ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် မြန်မာနိုင်ငံကို ဗြိတိသျှ အုပ်စိုးစဉ်ကာလ ခရစ်သက္ကရာဇ် ၁၈၈၁ ခုနှစ်တွင် ခေတ်ပညာတတ် မျိုးချစ်ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင်ပါဝင်ဖွဲ့စည်း ခဲ့သောကရင်ဘာသာအားဖြင့် "ဒေါကလု"ဟုခေါ်သည့် ကရင်အမျိုး သားအဖွဲ့ကြီး၏ ကြိုးပမ်းမှုကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။
ကရင်နှစ်သစ်ကူးပွဲတော်သည်ရှေးပဝေသဏီနှစ်ပေါင်း များစွာ ကပင်ကျင်းပခဲ့ကြသည်။တစ်ခါတစ်ရံမှေးမှိန်၍ တစ်ခါတစ်ရံ စည်ကား လှ ၏။ အင်္ဂလိပ်ခေတ်တွင် ကံခေ၍ ကွယ်ပျောက်လုနီးဖြစ် ခဲ့ရသည်။ ဆင်းရဲလှ၍ စတိမျှသာ ကျင်းပရသော ဘဝနှင့်လည်း ကြုံခဲ့ရ၏။ ပဲခူး ဘုရင်မ ရှင်စောပုလက်ထက်က နှစ်သစ်ကူးပွဲတော် အလွန်စည်ကား ကြောင်းလူကြီးများပြောဆိုကြသည်ကိုကြားသိခဲ့ကြရသည်။ ထို့ကြောင့် ကရင်အမျိုးသားများသည် ကရင်နှစ်သစ်ကူး ပွဲတော်ကို ရှေးကကဲ့သို့ စည်ကားလှပအောင် ဖေါ်ထုတ်လိုကြ၏။ နိုင်ငံတော်က အသိအမှတ်ပြုသော ဂေဇက်ဝင်နိုင်ငံတော်အားလပ်ရက်အဖြစ်ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော နိုင်ငံတော်အားရက်ဖြစ်စေလိုကြ၏။ ထို့ကြောင့် ကရင်နှစ်သစ်ကူး ပွဲတော်ကို ဖေါ်ထုတ်လိုကြသော နယ်များက ကရင်အမျိုးသား၊ အမျိုး သမီးတို့သည် မိမိတို့၏ ကိုယ်စားလှယ်၊မင်းတိုင်ပင် အမတ်များကို ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြသည်။
ခရစ်သက္ကရာဇ် ၁၉၃၆-၁၉၃၇ ခုနှစ်ခန့်တွင် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော ကရင်အမျိုးသားများသည် အထူးစည်းလုံးညီညွတ်ခဲ့ ကြပါသည်။ အစိုးရနှင့် ဝန်ကြီးဌာနအသီးသီးသီးတွင် တာဝန် ထမ်း ဆောင်ကြသော ကရင်အမျိုးသားအားလုံးတို့သည် "ဒေါကလု" အဖွဲ့ ကြီးကို အကြွင်းမဲ့ ထောက်ခံအားပေးသောအချိန် ဖြစ်ပါသည်။ ထို အချိန်တွင် "ဒေါကလု"အဖွဲ့ကြီး၏ ဥက္ကဌအဖြစ် မြန်မာနိုင်ငံဥပဒေပြု လွှတ်တော်အမတ်တစ်ဦးဖြစ်သော ဆရာစံဘောက ဆောင်ရွက်ပြီး အထွေထွေအတွင်းရေးမှူးအဖြစ် ဝတ်လုံတော်ရ စောဘမောင်က ဆောင် ရွက်ပါသည်။
ထိုအချိန်၌ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော ကရင်တိုင်း ရင်းသားများသည် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို အောက် ပါအတိုင်း အကွဲကွဲအပြားပြား ပြုလုပ်ခဲ့ကြသည်။
