လူမျိုးတိုင်းတွင်ထူးခြား၍စိတ်ဝင်စားဖွယ်ကောင်းလှသောယဉ်ကျေးမှုဓလေ့ထုံးစံများရှိကြသည့်အတိုင်းကရင်အမျိုးသားများတွင်လည်းထူးခြားသောဓလေ့ထုံးစံယဉ်ကျေးမှုတစ်ခုရှိ၏။ ထိုအရာမှကရင်အမျိုးသားတို့၏ အရိုးကောက်ပွဲတော် ကျင်းပ သည့် အကြောင်းပင်ဖြစ်သည်။ သို့သော်ကရင်အမျိုးသားတိုင်းအရိုးကောက်ပွဲတော်ကျင်းပကြသည်မဟုတ်ပေ။တောင်ယာများရိတ်သိမ်းပြီးချိန်နှင့်မြေပြန့်တွင်လယ်ယာအလုပ်များပြီးစီးချိန်သာယာသောနွေလများတွင် မြစ်ဝကျွန်းပေါ်နှင့် ကရင်ပြည်နယ် ဒေသတို့တွင် အရိုးကောက်ပွဲတော်ကို ခမ်းနားစွာ ဆင်ယင်ကျင်းပ တတ်ကြ သည်။
ဗုဒ္ဓဘာသာဝင် ကရင်တစ်ဦးသေဆုံးလျှင်သုသာန်တွင် ပထမဆုံးသွားရောက်မြှုပ်နှံထား၏။ တစ်နှစ်ကြာတွင် မြေတွင်းမှအလောင်းကို တစ်ဖန်တူးဖော်ပြီး သုသာန်တွင်မီးရှို့ပစ်ရသည်။ မီးသင်္ဂြိုဟ်ခြင်းပင်ဖြစ်၏။ အရိုးများ ပြာကျလုနီးသော် ရေပက် ၍မီးငြိမ်းပစ်ရ၏။ထိုသို့မီးသွေးခဲနှင့် အရိုးများရောပြွမ်းနေသော မီးလောင်ထားရာ မြေကွက်လေးကိုရာဇမတ်များကာရံထားရသည်။ ရက်သတ္တပတ်ခန့်အကြာ၌ မြေအိုးသစ်များဖြင့် သုသာန်သို့ သွားကာရာဇမတ်အတွင်းမှ အရိုးခဲများကို လိုချင်သလောက် ကောက်ယူခဲ့ကြသည်။ ထိုအရိုးခဲများမှာ အရိုးကောက် ပွဲတော်ကျင်းပရန် အတွက်ပင်ဖြစ်သည်။ အရိုးကောက် ပွဲတော်မကျင်းပ ရသေးမီအိမ်ထဲသို့ မယူဆောင်ရဘဲ အိမ်အနီးရှိ အရိုးစင်လေးပေါ်သို့ ထားရ၏။ ငွေကြေးတတ်နိုင်ပါက အရိုးပြာချပြီးသည့် နှစ် ထဲမှာပင် အချို့က အရိုးကောက်ပွဲကျင်းပကြ၏။ ငွေကြေးမတတ်နိုင်သူအချို့က ဆိုင်းငံ့၍ ကျင်းပတတ်သည်။ဗုဒ္ဓဘာသာဝင်ကရင်တို့၏ အယူအဆမှာ သေဆုံးသူ၏ ကြွင်းရစ်သောအရိုးစုများကို အရိုးကောက်ပွဲတော် မပြုလုပ်ရသေးပါက သေဆုံးသူ၏ ဝိညာဉ်သည် လွတ်ရာကျွတ်ရာ တစ်နေရာရာသို့ မသွားနိုင်သေးဘဲဤအနီးအနားသို့လှည့်ပတ်နေသည်ဟုယူဆကြ၏။ သို့သော် လက်တွေ့အကျိုးသက်ရောက်ပုံမှာသေဆုံးသူအားနောက်ဆုံးသောဂုဏ်ပြုခြင်းနှင့်အမှတ်တရပွဲပြုလုပ်ခြင်းသဘောမျိုးသက် ရောက်နေ၏။
