ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

အောပွဲ(ခေါ်) တေးသီချင်းသီဆိုပွဲ
Image

အရှေ့ပိုးကရင်များ အမြတ်တနိုး ထိန်းသိမ်း မြှင့် တင်သော ရိုးရာဓလေ့များအနက် အောပွဲ (ခေါ်) တေးသီချင်းသီဆိုပွဲသည် တစ်ရပ်အပါအဝင်ဖြစ်သည်။ ကရင်လူမျိုးတို့၏ နှုတ်မှု သီချင်းသီဆိုရာတွင် အောပွဲ သည် ရှေးအကျဆုံးဖြစ်သည်။

အောပွဲကို အရှေ့ပိုးကရင်စကားဖြင့် ‘ဆအိုင် လောင်’ ဟူ၍ ခေါ်ကြသည်။အချို့ဒေသ တွင်‘ထာခိုးပွယ်’ ဟူ၍လည်း ခေါ်ကြသည်။

ကရင့်အခေါ် ‘ဆအိုင်လောင်’ သည် လက်ဝှေ့ ရေး ပြခြင်း ဟူ၍ အဓိပ္ပါယ်ရသည်။ တစ်နည်းမှာ ကိုယ်ကာယ ကြံ့ခိုင်မှုကို အလှပြခြင်း ဟူ၍လည်း မှတ်ယူနိုင်သည်။ ‘ထာခိုးပွယ်’ သည် တေးသီဆိုပွဲဟု အဓိပ္ပါယ်ရသည်။

အောပွဲသည်ကရင်လူမျိုးတို့၏အပျိုလူပျိုပွဲ ဖြစ် သည်။ အပျိုလူပျိုများမိတ်ဆက်ခြင်း၊အချင်းချင်း ရင်းနှီး မှုရှိစေခြင်းကိုအကြောင်းပြု၍ကျင်းပကြသည်။ ထို့ကြောင့် အပျိုလူပျို မစစ်သူများ၊ တစ်ခုလပ်၊ မုဆိုးဖို များ၊ မုဆိုးမများ ပါဝင်သီဆိုခွင့် မရှိရချေ။ အချို့ဒေသ များတွင် အပျိုလူပျိုပင် ဖြစ်သော်လည်း လူမှုရေး အမည် ပျက်ရှိဖူး ပါက ပါဝင်ခွင့်မပြုကြချေ။

အောပွဲ ကျင်းပရာတွင် ညအခါ၌သာ ကျင်းပ ကြ သည်။ကျင်းပရာတွင်လည်းတစ်ညသာဖြစ်သည်။ အောပွဲ ကျင်းပရာတွင် သာရေးနာရေးပွဲ၊ အလှူပွဲ၊ ရှင်ပြုပွဲ၊ မည် သည့်ပွဲမဆို ကျင်းပ၍ ရနိုင် သည်။

ရှေးကရင်လူမျိုးတို့၏ လူနေမှုစနစ်တွင် တစ်ဉီး တစ်ယောက် သေဆုံးလျှင် (ဆ်ုဆာ့ကျင်) ခေါ် လိပ်ပြာတင်းကုတ်ကို ဆောက်ရသည်။ ညအခါတွင် အပျိုလူပျိုများ ရောက်ရှိလာကြပြီး လိပ်ပြာတင်းကုတ် တိုင်ကို ပတ်၍ သီချင်း၊ လင်္ကာများကို ဆိုကြသည်။

ထိုသို့ ဆိုကြရာတွင် လုလင်ပျိုတို့ကတစ်ဖက်၊ လုံမေ ပျိုတို့ကတစ်ဖက် အမေးအဖြေ သီချင်းဖြင့် သီကုံး ၍ သီဆိုကြသည်။ တစ်ဖက်နှင့် တစ်ဖက် တေးပြိုင်သော သဘောဖြင့် လင်္ကာ၊ ကဗျာ၊ စကားထာများကို သီချင်းဖွဲ့ ၍ ဆိုကြသည်။ ထိုမှ တေးသီပွဲ (သို့မဟုတ်) အောပွဲသည် အစပြုခဲ့သည်ဟု ဆိုကြသည်။

သမိုင်းအရ ကရင်လူမျိုးများ အရှေ့တရုတ်ပြည် ယန်စီမြစ်အနီး တောတောင်များတွင် အခြေချ နေထိုင် ခဲ့စဉ်က တောင်ယာကိုအဓိက လုပ်ကိုင်စား သောက်ကြ သည်။ တောင်ယာစပါးကို ရိတ်သိမ်း၍ တလင်းများတွင် စပါးများကို ခြွေချသည့်အခါ ညီညာကခုန်၍ တေးကဗျာ များကိုသီဆိုကြသည်။ထိုသို့သီဆိုရာမှနောင်အခါ တေး သီ ပွဲ (သို့မဟုတ်) အောပွဲ တည်ရှိလာကြောင်း ဆိုစမှတ်ပြုကြသည်။

ရှေးအခါက ကျေးလက်ဒေသများတွင် ဓာတ်မီး များ၊ လျှပ်စစ်မီးများ မထွန်းညှိ နိုင်သေး၍ ညအခါ အောပွဲကျင်းပရာတွင် မီးတုတ်၊ မီးတိုင်များထွန်းခြင်း၊ မီးဖိုခြင်းဖြင့် အလင်းရောင်ရအောင် ပြုလုပ်ယူကြ သည်။ အောပွဲကျင်းပနိုင်ရေးအတွက် ကျင်းပမည့် ရွာခံအပျို လူပျိုတို့က ထင်းချောင်းများ၊ မီးတိုင်များကို ကြိုတင် စုဆောင်းထားကြရသည်။

