် သလင်း လပြည့်နေ့တွင် လည်းကောင်း၊ မီးပုံပူဇော်ပွဲကို တပို့တွဲလ ပြည့်နေ့တွင်လည်းကောင်း၊ နှစ်ကူးခြင်းကိုတပေါင်းလပြည့်နေ့တွင် လည်း ကောင်း ပြုလုပ်ကျင်းပကြသည်။

တလဂုဏ်တို့၏မီးပုံပူဇော်ပွဲ

တလဂုဏ်ဘာသာဝင်များနေထိုင်သောကရင်ပြည်နယ်၊ကော့ကရိတ် မြို့နယ်တွင်ကျုံဒိုးရွာကြီးကို ဗဟိုထား၍နှစ်စဉ် မီးပုံပွဲကြီးကို စဉ် လာ မပျက် ကျင်းပလာခဲ့ကြသည်။ မြတ်စွာဘုရား သက်တော် ထင် ရှားရှိစဉ်ကအအေးပိုကဲသောတပို့တွဲလတွင်ဖဝါးတော်၊လက်တော်၊ မီးကင်တော်မူခဲ့ရသော ဒုကုဋ်သင်္ကန်းခြုံတော် မူခြင်းကို အကြောင်း ပြု ၍မီးလွှတ်၊ မီးတင်၊ မီးရှို့ပူဇော်ခြင်းကို ပြုလုပ်ခဲ့ကြသည်။

ဤသည်ကို ရည်ရွယ်လျက် တလဂုဏ်ဘာသာဝင် တို့က နှစ်စဉ် တပို့တွဲလပြည့်နေ့တွင် မီးပုံပွဲကြီးကိုပြုလုပ်ကျင်းပကြသည်။

မီးပုံပွဲအတွက်ပြင်ဆင်မှု

မီးပုံပူဇော်ပွဲတွင်မီးစည်းတိုင်များစိုက်ထူနိုင်ရန်ပင်မ မီးပုံတိုင် ကြီး(၅)တိုင် (အလယ်ဗဟို(မကိုဋ်) တိုင်တစ်တိုင်နှင့် ဘေးတိုင်(အရံ တိုင်)လေးတိုင်)ကို ဦးစွာရှာဖွေ ခုတ်ယူရသည်။ ၎င်းအပြင် ထိုပင်မ မီးပုံတိုင်ကြီးများကို အတန်းသုံးတန်းဖြင့်ချုပ်ပြီး ချည်နိုင်ရန် ဂလန့် (ကန့်လန့်)(၆)ချောင်းကိုလည်းတစ်ပြိုင်တည်းခုတ်ယူရသည်။ အလယ်ပင်မ မီးတိုင်ကြီးသည် ပင်ခြေရင်းလုံးပတ်သုံးထွာ ဆိုင်နှင့် အရှည်(၂၅)တောင်၊ဘေးတိုင်(၄)တိုင်နှင့်ကန့်လန့်တန်း(၆)ချောင်းကို ခြေရင်းလုံးပတ်နှစ်ထွာဆိုင်နှင့်အရှည်(၂၂)တောင်ပြည့်ရသည်။ထို မီး ပုံ တိုင်ကြီးများကို ပြာသိုလဆန်းရက်ရာဇာ ကျရောက်သည့် နေ့ တစ်နေ့နံနက်ပိုင်းတွင်အပြီးခုတ်ယူပြင်ဆင်ရသည်။ထိုမီးပုံတိုင်များ ခုတ်ယူရေးလုပ်ငန်းသည်မီးပုံပူဇော်ပွဲ၏လုပ်ငန်းအစဖြစ်သဖြင့်ချော မောအောင်မြင်ရေးအတွက်ကော်ခိုး(လောကီလူမှုရေးခေါင်းဆောင်၊  ဗူခိုး (လောကုတ္တရာရေး ခေါင်းဆောင်) များက ဦးဆောင်၍ သစ္စာ မဏ္ဍိုင်စေတီတော်ကိုဖူးမျှော်ကန်တော့ကာ ရွက်ဖတ်သရဇ္စျာယ် ဆု တောင်းပြီး သစ်တောထဲသို့ သွားရောက်ကြသည်။ လုံးပတ်အရှည် ကိုက်ညီသောအင်ပင်ကိုကော်ခိုး၊ဗူခိုးများကရွေးချယ်ပေးပြီး ခုတ်လှဲ ၍ အကိုင်းအခက်ရှင်းလင်းအခွံခွာအချောသပ်ပြီး ချက်ချင်းသယ်ယူ ကာ မီးပုံပူဇော်ပွဲကျင်းပရန် ကွင်းအနီးတွင် အနည်းဆုံးတစ်လကြာ နေလှန်းထားရသည်။