ကောင်းသောသေခြင်းဖြင့် မိမိဇာတိရပ်ရွာတွင် သေဆုံးသူအတွက် အရိုးပြာမှာ အလွယ်တကူရနိုင်သဖြင့် အရိုးကောက်ရာတွင် အခက်အခဲ မရှိလှသော်လည်း တစ်မြို့တစ်ရွာတွင် သေဆုံးသူများနှင့် အရိုးပြာမရသူ များ အတွက်မူ အခက်အခဲနှင့် တွေ့ရလေ့ရှိသည်။
ထိုအခါမျိုး၌ အရိုးကောက်ပွဲတော်ကို ဦးစီးဦးဆောင် ပြုလုပ်ပေးမည့် အရိုးကောက်ဆရာက သေဆုံးသူ၏ ခန္ဓာကိုယ်အစား သစ်တုံးတစ်တုံးကို ယူဆောင်ပြီး မီးရှို့ရသည်။ သစ်တုံးမှရသော မီးသွေးခဲဖြင့် အရိုးကောက်ပွဲ ပြုလုပ်ရသည်။ သေဆုံးသူ၏ အဝတ်အစားများကျန်ရှိသေးပါက ထိုအဝတ်စားများဖြင့် အရိုးကောက်ပွဲပြုလုပ် ရသည်။
အရိုးကောက်ပွဲကျင်းပရာတွင် မဏ္ဍပ်ကိုနှစ်ခုဆောက်လုပ်ရသည်။ တစ်ခုမှာ သံဃာစင်နှင့်တစ်ဆက်တည်းဆက်စပ်နေသည့် မဏ္ဍပ်နှင့် အခြားတစ်ခုမှာ အရိုးပြာအိုးများထားရှိသည့် မဏ္ဍပ်ဖြစ်သည်။ သံဃာတော်များ တရားဟောချိန်တွင် အရိုးမဏ္ဍပ်နှင့် သံဃာစင်ကို အပ်ချည်ကြိုးဖြင့် ဆက်သွယ်ပေးရ၏။ဤသို့ပြုလုပ်ရခြင်းမှာအရိုးရှင်၏ဝိညာဉ်သည်သံဃာတော်များ၏တရား ကို နာယူနိုင်ရန်အတွက် ဖြစ်သည်။
အရိုးကောက်ပွဲကျင်းပရာတွင် အရိုးနှင့်ပတ်သက်သော ကိစ္စအဝဝသည် အရိုးကောက်ဆရာ၏ လက်ထဲတွင် အာဏာအပြည့်အဝရှိသည်။အရိုးကောက်ပွဲကျင်းပမည့်နံနက်တွင်အရိုးကောက်ဆရာက အရိုးရှင်များကို စီစဉ်စစ်ဆေးရသည်။ တစ်ရပ်တစ်ရွာနှင့် တစ်နယ်တစ်ကျေးတွင်သေဆုံးခဲ့သည့်အရိုးများနှင့် လတ်တလော အသေဆိုးများနှင့် သေသောအစိမ်းသေများပါရှိပါက အရိုးကောက် ဆရာမှာ များစွာပင်ပန်းတော့သည်။ အကြောင်းမှာ မြစ်ကူးချောင်းနား တစ်နယ်တစ်ကျေးတွင် သေဆုံးခဲ့သော အရိုးရှင်၏ လိပ်ပြာ(သို့မဟုတ်) ဝိညာဉ်သည် အရိုးကောက်ပွဲကျင်းပရာနေရာသို့ ရုတ်တရက် ရောက်မလာနိုင်ပေ။ အကြောင်းမှာ မြစ်များချောင်းများ ဖြတ်ကူးနေ ရသောကြောင့်ဖြစ်သည်။ ထို့ကြောင့် အရိုးကောက် ဆရာကမဏ္ဍပ်နှင့်မနီးမဝေး တွင် မြစ်ချောင်းသဖွယ် မြေကျင်း ရှည်ရှည်တစ်ခုကိုတူးပြီးရေများထည့်ပေးရသည်။ အပေါ်မှာမှတံတားသဖွယ်သစ်ချောင်း လေးတစ်ခု တင် ပေး ထားရသည်။ အဓိပ္ပါယ်မှာ မြစ်ချောင်းများကို တံတားမှ တဆင့်ကူး လာခဲ့ရန်ဖြစ်သည်။
အစိမ်းသေများ၏ဝိညာဉ်သည်ကြောက်အားလန့် အားဖြင့် ရုတ်တရက်သေရသဖြင့် လန့်ဖျပ်ကာအဝေးသို့ရောက်နေသည် ဟု ယူဆကြသည်။ ထိုလိပ်ပြာ ပြန်လာအောင် အရိုးကောက်ဆရာသည် အတော်ပင်ကြိုးစား၍ ခေါ်ယူရသည်ဟုဆိုသည်။ အရိုးကောက်ရာတွင် တစ်ဦးတစ်ယောက်ချင်း ကောက်လေ့မရှိဘဲ တစ်ဆယ်၊ နှစ်ဆယ်၊ သုံးဆယ်အထိ စုပေါင်း ကောက်တတ်သည်။ ထို့ကြောင့် အရိုးကောက်ပွဲမဏ္ဍပ်ထဲ၌ အရိုးအိုးထည့်ထားသော အရိုးခြင်းရှည်ကြီးများသည် ထိုးထိုးထောင်ထောင်နှင့် အများ အပြားပင်ရှိနေ ပေသည်။
အရိုးကောက်ပွဲကျင်းပရာတွင် အရေးကြီးသောအချက်မှာ သေဆုံးသူအရိုးရှင်၏ ယောကျ်ား(သို့)မိန်းမ ဖြစ်သူသည်သေဆုံးသူ၏အရိုးကောက်ပွဲမကျင်းပရသေးမီနောက်ထပ်အိမ်ထောင်သစ်တစ်ခုပြုသည်ဆိုပါကထိုအရိုးမဏ္ဍပ်အတွင်းသို့မလာရောက် ရပေ။အကယ်၍လာရောက်သော်လေကြီးမိုးကြီးသော်လည်းကောင်း၊တစ်စုံတစ်ခုဘေးအန္တရာယ်သော်လည်းကောင်းကျရောက် တတ်သည်ဟု ယူဆကြသည်။ တစ်နည်းအားဖြင့် လက်တွေ့ဘဝတွင် ယောကျ်ား(သို့မဟုတ်) မိန်းမသေဆုံး ၍မှ မကြာသေးခင် နောက်အိမ်ထောင် အပြုစောသူကို ဒဏ်ခတ်ခြင်းနှင့်အပြစ်ပေးခြင်း သဘောကျရောက်နေသည်။
အရိုးကောက်ရန် အချိန်ကျရောက်လာသောအခါ သက်ဆိုင်ရာဆွေမျိုး၊ မိဘ၊ မောင်နှမ အားလုံးတို့သည် အရိုးမဏ္ဍပ်နားသို့ ရောက်ရှိလာကြသည်။ သက်ဆိုင်ရာ မိမိအရိုးခြင်းကို ကျောဝယ်ချည်ကာ တန်းစီရသည်။ တန်းစီခြင်းမှာသေဆုံးသူအရိုးရှင် များ၏ အသက်အရွယ်ကြီးစဉ်ငယ်လိုက်ရှေ့နောက်ထားခြင်းဖြစ်သည်။ အရိုးကောက်ဆရာက အချက်ပေးလိုက်သည်နှင့် အရိုး ကောက် ဆရာနှင့်အတူပါရှိသောတပည့်မိတ်ဆွေတို့သည် ကရင်ဘာသာဖြင့် အတိုင်အဖောက်ညီညီ နှုတ်တိုက်ကျက်မှတ်ထား သော သေသူများနှင့်ဆိုင်သည့် တေးကဗျာရှည်ကြီးများကို ရွတ်ဖတ်ရသည်။ ရွတ်ဖတ်၍ တစ်ချက်ပြီးတိုင်း ရှင်လောင်းလှည့်ရာ တွင် ရွှဲလိုက်သကဲ့သို့ရွှဲလိုက် ရသည်။ ရွှဲတစ်ချက်လိုက်၍ မှုတ်လိုက်တိုင်း ပါးစပ်အတွင်းမှ ငုံထားသော အရက်တစ်ငုံကို ဖူးခနဲမှုတ်လိုက်၏။ အပြင်သို့ မှုတ်ထုတ်ရာတွင် မဖြစ်စလောက်သာ မှုတ်ထုတ်ပြီး ခပ်များများမှာမူ လည်ချောင်းထဲသို့ ဝင်သွားသည်သာဖြစ်သည်။ထို့နောက်ဗျောဆိုင်းများဖြင့် အရိုးခြင်းကြီးစဉ်ငယ်လိုက်သည် အရိုးမဏ္ဍပ်ကို ခုနစ်ပတ်လှည့်ပတ်ရာ၌ သက်ဆိုင် ရာမကင်းရာမကင်းကြောင်း မိတ်ဆွေသင်္ဂဟများက အရိုးခြင်းများကို ကူညီကာဝိုင်းထမ်းကြသည်။ ထိုအချိန်မှာ သေဆုံးသူ သေဦးစ ကလို ကျန်သူများက ခံစားကြရပြီး ငိုယိုမြည် တမ်းကြလေတော့သည်။
အရိုးမဏ္ဍပ် ခုနစ်ပတ် လှည့်ပတ်ပြီးသည်နှင့် သဲဖြူ၊ရာဇမတ်၊ ငှက်ပျောပင်၊ ကြံပင်တို့ဖြင့် ပြင်ဆင်ထားသော အရိုးမဏ္ဍပ်အတွင်းသို့ အရိုးများကို ပြန်ယူခဲ့ပြီး အစဉ်အလိုက်ထားလိုက်သည်။ ထို့နောက် သံဃာတော် များက တရားဟောကြားသည်။ ထိုနေ့ညတွင် ပွဲလမ်း သဘင်ရှိမည်ဆိုပါက အရိုးကိုတစ်ည သိပ်ထားသည်။ မရှိပါက ထိုနေ့မှာပင်သုသာန်သို့သွား ၍ အရိုးများကို ပို့လို က်သည်။ နှစ်ပေါင်းများစွာ ကြာလာသောအခါ ထိုနေရာ တွင်အရိုးအိုးများ တောင်ပုံရာပုံ စုပုံနေ တော့သည်။
ထိုသို့အရိုးကောက်ပွဲ ကျင်းပပြီးမှပင် ကျန်သူများမှာ ရင်တွင်း၌ ပေါ့သွားပြီးသေဆုံးသူအတွက်နောက်ဆုံးတာဝန်တစ်ရပ် ကျေသွားသည်ဟု ယူဆကြလေသည်။
အထက်ဖော်ပြပါအကြောင်းအရာများသည်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌မှီတင်းနေထိုင်လျက်ရှိကြသောဗုဒ္ဓဘာသာဝင်ကရင်တိုင်းရင်းသားလူမျိုးများ၏ဓလေ့ထုံးစံယဉ်ကျေးမှုများအနက်ထူးခြား၍ စိတ်ဝင်စားဖွယ်ကောင်းသော အရိုးကောက် ပွဲတော် အကြောင်းပင်ဖြစ်ပေသည်။