အောပွဲကျင်းပမည့် ရွာသည် အခြားရွာနီး ချုပ် စပ်မှ အပျိုလူပျိုများထံသို့ ကြိုတင် အကြောင်း ကြားရ သည်။ အကြောင်းကြားရာတွင် ဖိတ်ကြားသည့် သဘော ဖြင့် ‘ခွိုက်လားဖာဘွန်း’ ခေါ် လက်ဖက်ထုပ် ကမ်းခြင်းဟု ဆိုအပ်သော ကွမ်းယာထုပ်များကို ပေးပို့ ကမ်းလှမ်းရလေ သည်။ အခြားရွာမှ အပျိုလူပျိုများသည် ကွမ်းယာထုပ် ရရှိလျှင် အောပွဲရှိကြောင်း သိရှိကြလေ သည်။ ခွိုက်လား ဖာဘွန်း ခေါ် လက်ဖက်ထုပ် ကမ်းရာတွင် ပစ္စည်းအရာ ဝတ္ထုတို့ဖြင့် သ‌င်္ကေတ ပြုကြသည်။

-မီးသွေးခဲကို ထုပ်၍ ဖိတ်ကြားလျှင် မဖြစ် ဖြစ်အောင် လာရောက်ရန် ဆိုလိုသည်။ (မီးသွေးခဲသည် ကရင့်အခေါ် ‘သွားထွန်’ ဖြစ်သည်။ ‘ထွန်’ ဟူသော အသံထွက်ကို ယူ၍ ‘ဂဲလာအေးထွန်’ ရောက်အောင် လာပါ ဆိုလိုခြင်း ဖြစ်သည်။)

- ဆေးရွက်ကို ထုပ်၍ ဖိတ်ကြားလျှင် အုတ်အုတ် ကျွတ်ကျွတ်လာနိုင်ကြောင်းဆိုလိုသည်။  (ဆေးရွက်သည်  ကရင့်အခေါ် ‘ယာ့သောက်’ ဖြစ်သည်။ ‘သောက်’ ကို ယူ၍ ‘ဂဲလာအေးသောက်’ အုတ်အုတ် ကျွတ်ကျွတ် လာပါ ဆိုလိုခြင်း ဖြစ်သည်။)

- ထုံးကို ထုပ်၍ ပို့လျှင် အောပွဲတွင် လက်ဝှေ့ရေး ပြနိုင်ကြောင်း ဆိုလိုသည်။ ထုံးသည် လက်ဝှေ့ထိုးခြင်း ‘ပွယ်မစ်’ တွင် ထုံးကွင်း၊ ထုံးမန်း အသုံးပြုတတ်ခြင်းကို ရည်ရွယ်ခြင်း ဖြစ်သည်။

      - ငရုတ်သီးကို ထုပ်၍ ပို့လျှင် အမြန် လာရောက်ရန် ဖိတ်ခေါ်သည့် သဘော ဖြစ်သည်။ ငရုတ်သီးသည် ကရင့် အခေါ် ‘ဆဂဲသား’ ဖြစ်သည်။ ငရုတ်သီး သဘောသည် ပူစပ်ပူလောင်ဖြစ်ပြီးစားလျှင်ချွေးများ စို့တတ်လာ၍ ချွေး တစို့စို့နှင့် အလျင်အမြန် လာရန် သဘော ဖြစ်သည်။

- မရမ်းရွက်ကို ထုပ်၍ ပို့လျှင် အေးအေး ချမ်းချမ်း ညီညီ ညွတ်ညွတ်လာရန် သဘော ဖြစ်သည်။  (မရမ်းရွက်သည် ကရင့်အခေါ်‘ဟောင်လား’ ဖြစ်သည်။ ဟောင်၏ သဘော မှာ ‘ဟူ့ဟောင်’ ညီညွတ်ခြင်း ဖြစ်၏။)

- ဖွဲနု ထုပ်၍ ပို့လျှင် အောပွဲသို့ ပျော်ရွှင် ချမ်းမြေ့စွာလာ ရောက်ရန် ဖြစ်သည်။ (ဖွဲနုသည် ကရင့်အခေါ် ‘ဖိမောက်’ ဖြစ်သည်။ ‘မောက်’ သည် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း အဓိပ္ပါယ် သက်ရောက်သည်။)

-သရက်ရွက်ကို ထုပ်ပိုး၍ ဖိတ်ကြားလျှင် အောပွဲတွင် စောင့်နေသည် ဆိုလိုသည်။ (သရက်ရွက်သည် ကရင့်အခေါ် ‘ခိုလား’ ဖြစ်သည်။‘ခိုလား’အဓိပ္ပါယ်သည် စောင့် မျှော်နေသည့် သဘောဖြစ်သည်။)

ရှေးက အောပွဲ ကျင်းပရာတွင် ကွင်းအလယ်၌ ထင်းများ စုပုံပြီး မီးလင်းဖိုကြီးများ ဖိုထားလေသည်။ မီးလင်းဖိုနှင့် ခပ်လှမ်းလှမ်း တစ်နေရာတွင် နှဲ၊ လင်းကွင်း၊ ပတ်မ၊ ဗုံများနှင့် တီးမှုတ်ပေးလေသည်။ အမျိုးသမီးပျို များသည်အမျိုးသားလူပျိုများကို ငံ့လင့်နေသည့် သဘော ဖြင့် မီးပုံဘေးတွင် တန်းစီ၍ နှစ်ယောက်တစ်တွဲ၊ အချို့ သုံးယောက်တစ်တွဲ ထိုင်နေကြသည်။  