၎င်းအပြင် ပြာသိုလပြည့်နေ့မှစ၍ တစ်လခန့် အချိန်ယူပြီး မီးပုံပူဇော်ပွဲနှင့် သက်ဆိုင်သောလုပ်ငန်းများကို စတင်လုပ်ကိုင်ကြသည်-

(၁)   တမို့(ခေါ်) အဌမုဒ်ဂြိုလ်ခွင် ပူဇော်နိုင်ရန် ပစ္စည်းများစုဆောင်းပြုလုပ်ခြင်း။

  (၂)  ထီး၊ တံခွန်၊ ကုက္ကားများ၊ ကြက်လျှာများရက်ခြင်းပြင်ဆင်ခြင်း။

   (၃) ဝါးဘူးများ ဆွမ်းတော်ချက်ရေး၊ ဆွမ်းတော်ကပ်လှူ ရေးလုပ်ငန်းများ(တဝါးဘူး= ဆွမ်းချက်၊ လှူဒါန်းမှုများ အတွက်လုပ်ကိုင်ရသောလူငယ်အမျိုး သားများ)

        (၄) အဌမမုဒ်နှင့် ပူဇော်ရာဌာနအသီးသီးတို့တွင် ဆွမ်းရေ ချမ်း၊    ဆီမီးတင်လှူနိုင်ရန် စင်များ ဆောက်လုပ်ခြင်း၊ ပစ္စည်းများ စုဆောင်းခြင်း။

(က) တမို့(ခေါ်) အဌမုဒ်ဂြိုလ်ခွင်စင်များ

(ခ)  ဘုရားစင်

(ဂ)  ဂြိုလ်(၈) ခွင်စင်

  (ဃ) နတ်ဒေဝါ(၆၃) ပါးစင်

(င)   တမို့မူး(ခေါ်) အမျိုးသမီးများသီးခြား ဆွမ်းတော်တင်စင်

                     (စ)     တမို့ခွား(ခေါ်) အမျိုးသားများ အထူးဂြိုလ်(၈)ခွင်  ဆွမ်းတော်တင်စင်

               (ဆ) တမို့ပလူး(ခေါ်)ကွယ်လွန်  သူများ အတွက် စွန့်ကြဲ ရန်ဌာနစင်

               (ဇ) သစ်တရေး (ခေါ်) သရဲသဘက် များအတွက် စွန့်ကြဲ ရန် ဌာနစင်

       (၅)     ဘုရားစေတီ၊ ပုထိုးသန့်ရှင်းရေး၊  ထုံးသင်္ကန်းကပ်လှူ ခြင်း၊   မီးပုံးပူဇော်ရာနေရာသန့်ရှင်းရေး။

