ချည်ဖြူဖွဲ့ခြင်းနှင့်ပတ်သက်၍အယူအဆများ-
ချည်ဖြူဖွဲ့ခြင်းနှင့် ပတ်သက်၍ အယူအဆအမျိုးမျိုးရှိကြောင်း အောက်ပါအတိုင်း တွေ့ရပါသည်။
(၁) ဝါခေါင်လရောက်တိုင်းမိုးများ၍ ရေကြီးသဖြင့် ရောဂါဘယများ ထူပြောသည့်လဖြစ်သည်။ ထိုလတွင် မကျန်းမမာဖြစ်ကာရောဂါ ထူပြောသောကြောင့် လိပ်ပြာလွင့်သည်ဟုယူဆပြီး မိမိဝိညာဉ် လိပ်ပြာမိမိ၏ခန္ဓာကိုယ်သို့ပြန်လည်ဝင်ရောက်စေရန် ချည်ဖြူ ဖြင့် လက်ချည်ထားကြရသည်။ ထိုသို့ချည်ခြင်းဖြင့် အပြင်မှ ဝိညာဉ်လိပ်ပြာများ ပူးကပ်၍မရသဖြင့် ကျန်းမာသည်ဟု အယူရှိ ကြသည်။
(၂) ချည်ဖြူဖွဲ့ခြင်း၏ သမိုင်းနောက်ခံတစ်ခုမှာ ရှေးမဇ္စျိမဒေသရှိ မူရင်းကျမ်းများတွင် ချည်ဖြူဖွဲ့မင်္ဂလာကို "ရက္ခဗန္ဓန"ဟု ခေါ် ဆိုကြသည်။"ရက္ခ"အဓိပ္ပါယ်မှာ စောင့်ရှောက်ခြင်းဟု အဓိပ္ပါယ်ရ၍ "ဗန္ဓန"မှာ ဖွဲ့ချည်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထို့ကြောင့် အန္တရာယ်အသွယ်သွယ်ကင်းဝေးစေရန် ချည်ဖြူဖြင့် နှောင်ပေးခြင်းဟုအဓိပ္ပါယ်ရပါသည်။ မဇ္စျိမဒေသက ပြုလုပ်သော ချည်ဖြူဖွဲ့မင်္ဂလာပွဲသည် ကရင်အမျိုးသားများ ပြုလုပ်သောပွဲနှင့် ဟန်ပန်မတူသော်လည်းရည်ရွယ်ချက်ခြင်းတူညီကြောင်း တွေ့ ရသည်။
(၃) ကရင်လူမျိုးတို့၏ ရှေးအယူအဆတစ်ခုမှာ ကရင်မျိုးနွယ် များသည် မြန်မာပြည်ဟု ခေါ်သော ဒေသသို့ မရောက်ရှိမီ အုပ်စုခွဲပြီး ရေကြည်ရာမြက်နုရာသို့ ထွက်ခွာလာကြသည့် အခါ မွတ်ထိတ် (အမိဘက်)နှင့် ဖထိတ်(အဖဘက်) ဖြစ်ပေါ် ခဲ့သည်။ ထိုသို့အုပ်စုမကွဲမီကရင်အမျိုးသားတို့သည် ပြန်လည် မှတ်မိစေရန်နှင့် အချင်းချင်း အသိအမှတ်ပြု စောင့်ရှောက် နိုင်ရေးကို ရည်ရွယ်ပြီး ဖူးထော့မဲပါ၊ ဖူးကဆောင့်မဲ ပါ စသော ခေါင်းဆောင်များက မိမိတို့ လက်ကောက်ဝတ်တွင် အမှတ် သညာအဖြစ် ချည်ဖြူဖွဲ့ နှောင်ပေးခဲ့သည်ဟု ယူဆကြ သည်။
(၄) နောက်အယူအဆတစ်ခုမှာ ကရင်များ ဆင်းသက်လာစဉ်က တောတောင်အထပ်ထပ်၊ သဲကန္တရများကို ဖြတ်သန်းလာခဲ့ ကြ ရပါသည်။ သဲမုန်တိုင်းများ၊ လေမုန်တိုင်းများ ကျရောက်သည့် ခရီးကြမ်းတွင်သဘာဝဘေး၊ အစာရေစာငတ်ပြတ်သည့် ဘေး၊ ဖျားနာရောဂါဘေးများကြောင့် အချို့မှာ လမ်းခရီးတွင် သေဆုံး ခဲ့ကြရသည်။သေဆုံးသွားသောဆွေမျိုးများအနက်ဘဝကျွတ် သည်များရှိသကဲ့သို့နာနာဘာဝ၊ဝိနာဘာဝအဖြစ် ရောက်သွား