လူပျိုကာလသားများကဆိုင်းချက်ညီညီနှင့်အင်္ကျီချွတ် ခတောင်းကျိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် လက်ဝှေ့ရေး ဝင်ရောက်ပြကြသည်။

ရပ်ဝေးမှ အပျိုလူပျိုများ အောပွဲကျင်းပရာသို့ ရောက်ရှိသည့်အခါ ချက်ချင်း မဝင်ရောက်သေးပဲ အပြင် တွင် ကိုယ့်အုပ်စုနှင့် ကိုယ်ရပ်စောင့်နေကြသည်။ ရွာခံ အပျိုလူပျို တို့က ထွက်ကြိုပြီး အမျိုးသမီးပျို များက ရွာခံ အပျိုများနှင့်အတူ မီးအလင်းရောင် ရှိရာသို့ သွားရောက်၍  စီတန်းထိုင်ကြသည်။ လူပျိုကာလသား တို့ကိုလည်း ရွာခံ ကာလသားများသွားရောက် ခေါ ဆောင် လာပြီး လက်ဝှေ့ ရေး ဝင်ရောက်ပြကြသည်။

လက်ဝှေ့ရေး ဝင်ရောက်မပြဝံ့သူများကို ပြောင် လှောင်သည့်သဘောဖြင့် လက်ဝှေ့ရေး ပြသူ များနောက် မှ လုံချည်၊ အင်္ကျီဝတ်ထားသော လူငယ် တစ်ယောက်က လူတကာ၏ အင်္ကျီ၊ လုံချည်ထုပ်ကို ထမ်းပိုးကာ ခပ်နွဲ့နွဲ့ မိန်းမရှာဆန်ဆန် ရယ်ရွှင်ဖွယ် သဘောဖြင့် လျှောက်ပြ သည်။ ထိုအခါ မြင်ရသူတို့က တဟေးဟေး၊ တဝါးဝါး လှောင်ပြောင်ရယ်မောကြ သည်။

ရှေးကရင် အမျိုးသားများ၊ ဆေးမင်ကြောင်များ၊ ထိုးကွင်းများကိုမထိုးမဖြစ် ထိုးကြခြင်းမှာ ယောက်ျား ဖြစ်ကြောင်း၊ ယောကျ်ားပီသကြောင်း ရည်ရွယ်ခြင်း တို့အပြင်အောပွဲလက်ဝှေ့ရေးပြရာတွင်လည်း ကိုယ်ခန္ဓာ တွင် ပွေး၊ ညှင်း၊ ဝဲများ ပေါက်ပါက ထင်ရှားစွာ မမြင် နိုင်အောင် ကာကွယ်မှုတစ်ရပ် အဖြစ်လည်း ဆေးမင် ကြောင် ထိုးကွင်း ထိုးသူများ ရှိသည်ဆို၏။