 ပင်မမီးပုံတိုင်များစိုက်ထူခြင်း 

ပင်မမီးပုံတိုင်များကို တပိုတွဲလဆန်း(၈)ရက်နေ့ နောက်ဆုံး ထား၍စိုက်ထူရသည်။ တပိုတွဲလဆန်း(၈) ရက်နေ့သည် ပြဿဒါး ရက်ဖြစ်ပါက ရက်ရာဇာကျရောက်သည့် တစ်ရက်ရက် လဆန်း (၇၊၆၊၅) ရက်၌ ကြိုတင်၍စိုက်ထူရသည်။ ရက်ရာဇာနေ့နံနက်ချိန်    ကော်ခိုး ၊ ဗူခိုးတို့ ဦးဆောင်ပြီး မီးပုံတိုင်စိုက်ထူကြမည့် အကြီးအကဲ များလိုက်ပါ၍ ဦးစွာတလအေမို့ (သစ္စာမဏ္ဍိုင်)စေတီကို ပူဇော်ရ သည်။ ရွတ်ဖတ်သရဇ္ဈယ်ဆုတောင်းကြသည်။ ဆရာတော်က ပင်မ မီးပုံတိုင်များကိုအမွှေးနံ့သာပက်ဖျန်းပြီးကော်ခိုးနှင့် ဗူခိုးအကြီးအကဲ များကအမွှေးနံ့သာဖြင့်ဆက်လက်ပက်ဖျန်းကြသည်။ ထို့နောက် ဦးစွာ(၂၅)တောင်ရှည်သော ပင်မမီးပုံတိုင်ကြီးကို စိုက်ထူရသည်။ နောက်မှ ဘေးတိုင် (အရံတိုင်)ကို အရှေ့အရပ်၊ တောင်အရပ်၊ အနောက်အရပ်၊မြောက်အရပ်များတွင် လက်ယာရစ်လျက် အစဉ်အတိုင်း စိုက်ထူကြရသည်။ ပင်မမီးပုံတိုင်ကြီးနှင့် ဘေး တိုင်များတို့သည် တစ်တိုင်နှင့်တစ်တိုင် (၇)တောင်အကွာအဝေးရှိရသည်။ကန့်လန့်(၃)ဆင့်တွင် မြေမြှုပ် နှစ်တောင်၊ မြေပြင်မှ ပထမ ဆင့်(၂) တောင်၊ ပထမဆင့်မှ ဒုတိယဆင့် (၁)တောင်ထွာနှင့်  ဒုတိယ ဆင့်မှ တတိယဆင့်ထိ တစ်တောင်ထွာစီ အကွာအဝေးရှိရသည်။ ပင်မမီးပုံတိုင် စတင်စိုက်ထူသောအခါ၌ တဝါးဘူးတို့က ကျွဲချို၊ ဖားစည်၊ မောင်း၊ လင်းကွင်းများ တီးမှုတ်ပူဇော်ပြီး ဒုံးအဖွဲ့များက လည်းဒုံးအကများ၊ဒုံးတေးသီချင်းများ၊ယာထညား(ခေါ်) ဆုတောင်း ပတ္ထနာတေးသီချင်းတို့ဖြင့် အသီးသီးသီဆိုကြပြ ပူဇော်ကြကာ တပျော်တပါး စိုက်ထူကြသည်။        

မီးစည်းတိုင်များခုတ်ယူခြင်း

    ပင်မမီးပုံတိုင်ကြီးများကို ခုတ်ယူပြီးနောက်လဆန်းရက် ပြဿဒါး လွတ်သောနေ့များတွင် ရွာသူရွာသားများသည်    မီးစည်းတိုင်များ ကိုတပျော်တပါးခုတ်ယူကြသည်။ မီးစည်းတိုင်များအတွက် သက်ရင်း ပင် (သို့) သျှီသျှားပင်ကိုအဓိကထားခုတ်ယူကြသည်။ အရေးကြီး သည်မှာ မီးစည်းတိုင်သည် မိမိအရပ်ထက်ရှည်နေရမည်။ မိမိနှစ် သက်သောအပင်ငယ်များကိုခုတ်ယူပြီးအကိုင်းအခက်များရှင်းလင်း၍ထိပ်ဖျားတွင်အရွက်အနည်းငယ်ချန်ထားရသည်။အိမ်ရောက်လျှင်အမွှေးနံ့သာနနွင်းတို့ကို လိမ်း ကျံ၍ ခြောက်သွေ့ အောင်စနစ်တကျနေလှမ်းထားရသည်။မီးစည်းတိုင်များကို သက်စေ့ နှင့်သက်ဆက်သဘော အပိုတစ်ချောင်းထား၍ စည်းနှောင်ခြင်း၊ လူပျိုအပျိုတို့ကသစ်ပင်ငယ်နှစ်ချောင်းစည်းနှောင်၍လည်းကောင်း၊ ဘုရား၊ တရား၊ သံဃာရည်စူး၍ လည်းကောင်း၊ အနန္တော၊ အနန္တငါးပါး၊ဇနီးမောင်နှံစုံတွဲ စသည်တို့ကိုရည်ညွှန်း၍ တစ်ချောင်း၊ နှစ်ချောင်း၊ သုံးချောင်းတွဲမှအများဆုံးအချောင်း (၅၀)ထိ စည်းနှောင်ပူဇော်ကြသည်။အချို့ကလည်းဆံကေသာ နူးညံ့ကောင်းမွန်ရေးကို ရည်စူးဓိဌာန်ကာ ကိုင်းပင်၊ သက်ငယ်ပင်များကို စည်းနှောင် ပူဇော် ကြသည်။မီးစည်းတိုင်ကိုအခိုင်အခန့်သုံးဆင့်စည်းနှောင်ကြရသည်။