(၁) ခရစ်ယာန်ဘာသာဝင်ကရင်အမျိုးသားများသည် နှစ်စဉ် ဇန်နဝါရီလ(၁) ရက်နေ့တွင်လည်းကောင်း
(၂) ဗုဒ္ဓဘာသာဝင် ကရင်အမျိုးသားများသည် နှစ်စဉ်တန်ခူး လ သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် လည်း ကောင်း
(၃) မြေပြန့်နှင့်တောင်ပေါ်တွင် နေထိုင်ကြသော ကရင်အမျိုး သားအများစုသည် နှစ်စဉ်ပြာသိုလဆန်း (၁)ရက်နေ့ တွင် လည်းကောင်း
(၄) မေတ္တာဗြဟ္မစိုရ်ဘာသာဝင် ကရင်အမျိုးသားများသည် နှစ်စဉ် တပို့တွဲလဆန်း(၄)ရက်နေ့တွင်လည်းကောင်း
(၅) ကရင်ပြည်နယ်ရှိ တလကူရသေ့ ဗုဒ္ဓဘာသာဝင် ကရင် များသည် နှစ်စဉ် တပေါင်းလပြည့်ကျော်(၁) ရက်နေ့ တွင်လည်းကောင်း၊
(၅) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နှစ်ခြားကျေးရွာတွင် နေ ထိုင်ကြသော ကရင်အမျိုးသားများသည် နှစ်စဉ် နယုန် လဆန်း ပထမပတ် စနေနေ့တွင်လည်းကောင်း၊
(၆) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဒုံရင်းတိုက်နယ်တွင် နေထိုင်ကြသောလဲကယ်ဘာသာဝင် ကရင်တိုင်းရင်းသား များသည် နှစ်စဉ်တန်ဆောင်မုန်းလဆန်း ပထမပတ်စနေ နေ့တွင်လည်းကောင်း၊
(၇) ယိုးဒယားနိုင်ငံ"ဟဲစီအို"ဒေသတွင်နေထိုင်ကြသောကရင် အမျိုးသားများသည် နှစ်စဉ်တပို့တွဲလဆန်း (၁) ရက်မှ (၁၀)ရက်အတွင်း ကြိုက်နှစ်သက်ရာတစ်ရက်ရက်တွင် လည်းကောင်း၊
(၈) ယိုးဒယားနိုင်ငံ၊ လန်ပန်ဒေသတွင် နေထိုင်ကြသော ကရင်အမျိုးသားများသည် နှစ်စဉ်တန်ခူးလတွင် လည်း ကောင်း၊
(၉) တောင်ပေါ်ဒေသတွင်နေထိုင်ကြသောကရင် အမျိုးသား
များသည် မိမိတို့ကြိုက်နှစ်သက်ရာ နေ့ရက်တွင်လည်း
ကောင်းနှစ်သစ်ကူးပွဲတော်များကို ကျင်းပကြပါသည်။
ကရင်အမျိုးသားများသည် အကြောင်းအမျိုးမျိုးကြောင့် ကရင် အမျိုးသားနှစ်သစ်ကူးကို အကွဲကွဲအပြားပြား ကျင်းပကြသဖြင့် စိတ် ဝမ်းကွဲမှုများလည်းရှိနေသည်ဖြစ်ရာကရင်အမျိုးသားအားလုံးစည်းလုံး စေချင်သောဒေါကလုအဖွဲ့ကြီး၏ခေါင်းဆောင်များသည်ကရင်နှစ်သစ် ကူးနေ့တစ်နေ့တည်းဖြစ်စေရေးကိုရည်ရွယ်ပြီး ကြိုးပမ်းလာကြ သည်။