ကိုယ်ခန္ဓာ ကြံ့ခိုင်၍ ယောကျ်ားပီသသော်လည်း အောပွဲ တွင်လက်ဝှေ့ရေးဝင်ပြခွင့်မရှိသူများလည်းရှိတတ်သည်။ထိုသူတို့မှာ အချို့က ရည်းစား ထား ရှိပြီး တကယ်တမ်း လက်ထပ်ရန် လူသိရှင်ကြား ကြေညာထားသူများ၊ အချို့ မှာရည်းစားကတကယ်တမ်း လက် ထပ်မည် ကတိပြုပြီး ချစ်သူရည်းစားထံမှ ကတိသစ္စာအဖြစ် စောင်ဖြူလက် ဆောင်ရထားပြီး ဖြစ်သော်လည်း ရည်းစားက အခြား တစ်ဉီးနှင့် လက်ထပ် သွားသူများ ဖြစ်သည်။ ချစ်သူဆုံးရှုံး သူများ လက်ဝှေ့ရေး ဝင်ပြပါက (ဖလုံ မူးနောင်မိုက်ကာ) ချစ်သူကစွန့်ပစ် ထားသူ ဟူ၍ ဝိုင်းဝန်း လှောင်ပြောင် ကြသည်။
ဤသည်ကို မခံမရပ်နိုင်သူ လူပျိုအချို့က တစ်ချိန် က ချစ်သူပေးထားသော စောင်ဖြူကို အပျိုစင် များရှေ့ တွင် မီးပုံထဲ ထည့်ပြီး မီးရှို့လိုက်သည်။ ထိုသို့ ပြုခြင်းမှာ မိမိမှာ ရည်းစား မရှိတော့ပဲ လူပျိုအဖြစ် ရှိနေကြောင်း ကြေညာသောသဘောဖြစ်သည်။
(မှတ်ချက်။ ရှေးကရင်လူပျိုအပျိုများသည် ချစ်သူ ဘဝအဖြစ် သုံးနှစ်သုံးမိုး အချိန်ယူပြီးမှ လက်ထပ လေ့ရှိ သည်။ လက်ထပ်မည့်အရေးကို နှစ်ဉီးသဘောတူသည့် အခါ စောင်ဖြူကို သစ္စာကတိအဖြစ် အချင်းချင်း လက် ဆောင် လဲလှယ်ထားလေ့ ရှိသည်။(
စင်စစ်အားဖြင့်အောပွဲတွင်လက်ဝှေ့ရေးပြခြင်းမှာ အောပွဲ၏ နိဒါန်းအစပျိုးခြင်း ဖြစ်သည်။ ယောကျ်ား တို့၏ ကိုယ်ခန္ဓာ ကြံ့ခိုင်ပြည့်ဖြိုး၍တင့်တယ်ခြင်း၊ ကျန်းမာ သန် စွမ်း ခြင်းကို ပြသခြင်း ဖြစ်သည်။ လူပျိုတို့၏ တင့်တယ် ကျန်းမာသန်စွမ်း ခြင်းကိုအပျိုစင်တို့ကကြည့်ရှု မှတ်သား ထားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ တစ်နည်းမှာ လူပျို ကာလသား များကို အမျိုးသမီးများက အကဲခတ် ခွင့် ပေး ထားခြင်း ဖြစ်၏။
လက်ဝှေ့ရေးပြ၍ ပြီးလျှင် အပျိုစင်များ ချော မချော လှမလှကို လူပျိုတို့က ကြည့်ရှုအကဲ ခတ်ခွင့် အလှည့်ရောက်လာသည်။ ထိုအခါ မိမိတို့ အဝတ်အစားကို သပ်သပ်ယပ်ယပ် ဖြန့်ဝတ်ပြီး တန်းစီ ထိုင်နေသော အပျို စင်များရှေ့တွင် နှစ်ယောက်တစ်တွဲ၊ သုံးယောက် တစ်တွဲ စသည်ဖြင့် လူးလာလျှောက်၍ ကြည့်ရှုလေသည်။
ထိုသို့ ခေါက်တုန့်ခေါက်ပြန် တွဲလျှောက်ပြီး မိမိ သဘောကျသောအတွဲ (သို့မဟုတ်) ဧည့်သည် အမျိုးသမီး ပျိုတွဲရှေ့တွင် ထိုင်ချပြီး မိတ်ဆက်စကား ဆိုလေသည်။ မိတ်ဆက် စကားဆိုရာတွင် အမျိုးသမီး အမည်၊ နေရပ် များ ကို မေးမြန်းခြင်း၊ မိမိအမည် နေရပ်ကို ပြောဆို ဖြေကြား ခြင်းကို ပြုကြသည်။ ကရင့်အခေါ်အားဖြင့် “ခလိုင်ကွေ” မိတ်ဆက် စကား ဆိုခြင်း၊ အောပွဲတွဲရန် စကားဉီးသန်းခြင်းဖြစ်သည်။
“ခလိုင်ကွေ” ခေါ် မိတ်ဆက်စကား ဆိုခြင်းကို တစ်နေရာပြီး တစ်နေရာ ထိုင်ချ မိတ်ဆက်ရာတွင် ရိုးရိုး စကားဖြင့် ဆိုခြင်းရှိသလို စကားထာ၊ တေးလင်္ကာ တို့ဖြင့် ကျွမ်းကျင်သလိုထေ့ခြင်း၊ငေါ့ခြင်းလည်း ရှိပေသည်။ အချို့ သောအမျိုးသမီးပျိုတို့သည်တေးကဗျာ၊လင်္ကာကျွမ်းကျင် ၍နှုတ်သွက်၊ရုပ်ရည်လည်း တင့်တယ်လျက်ရှိရာ ထိုအတွဲ ရှေ့သည် လူပျိုကာလသားများ မစဲနိုင်ရှိတတ်သည်။ စင်စစ် “ခလိုင်ကွေ” ကို တေးကဗျာ၊ လင်္ကာကျွမ်းကျင် ခြင်း၏ နှုတ်ရေး ယှဉ်ပြိုင်ခြင်း ပင်ဟု ယူဆရပေမည်။