မီးစည်းတိုင်တို့တွင် ဆုတောင်းစာ များကိုလည်း တွဲလောင်းချိတ်ဆွဲ ထားကြသည်။ မီးစည်းတိုင်များ စိုက်ထူပူဇော်ရန် တပို့တွဲ လဆန်း (၈)ရက်နေ့မှ(၁၄)ရက်နေ့ညနေပိုင်းအထိ အချိန်ရသလို လာရောက် စိုက်ထူပူဇော် ကြသည်။

ပူဇော်ရာဌာန(၁၀)ဌာန

       မီးပုံပူဇော်ပွဲတွင် ပူဇော်ရာဌာန(၁၁)ခုကို ပွဲတော်ရက်အတွင်း ပူဇော်ကြရသည်။ ထိုသို့ပူဇော်ရာတွင် နံနက်ပိုင်းတွင် ဆွမ်းတော်၊ ရေချမ်း၊ပျားဖယောင်းတို့ဖြင့်လည်းကောင်း၊ညနေပိုင်းတွင်ပန်းကတော့၊ပျားဖယောင်းတို့ဖြင့်လည်းကောင်း၊ သတ်မှတ် ထားသော အရေအတွက်အတိုင်း ကော်ခိုးဗူခိုးတို့ ဦးဆောင်ကာ ပူဇော်ကြရ သည်။ ပူဇော်ရာနေရာဌာန(၁၁)ခုမှာ-

(၁) တလအေမို့(ခေါ်) သစ္စာမဏ္ဍိုင်စေတီ (ကျောက်ပုံ၊အရိုးကူ စေတီ သုံးဆူ)

(၂) စူဠာမုနိစေတီတော်

(၃) ဂြိုလ်ခွင်ပူဇော်ခြင်း (ဘုရားစင်၊ တရားစင်၊သံဃာစင်၊ ဂြိုလ် (၈)ခွင်၊ နတ်ဒေဝါ(၆၃)ပါး)

(၄) ဓာတ်တော်စေတီ(၃)ဆူ

(၅)  ရှင်သီဝလိမထေရ်ရုပ်ထု

(၆) သြသရဲအန္တရာယ်ကင်းစေတီ (နောင်တော်ကြီးစေတီ ၊  ညောင် စောင့်ဘိုးဘိုးကြီး)

(၇)  တမို့ခွား(ခေါ်)အမျိုးသားစင်၊ တမို့ခွား(ခေါ်)အမျိုးသမီးစင် ကိုမူ ပူဇော်ခြင်းမပြု၊ တင်လှူခြင်းသာ

(၈)   တမို့ပလူး(ခေါ်)ကွယ်လွန်သူများနေရာ

(၉)   မီးပုံတိုင်ကြီး(ဂြိုလ်ခွင်ရှစ်မျက်နှာ)

(၁၀) ဂန္ဓကုဋီတိုက် မဟာမြတ်မုနိ

(၁၁) ရသေ့ကျောင်းဘုရားကိုးဆူ

အထက်ပါ(၁၁)ဌာနကို ပွဲတော်ရက်အတွင်း(၆)ကြိမ်ပူဇော်ရသည်။

(၁) တပို့တွဲလဆန်း(၁၂)ရက်နေ့ (ညနေပိုင်း)

(၂) တပို့တွဲလဆန်း(၁၃)ရက်နေ့ နံနက်ပိုင်း(အာရုဏ်တက်ချိန်)

(၃) တပို့တွဲလဆန်း(၁၃)ရက်နေ့ (ညနေပိုင်း)

(၄) တပို့တွဲလဆန်း(၁၄)ရက်နေ့ နံနက်ပိုင်း(အာရုဏ်တက်ချိန်)

(၅) တပို့တွဲလဆန်း(၁၄)ရက်နေ့ (ညနေပိုင်း)