သူ များလည်းရှိသည်။ မကျွတ်မလွတ်သူများက ကျန်ရှိသူများ ကို ခြောက်လှန့်ပြုစားမှုများ ပြုလုပ်ကြသည်။ ပြုစားမှုများ ကြောင့်ခန္ဓာကိုယ်တွင်ကပ်ညှိနေသောဝိညာဉ်များလွင့်ပါးသည် ဟုယူဆကြပြီးဝိညာဉ်ကိုပြန်လည်ခေါ်ယူကြရပါသည်။ဝိညာဉ် မရှိပါကရောဂါဘယများပြီး အားအင်ချည့်နဲ့ကာ ဖျားနာကြ သည် ဟုယူဆကြသည်။ မိမိဝိညာဉ်လိပ်ပြာသည်ခန္ဓာကိုယ် မှ ကင်းကွာသွားပြီးမကောင်းဆိုးဝါးများလာရောက်မှီတွယ်ကပ်ညိ နေသောကြောင့် အစားကြူးကာ အနာရောဂါထူပြောသည်ဟု ယူဆသည်။ ထို့ကြောင့် ဝါခေါင်လရောက်တိုင်း မိမိဝိညာဉ် လိပ်ပြာကို ပြန်လည်ခေါ်ယူရခြင်းဖြစ်သည်ဟုယူဆကြသည်။
(၅) နောက်ယူဆချက်တစ်ခုမှာ ကရင်လူမျိုးများသည် ကိုဘီ သဲ ကန္တာရ(gobe desert)ကိုဖြတ်သန်းရာတွင် မိုးအများဆုံးရွာ သောလဖြစ်သည့်ဝါခေါင်လတွင် ဖြတ်သန်းခဲ့ကြသည်။ မိုးများ ရွာသွန်းသည့်အတွက် အပူဒဏ်ကိုခံနိုင်ပြီး သောက်သုံးရေများ အလွယ်တကူရရှိကြသည်။ ၄င်းသဲကန္တာရကို မဖြတ်သန်းမီ တစ်ဦးနှင့်တစ်ဦး ပြန်လည်မှတ်မိစေရန် ရည်ရွယ်၍ လက် ကောက်ဝတ်တွင် အမှတ်သညာအဖြစ် ချည်ဖြူဖွဲ့နှောင် ပေးခဲ့ သည်ဟု ယူဆကြသည်။
ဝါခေါင်လချည်ဖြူဖွဲ့ခြင်း
ကရင်လူမျိုးတို့သည် စုပေါင်းနေထိုင်ခြင်း စုပေါင်းလုပ်ကိုင် စားသောက်ခြင်း ဘေးအန္တရာယ်ကို စုပေါင်းကာကွယ်တွန်းလှန်လေ့ရှိ သကဲ့သို့ ဝါခေါင်လလက်ချည်ပွဲကိုလည်း စုပေါင်းပြုလုပ်ကြသည်။ ဝါခေါင်လလက်ချည်ပွဲဓလေ့ကို ရှေးကရင်ခေါင်းဆောင်လူကြီးများက ကြီးမားသောရည်ရွယ်ချက်များ မွန်မြတ်သော အမြော်အမြင်များဖြင့် သားစဉ်မြေးဆက် လိုက်နာကျင့်သုံးရန် ထားရစ်ခဲ့ပါသည်။ ခေါင်း ဆောင်များ၏ ရည်မှန်းချက်များမှာ ဝါခေါင်ရောက်လျှင် ကွဲကွာနေ သော ဆွေမျိုးများပြန်လည်ဆုံတွေ့ရေး၊ မိသားစုများပြန်လည် စုစည်း ရေး အချင်းချင်းချစ်ကြည်သွေးစည်းမှု ခိုင်မာစေရေး လူငယ်လူရွယ် များကို လူကြီးသူမများက ဆိုဆုံးမစကားများပြောနိုင်စေရေး၊ မိစ္ဆာ ကောင်များ၊ အယုတ်တမာကောင်များ သွေးခွဲသွေးဆောင်ရာသို့ နား မယောင်စေရေး ရိုးရာယဉ်ကျေးမှုများ မပျောက်ကွယ်စေရေး၊ အသိ ပညာအတတ်ပညာ မြင့်မားပြီး လူနေမှုအဆင့်အတန်း မြင့်မားသော လူမျိုးအဖြစ် အစဉ်တည်တံ့စေရေး ကရင်လူမျိုးများကမ္ဘာ တည်သရွေ့ ရပ်တည်ခိုင်မြဲစေရေးတို့ဖြစ်ပါသည်။