“ခလိုင်ကွေ”ခေါ် မိတ်ဆက်စကားဆိုရာတွင် အချိန် အား ဖြင့်ညဆယ်နာရီခန့်အထိ ခွင့်ပြုလေ့ရှိ သည်။ ထိုအချိန် ရောက်လျှင် ရွာခံလူပျိုကာလသားတို့က အောပွဲ စတင်ရန် အချိန်တန်ပြီဖြစ်၍ မိတ်ဆက် စကားဆိုခြင်းကို ရပ်ဆိုင်း ရန် တေးသီချင်းဆို၍ အချက်ပေးလေသည်။
(မှတ်ချက်။ တေးသီချင်း ဆိုရာတွင် မျက်နှာကို မမြင်စေရန် စောင်၊ မျက်နှာသုတ်ပုဝါ၊ လက်ကိုင်ပုဝါကို အသုံးပြု၍ ကာထားကြလေသည်)
ဟေး - ယှား ဖာဒွတ် - လောင်နောက်ခွိုက်ဝေ
 ဗလယ်ဒိုက်ယား၊ လော်နီး လောက်ကွေ။
အချိန်အားဖြင့်သောကြာကြယ်ကြီးပင်          အ နောက် ကျွန်းသို့ ယွန်းရှာလေပြီ။ ဤမျှ အချိန်အထိ မိတ်ဆက်စကားဆိုမှုကို ရပ်ဆိုင်းရန် တန်လှပေသည် ဟူ ၍ ဖြစ်သည်။
ထိုသို့ရွာခံလူပျိုများက တစ်တွဲပြီးတစ်တွဲ၊ တစ် ကျော့ပြီးတစ်ကျော့ သတိပေး တေးသီချင်းဖြင့် သတိပေး အချက်ပြခြင်းပြုကြပြီးအောပွဲစတင်ရန်ထပ်မံတိုက်တွန်း ပြန်လေသည်။ လူပျိုများသည် နှစ်ယောက်တစ်တွဲ၊ သုံး ယောက်တစ်တွဲဖြင့်   ကိုယ့်အတွဲနှင့်ကိုယ် မိမိကြိုက် နှစ် သက်သော ပျိုမေများ ရှေ့ကိုးတောင်ကွာ၊ ဆယ်တောင် ကွာတွင် မတ်တပ်ရပ်ပြီး ပုဝါဖြူ (သို့မဟုတ်) စောင်ဖြူ၊ လက်ကိုင်ပုဝါတို့ကို လက် တစ် ဖက်စီ ကိုင်ထားလျက် မျက်နှာကို ကွယ် ထားပြီး တေးသီချင်းဖြင့်ဆက်သွယ် ကျူးရင့်လာ ကြသည်။
(မှတ်ချက်။ကရင်အောပွဲတွင်အများအားဖြင့် နှစ်ယောက် တွဲသာ များသည်။ အချို့က လူပျိုငယ်၊ အပျို ပေါက်စ ကလေးတို့ကို လက်ထပ်သင်ကြား ပေးသည့် သဘော ဖြင့် ညှပ်၍ သုံးယောက်တွဲခြင်းလည်း ရှိ၏။(
ဟေး - လိုက်သိတ် ဖိုးယူဆ ဖိုးဖောင့်၊
အောင်းဟူးသိန်း၊ ထိုင်မာဆွန်းလောင်။
သိန်းငှက်ကလေးဟာ  ကောင်းကင်ဝေယံ တွင် ပျံဝဲလျက် ရှိနေပါသည်။ သိန်းငှက်ကလေး ခိုနားလို၍ သစ်ကိုင်းကို ရှာနေပါသည် ဟူသော အဓိပ္ပါယ်ဖြင့် သီချင်း သီဆိုလေသည်။
မောင်လူပျိုတို့အတွက် ရွေးချယ်ပြီး သိန်းငှက် ကလေး လာရောက်ခိုနားနိုင်ကြောင်း တေးသီချင်းဖြင့် တုံ့ပြန် ဖိတ်ခေါ် လေသည်။ မိမိတို့ ကြိုက်နှစ်သက်ခြင်း မရှိသော လူပျိုမောင်အတွဲ ဖြစ်ပါက ဖိတ်ခေါ်ခြင်း မပြုပဲ နေလိုက်ကြသည်။
ပျိုမေအတွဲတို့က မိမိတို့ ကြိုက်နှစ်သက်သော အချို့သောဒေသများတွင် လူပျိုအတွဲနှင့်အပျို အတွဲတို့ မဝံ့မရဲ အချိတ်အဆက်မမိ ဖြစ်နေတတ်ခြင်းကို ရွာခံ ကာလသားတို့က အောင်သွယ်သဘောဖြင့် ဝင်ရောက် ဆက်သွယ်တွဲပေးခြင်းလည်းရှိကြသည်။ ထိုအခါမျိုးတွင် အများအားဖြင့် ရွာခံအပျိုလူပျိုတို့ကအောပွဲ ဖြစ်မြောက်စေရန်နှင့် ပို၍စည်ကားစေရန် ဧည့်သည်များ ကြိုက်နှစ် သက်သလို အောပွဲအတွဲခံ ကြ သည်။
အောပွဲသည်အပျိုနှစ်ယောက်တွဲလူပျိုနှစ်ယောက် တွဲတို့ဖြင့် အမေးအဖြေ တေးသီချင်းများ ဒွိယံဒွိယံ သီဆို နေရခြင်းဖြစ်၍ လွယ်ကူသည့် သဘော ရှိသည်။ အောပွဲ သည် ယောကျ်ားများ၏ ကာယဗလ၊ ဉာဏဗလ၊ သတ္တိ ဗျတ္တိပြည့်စုံခြင်းကို ရွေးချယ်စိစစ်၍ နှုတ်မှု၊ ဉာဏ်ပညာ စမ်းသည့်ပွဲမျိုး ဖြစ်သည် ဆိုကလည်း မမှားနိုင်ချေ။