(၆) တပို့တွဲလဆန်း(၁၅)ရက်နေ့ (လပြည့်နေ့)နံနက်ပိုင်း

တင်လှူရသောအရာအားလုံးသည် သက်သတ်လွတ်၊ အသွေးအသား လုံးဝမပါရှိချေ။

ရှို့တင်ပူဇော် မီးအလှူတော်

မီးပုံတိုင်(ပင်မ)နှင့် အရံဘေး(၄)တိုင်တို့၏ ထိပ်ဖျားတွင် နှီးတံ နှီးပြားတို့ဖြင့် သပ်ရပ်စွာရက်လုပ်ထားသောထီးတော်များကို ဝါးချော တစ်ချောင်းဖြင့် ချည်နှောင်စိုက်ထူထားသည်။ ထိုထီးတော် တို့သည် ဘုံဝန်း(၇)ဆင့်ရှိပြီး အောက်တွင် သစ်သားညောင်ရွက် (၉) ရွက်စီချိတ် ဆွဲထားသည်။

တပို့တွဲလပြည့်နေ့နံနက်(၄)နာရီတွင်ကျောင်းထိုင်ဆရာတော် အား သွားရောက်ပင့်ဆောင်သည်။ ဆရာတော်သည် မီးပုံတိုင်ကြီး၏ မြောက်ဘက် သတ်မှတ်နေရာတွင် မတ်တပ်နေရာယူပြီး ပရိသတ် တို့က မီးပုံတိုင်ကြီးပတ်လည်တွင် ထိုင်ပြီးနေရာယူကြသည်။  ဆရာ တော်ကဆီးမီးပူဇော်ခြင်း၊ ဆုတောင်းခြင်းတို့ကို ဦးဆောင်တိုင်ပေး ၍ ပရိတ်သတ်က လိုက်ဆိုကြသည်။ ထို့နောက် အမျှပေးဝေပြီး သာဓု (၃) ကြိမ် ပြိုင်တူရွက်ဆိုကြသည်။ထိုသို့ပူဇော်အမျှပေးဝေပြီးနောက်ဆရာတော်ကြီးက အသင့် ထွန်းညှိထားသော ပျားဖယောင်းတိုင်ကြီးကို ကိုင်ယူ၍ သက်ကယ် စည်းဖြင့် ပြုလုပ်ထားသောမီးစည်းကို ထွန်းညှိကူးယူလေသည်။ မီးတောက်လျှင် ပရိသတ်တို့က ကိုင်းစည်းကိုမီးကူးပြီး မီးရှို့တင်လှူ   ပူဇော်ကြသည်။

မီးလောင်ကျွမ်းသောအချိန်တွင် မီးတောက် ၊ မီးညွန့်တောက် လောင်မှုအခြေအနေ၊ မီးမြူးသောအခြေနေကိုကြည့်၍ အတိတ် နိမိတ် ဖတ်ကြသည်။ ရာသီဥတု ကောင်းမည်/ဆိုးမည်၊ ကောက်ပဲ သီးနှံ ပေါမည်/ဆုတ်ယုတ်မည်၊ ရောဂါဘယထူပြောမည်/ သက်သာ မည် စသည်ဖြင့် အတွေ့အကြုံရှိသူ၊ ကျွမ်းကျင်သူများ၊ ကော်ခိုး၊ ဗူးခိုးလူကြီးများကအဟောထုတ်ကြသည်။ပင်မမီးပုံထိပ်ပေါ်က ထီးတော်ကြီးနှင့် အရံတိုင်(၄)တိုင်မှ ထီးတော်များမီးလောင်ပြုတ်ကျ မြေ ခသော အခြေအနေကိုကြည့်ပြီး တိုင်းပြည်အေးချမ်းမည်၊ ဆိုးမည်၊ အကြီးအကဲများ စန်းပွင့်မည်၊ ခေါင်းရှုပ်မည်၊ ပြည်သူပြည်သားများ တိုးတက်ချမ်းသာမည်၊ ဘေးအန္တရယ်တွေ့ကြုံနိုင်သည် စသည်ဖြင့် ဟောကိန်းထုတ်ကြသည်။

တပို့တွဲလပြည့်နေ့တွင်မီးပုံတိုင်ကြီးကိုမီးတင်ရှို့ပြီးလျှင် မီးပုံ ပူဇော်ခြင်း ပြီးဆုံးသွားသည်။  မွန်းလွဲပိုင်းတွင် ငါးပါးသီလ ခံယူပြီး တရားတော်နာ အလှူတော်ရေစက်ချကြသည်။