ကရင်အမျိုးသားများ နေထိုင်သည့် ဒေသအသီးသီးတွင် မည်သည့် အကြောင်းအရာကို အခြေခံ၍ မည်သည့်နေ့ရက်တွင် ကရင် နှစ်သစ် ကူးပွဲတော်ပြုလုပ်ကြသည်ကို သေချာစွာလေ့လာစုံစမ်းပြီး သတ်မှတ်ချိန်အတွင်း "ဒေါကလု"အဖွဲ့ကြီးသို့ ပြန်လည်တင်ပြ အစီရင် ခံရန် ကရင်ခေါင်းဆောင်များနှင့် ကရင်အမျိုးသားဥပဒေပြု လွှတ်တော် အမတ်များ ဖြစ်သည့် စောဖေသာ၊ မန်းကံအေး၊ ဦးဘိုမျှင် (ပအိုဝ်း)၊ ဝတ်လုံတော်ရ စောဆစ်ဒနီလူနီ၊ မန်းထွန်းခင်၊ မန်းဘခိုင်၊ မန်းရွှေရည်၊ စောမြတ်သိန်း၊ ဦးလှဖေ(ပအိုဝ်း)၊ စောဖိုးချစ်၊ စောသာဒွေး၊ စောဂျွန် ဆင်ဒီဖိုးမင်းတို့ကို တာဝန်ပေးအပ်ခဲ့ကြသည်။
"ဒေါကလု"အဖွဲ့ခေါင်းဆောင်များသည် သတ်မှတ်ထားသော အချိန်ရောက်သောအခါရရှိသောအစီရင်ခံစာများ သက်သေအထောက် အထားများကို အခြေခံပြီး ဆွေးနွေးမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ကြ သည်။ ပြည့်စုံလုံလောက်သော ကာလအတွင်း ညှိနှိုင်း ဆွေးနွေးမှုများ ပြီးစီးသွားသောအခါ ပြာသိုလဆန်း(၁)ရက်နေ့ကို ကရင်တစ်မျိုးသား လုံး ကိုယ်စားပြုသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
"ဒေါကလု"အဖွဲ့ကြီးသည် ပြာသိုလဆန်း(၁)ရက်နေ့ကို ကရင် အမျိုးသားနှစ်သစ်ကူးနေ့အဖြစ် နိုင်ငံတော်အစိုးရက အသိမှတ်ပြုရေး အတွက် အဆိုတင်သွင်းရန် တောင်ငူမြို့မှ ဥပဒေပြုလွှတ်တော်အမတ် စောဂျွန်ဆင်ဒီဖိုးမင်းကိုတာဝန်ပေးအပ်ခဲ့ပါသည်။ စောဂျွန်ဆင်ဒီဖိုးမင်း သည် ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုဥပဒေကြမ်းကို လွှတ်တော် သို့ (၂၃.၈.၁၉၃၇)ရက်နေ့တွင် တင်သွင်းသည်။ ဦးဖိုးမျှင်က ထောက်ခံ ရာ ကန့်ကွက်သူမရှိ အတည်ပြုသည်။ ဆက်လက်၍ စောဖေသာ (အခွန်ဝန်ကြီး) က ဘုရင်ခံနှင့်ဝန်ကြီးများစုံညီအစည်းအဝေးတွင် ကရင် နှစ်သစ်ကူး bill ကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ၊ ဝန်ကြီးအားလုံး ကလည်း သဘောတူသောကြောင့် bill မှact ဖြစ်ရန်ဘုရင်ခံထံ မေတ္တာ ရပ်ခံသည်။ ဘုရင်ခံကလည်း လက်မှတ်ရေးထိုးသဖြင့် ဥပဒေကြမ်း သည် ဥပဒေဖြစ်သွားတော့သည်။၁၉၃၇ခုနှစ်၊ ဒီဇင်ဘာလတွင် တာဝန် အရ ပြည်ထဲရေးဌာနက သလေထိုင်ခုတ်ဖို ၊ ပြာသိုလဆန်း (၁)ရက် သည် ဂေဇက်ဝင်နိုင်ငံတော်ရက်အား ဖြစ်သည်ဟု ကြေညာ၍ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများကို နိုင်ငံတော် တစ်ဝန်းလုံးတွင် ပိတ်စေသည်။
ဤသို့ဖြင့် ခရစ်သက္ကရာဇ် ၁၉၃၇ ခုနှစ်တွင် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အဖြစ် ပေါ်ပေါက်လာပါသည်။