ယောကျ်ားလူပျိုမောင်တို့၏ကာယဖွံ့ထွား ကြံ့ခိုင် မှု၊ ရောဂါကင်းရှင်းမှုကို လက်ဝှေ့ရေးပြစဉ်က မြင်တွေ့ခဲ့ ရ ပြီးဖြစ်သည်။ သို့ရာတွင် တေးသီချင်း၊ လင်္ကာ၊ အတွေး အခေါ်၊ ဉာဏ်ပညာ ပြည့်ဝခြင်း ရှိမရှိကိုသိရှိနိုင်ရန် တေး ကဗျာ၊ လင်္ကာ ဖြစ်သော တေးသီချင်း သီကုံးစပ် ဆိုခြင်း ဖြင့်လူပျိုမောင်တို့အား အရည်အသွေးကို စမ်းသပ် ပြန် သည်။ အောပွဲမှအစပြု၍ ယောကျ်ားတို့၏ ကာယ စွမ်း ရည်၊ဉာ စွမ်းအားပြည့်စုံမှုတို့ကို စိစစ်ပြီး ဘဝကြင်ဖော် အဖြစ် ရွေးချယ်ဖြစ်သွားကြသူအများအပြားရှိလေသည်။
တေးသီချင်းသီဆိုရန်အစတွင်အချင်းချင်း အမည်၊ နေရပ်စသည်များကိုတေးသီချင်းဖြင့်အပြန် အလှန် သီဆို မေးမြန်းကြသည်။ ထိုအချိန်တွင်ရွာခံကာလသား၊ ကာလ သမီးတို့က ဆေးလိပ်၊ကွမ်း၊ကောက်ညှင်းပေါင်း၊ ကောက် ညှင်းထုပ်တို့ဖြင့် ထိုင် နေသော အတွဲများ ရှေ့တွင်ချပြီး ဧည့် ခံ ကျွေးမွေးကြ သည်။ 
တစ်ဖက်နှင့်တစ်ဖက် နေရပ်များ မေးမြန်းပြီး၍ သိရှိကြပြီးသောအခါ သံသရာတွင် ဘဝကြင်ဖော်အဖြစ်  ခရီးဆက်ရန် ဆုံးဖြတ်ခြင်း ဟုတ်မဟုတ်၊ သီချင်းဖြင့် မေးမြန်းပြီး နှစ်ဉီးနှစ်ဖက် သစ္စာကတိအဖြစ် ပစ္စည်း ချင်းဖလှယ်ကြသည်။ ကရင့်အခေါ် “အောင်လယ် သောက်ကြာ” ဖြစ်၏။
အောပွဲသဘောသည် တစ်ညတာ မောင်မယ် စုံတွဲ ဘဝချင်း သစ္စာနှံသည့် သဘော ဖြစ်၍ ဖလှယ်သော ပစ္စည်းများကို နံနက်မိုးလင်းသောအခါ ပြန်ပေးကြရ သည်။ သစ္စာချင်း ပစ္စည်းဖလှယ်ရာတွင် အချို့က လက် ဝတ်လက်စား ရွှေငွေရတနာများပင် ပေးကြသည်။ အချို့ က လက်ကိုင်ပုဝါ၊ စောင် စသည်ဖြင့် လဲလှယ်ကြ သည်။ လဲလှယ်သောပစ္စည်းများပြန်မပေးခြင်းကားမရှိဖူးပါချေ။
ကတိသစ္စာထားပြီး ပစ္စည်းချင်း လက်ဆောင် ဖလှယ်ပြီးသောအခါ တေးသီချင်းကို သီဆိုကြ တော့မည် ဖြစ်ရာ မည်သည့် တေးသီချင်းမျိုးကို သီဆို လိုသည်ကို အချင်းချင်း တေးသီချင်းဖြင့် မေးမြန်းကြ လေသည်။ အမေးခံရသူကလည်း တေးသီချင်းဖြင့် ပြန်၍ အဖြေပေး လေသည်။
ကရင်အောပွဲ  တေးသီချင်းသည် ယေဘုယျ အားဖြင့် အမျိုးအစားလေးမျိုးရှိ၏။ ထိုလေးမျိုးအနက် သဘောတူသလို ရွေးချယ် သီဆိုနိုင်သည်။
(၁) ထာခိုးဖာ့ဒွတ် (ခေါ်) ရှေးသီချင်းကြီးများ၊ ဇာတ်နိပါတ်တော်များ (ယင်းသီချင်းသည် နှစ်ကျော့ သီဆိုရသော သီချင်း ဖြစ်သည်)
- ဗုဒ္ဓမြတ်ရှင် ဘုရားသခင် တောမထွက်မီက ယသော်ဓရာ မိဖုရားနှင့် မည်သည့်အသက် အရွယ်တွင် လက်ဆက်ခဲ့သနည်း။
-      ဗောဓိအရှင် တရားဓမ္မသခင်သည် ဆယ့်ခြောက်နှစ်ရွယ် လုလင်ငယ်တွင် လက်ဆက်ခဲ့ပါ၏။
(၂( ရုန်းထာခွတ် (ခေါ်) အမေးအဖြေ စကားထာ၊ ပညာစွမ်းပြ သီချင်း ( ယင်းသီချင်းသည် အများအားဖြင့် ပျိုမေတို့ ရှေးဉီးစွာ မေးရသော နှစ်ကျော့ သီချင်း ဖြစ် သည်)
-     ကမ္ဘာကြီး ပျက်ရန် ဖန်လာတဲ့အခါ နေ ဘယ် နှစ်စင်း ထွက်ပေါ်လာသလဲ။
-     ကပ်ကမ္ဘာကြီးပျက်ရန် သူရိယာနေမင်း ခုနစ်စင်း ထွက်လာပြီး သုန္ဓရီမြေကြီး ရေအတိ ပြောင်း လဲသွားလေသည်။
(၃) ထာခွတ်ယွဲ (ခေါ်) မောင်မယ်ဘွဲ့၊ လွမ်းချင်း၊ တမ်းချင်း သီချင်း (ထာခွတ်ယွဲကို  နှစ်ကျော့ သီဆိုရသည်။ ယင်းသီချင်းတွင် ယွဲဖာဒိုး (ခေါ်) ယွဲကြီးနှင့် ယွဲဖိုး (ခေါ်) ယွဲလေး နှစ်မျိုး နှစ်စား ရှိ၏)
- ညဉ့်နက်သန်းခေါင် အချိန်မှာ ညီမကို နှိုးခေါ်တဲ့အခါမှာ ဂမုန်းအင်ပန်းရနံ့က သင်းကြိုင် လှိုင်နေတယ်၊ တကြော်ကြော် ဟစ်ကျူး၍ အစ်ကိုက ခေါ်နေသော်လည်း ဘယ်အခါမှ ခွန်းတုန့်သံ မပေးပါချေ။ (ယွဲလေး သီချင်း)
-  နေမင်းသည် အနောက်ဂေါယာသို့ ယွန်းလုချေပြီ၊ သာယာသော ညနေဆည်းဆာတွင် ကြည်နူးဖွယ်ရာ လွမ်းစေတီများ မြင်ရပေ၏။ သာယာ လှသော ရှုခင်းအလှအပကြောင့် ဝေးစွာကွေကွင်း ရသော ချစ်ညီမငယ် ဘယ်ဆီ ဘယ်ဝယ် ရောက်နေ၍ မမှန်းဆနိုင် ဖြစ်ရသည်။ ဆည်းဆာချိန် ကရဝိက်၊ ကြိုးကြာမောင်နှံတို့၏ တွန်ကျူး မြည်ကြွေးသော အသံကို ကြားရပြန်တော့ ချစ်နှမငယ်အား အတိုင်း မသိ လွမ်းဆွတ်နေရ ပါတယ်လေ။ (ယွဲကြီး သီချင်း)
(၄( ပဝ်လိုဏင့် (ပေါ်လနောင့်) အပျော်တမ်း ဘမ်းသီချင်း (ယင်းသီချင်းသည်လည်း နှစ်ကျော့သာ ဆိုရသည်)
- မောင်ကြီးနောက်ကို ချစ်နှမ လိုက်ပါ လိုသော ဆန္ဒကြောင့် ရှေ့နောက် ထမ်းပိုးရန် ဆိုင်းထမ်းများကို အသင့် လုပ်ထားပါတယ်.
-ညီမရှေ့မှာတော့နားကိုသကာချပြီးနောက်ကွယ် မှာတော့ စလောင်း ထမင်း မနပ်သလိုဖြစ်မှာစိုး ကြောက် လှပါတယ်။
မျက်မှောက်တွင် အောပွဲတေးသီချင်း သီဆိုသူ တို့က သီချင်းကြီး၊ ဇာတ်ထုပ် သီချင်း၊ ဇာတ်တော်သီချင်း များကို သီဆိုနိုင်သူများ မရှိလှတော့ချေ။ တောတောင် ဘွဲ့၊ မောင်မယ်ဘွဲ့ တေးသီချင်းများကိုသာ သီဆိုနိုင် ကြတော့သည်။ သီချင်းကြီးပေါ် (ထာခွတ်ဖာဒွတ်) မှာ ပျောက်ကွယ်လုမတတ် ရှိနေပြီ။
သီချင်းကြီးများ ဆိုလျှင် အမေးအဖြေ တိကျ မှန် ကန်ရပေသည်။ ထွင်၍ ဆိုခြင်း၊ ရမ်းသမ်း ဖြီးဖြန်းခြင်း မရချေ။ အချို့က အမေးသီချင်းကို မဖြေနိုင်ပါက အနီး အနားတွင်လာရောက်နားထောင် နေသော တတ်မြောက် သူတို့ကကူ၍ ပြောပြသင်‌ပေး ကြသည်။သီချင်းကြီး သီဆို သောပွဲတို့တွင်ပရိသတ်များ၊အဘိုးအဘွားများမှာစည်စည် ကားကား လာရောက် နားထောင်တတ်ကြသည်။ အချို့ သီချင်းကြီး ကျွမ်းကျင် သူတို့က ဘေးနားက ကူသင်ပြ ခြင်းကို လက်မခံတမ်း ဆုံးဖြတ်ပြီး  သူနိုင်ကိုယ်နိုင် သီဆို ကြလေသည်။
ထိုအခါမျိုးတွင် ကရင့်အောပွဲမှာ လူပျိုအပျိုများ မိတ်ဆက်ခြင်း၊ချစ်ရေးဆို ဖူးစာရွေးခြင်းအသွင် မဆောင် တော့ချေ။ ကဗျာ၊ လင်္ကာ၊ တေးသီချင်း တတ်ကျွမ်းမှု နှုတ်မှု ပြိုင်ခြင်းသို့ ကူးသွားလေသည်။ အချို့ပွဲမှာ မိုးစင် စင်လင်းသော်လည်း အရှုံးအနိုင် မပေးကြ၍ ယိုင်ပတ် ကာပြီး သီဆိုနေကြသည်။ ထိုသို့ သီဆိုနိုင်သူတို့အား ပွဲ ဒကာများ၊ လူကြီးများက အလံ စိုက်၍ ဆုများ ချီးမြှင့် လေသည်။
အချို့က သီချင်းကြီးကို သီဆိုရာမှ အမေး အထောက် သီချင်းများကို ချက်ချင်း မဖြေနိုင်ပဲ စဉ်းစား နေ၍ အချိန်ကြာလွန်းသည့်အခါ အမေး သမားတို့က ကြားတွင် အထေ့အငေါ့ ကဲ့ရဲ့သီချင်းများဖြင့် တိုက်ကွက် ဆင်တော့သည်။ ကဲ့ရဲ့ ထေ့ငေါ့ ခံရသူအဖို့ လူပုံအလယ် တွင် မျက်နှာငယ်ရတတ်သည်။ မျက်နှာ မဖော်ဝံ့တော့ ချေ။ လာရောက် နားထောင်သော ပရိသတ်တို့ကလည်း တဝါးဝါး ရယ်မောကြတော့သည်။
သို့ကြောင့် သာမန်သီချင်း တတ်ကျွမ်းရုံမျှဖြင့် သီချင်းကြီးကို မဆိုဝံ့ကြချေ။ စွယ်စုံရပြီး ဝါရင့်ဆရာများ ထံတွင်စနစ်တကျ နည်းနာခံယူမှတ်သား လေ့ကျင့်ထား သူ တို့သည်သာ သီချင်းကြီးကို သီဆို ကြလေ သည်။
မျက်မှောက်ခေတ်တွင် တောတောင်ဘွဲ့၊ မယ်ဘွဲ့၊ ခေတ်ပေါ်အတိုင်အဖောက်သီချင်းတို့ကိုသာ အများအား ဖြင့်သီဆိုကြသည်။ ထိုသီချင်းတို့မှာ ဆိုရလွယ်ကူပြီး ကူညီ ပြောဆို ပေးမည့်သူလည်း အများအပြား ရှိလေ သည်။ သီချင်းကြီးကဲ့သို့လည်း စည်းကမ်း မကြီးလှပေ။ သီချင်း ဆက်မဆိုနိုင်၍ မိုးမလင်းသော်လည်း ရပ်နား လိုက ရပ် နား နိုင်သည်။
ကရင်အောပွဲသည် အချေအတင်၊ အမေးအဖြေ တို့ ဖြင့် သီဆိုခြင်းဖြစ်ရာ မေးလာသော အကြောင်းအရာ ကို လိုက်လျောညီထွေသီဆိုဖြေနိုင်ရန် လိုအပ် ပေ သည်။ သီချင်းတစ်ကျော့တွင်အမေးဖြစ်သော်လည်းနောက် တစ် ကျော့တွင်အဖြေသီချင်းကိုဆိုရလေ့ရှိသည်။အမေးသီချင်း နှင့်အဖြေသီချင်းတို့ကိုတစ်လှည့်စီသီဆိုရလေသည်။
သီချင်းဖြင့် တည်ကာ ချစ်ခင်စုံမက်ကြပြီး နံနက် မိုးသောက်လာလျှင် ခွဲခွာရတော့မည်ဖြစ်၍ အလွမ်း သီချင်း ၊ ကွေကွင်းရမည့် အဆွေးသီချင်းများကို သီဆိုကြ သည်။ချစ်သူတို့ ခွဲခွာရမည့် မှာတမ် များကိုလည်း အပြန် အလှန် ပြုကြသည်။
ထို့နောက်တွင် ညဉီးပိုင်းက လဲလှယ်ခဲ့ကြသော ပစ္စည်းများကို ပြန်လည်ပေးကြလေသည်။ အချင်းချင်း နှုတ်ဆက်၍လည်း ဆွေးရိပ်လွမ်းရိပ် ပြည့်ဝန်းသော မျက်နှာတို့ဖြင့် ခွဲခွာကြလေသည်။
ကရင်အောပွဲသည် အပျိုလူပျိုတို့၏ မိတ်ဆက်ပွဲ၊ ချစ်ရေးဆို ဖူးစာရွေးပွဲ ဖြစ်သည့်အလျောက် အချို့မှာ အောပွဲတွင် သီချင်းသီဆိုမိတ်ဖွဲ့ရာမှ အစပြု၍ အသိ မိတ်ဆွေဖြစ်လာကြပြီး ထိုမှ ချစ်သူဘဝ ကူးပြောင်းကာ ဘဝကြင်ဖော်အဖြစ် ခရီးဆက်သွားသူများလည်း ရှိကြ ပေသည်။
ရှေးအခါကအောပွဲတွင် လက်ဝှေ့ရေးပြရင်း ကာယ ကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှုကို အကဲခတ်လေ့ ရှိသော် လည်း ကိုလိုနီခေတ်ကျရောက်ပြီးသည့် နောက်ပိုင်းတွင်  လက်ဝှေ့ရေးပြခြင်းမှာ တဖြည်းဖြည်း တိမ်ကောလာပြီး ယခုအခါတွင် လုံးဝနီးပါး မရှိ တော့ချေ။ အောပွဲ စလျှင် စချင်း မိတ်ဆက်စကား ပြောဆိုခြင်း (ခလိုင်ကွေ) မှ စတင်ကြလေသည်။ 
မျက်မှောက်ခေတ်တွင် အောပွဲ ကျင်းပခြင်းမှာ အနည်း အကျဉ်းသာ ရှိတော့၏။ အချို့ဒေသ များတွင် လုံးလုံးပင်ကွယ်ပျောက်လျက်ရှိနေ၏။ အချို့သောဒေသ များတွင် အောပွဲကို စဉ်လာမပျက် ကျင်းပပြုလုပ် လျက်ရှိ သော်လည်း ရှေးယခင်က ခေတ်စားခဲ့သော သီချင်းကြီး များကို လုံးဝသီဆို  တေးဖွဲ့နိုင်ခြင်း မရှိ တော့ချေ။ ရွေး ဖွတ် (ခေါ်) မောင်မယ်ဘွဲ့ သီချင်းကိုသာ အများအားဖြင့် တေးဖွဲ့သီဆိုနိုင်ကြတော့သည်။ 
အောပွဲကို စဉ်လာမပျက် ကျင်းပလေ့ ရှိသော် လည်း မိုးစင်စင်လင်းသည်အထိ သီဆိုခြင်း မရှိတော့ပဲ မနက် ၄ နာရီခန့်မှာပင် ရပ်နားလေ့ရှိ သည်။ နောင်အခါ တွင် လုံးဝပင် ပျောက်ကွယ်နိုင်၏။
အချို့က ညလုံးပေါက် အောပွဲ သီဆိုခြင်းကြောင့် အိပ်ရေးပျက်၍ ကျန်းမာရေး ထိခိုက်ခြင်း၊ အလုပ် အကိုင်ပျက်ခြင်း စသည်ဖြင့် ကောက်ချက်ပေးကြသည်။
မည်သို့ပင်ဖြစ်စေ အရိုးကို အရွက်ဖုံးပါက အမြစ် ပါ ပြုတ်၊ ပင်စည်ပါ ချုပ်ငြိမ်း၍ ရိုးရာဓလေ့ အစဉ်အလာ တစ်ရပ်ကို မတိမ်ကော၊ မပျောက်ပျက် စေရန် နှောင်း ခေတ် ကရင်လူငယ်တို့က ဆက်လက် ထိန်းသိမ်းရန် သင့် ပေကြောင်း ဆန္ဒပြုအပ်ပါပေသည်။