လူမျိုးတိုင်းလူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့များရှိကြပါသည်။ ထို့အတူ ကရင်လူမျိုးများတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ရိုးရာဓလေ့နှင့် အနုပညာတူရိယာ အသုံးအဆောင်ပစ္စည်းများရှိကြပါသည်။
ကရင်လူမျိုးများ၏ ပြယုဂ်ဖြစ်သည့် ကရင့်တူရိယာ ဖားစည်နှင့် ကျွဲချိုပဒိုးအနက်မှ ကရင်ပဒိုးအကြောင်းဖော်ပြရလျှင် ပဒိုးသည် ကရင်လူမျိုးတို့အတွက် ဘက်စုံသုံးတူရိယာတစ်မျိုးဖြစ်ပါသည်။ ကရင်ပဒိုးနှင့်ပတ်သတ်၍ ရာဇဝင်ကောက်ကြောင်းများရှိသကဲ့သို့ ယနေ့ မျက်မှောက်အချိန်ထိလည်း ထူးခြားနက်နဲမှုများနှင့် တည်ရှိနေ သည့် တူရိယာတစ်ခုပင် ဖြစ်ပါ သည်။
ကရင်လူမျိုးများသည် လွန်ခဲ့သော ထောင်စုနှစ်၊ ရာစုနှစ်များစွာထဲက နေရာစုံ၊ ဒေသစုံ တွင် ကျင်လည်နေထိုင်ခဲ့ကြပြီး ရေကြည်ရာ၊ မြက်နုရာရွေ့လျားရှင်သန်ခဲ့ကြသည့် လူမျိုးစုတစ် စုဖြစ်ပါသည်။ တောတောင်လျှိုမြောင်များ၊ မြေပြန့်မြေနုကျွန်းပေါ်များပါမကျန် ရှင်သန်ကျက် စားနေထိုင်ခဲ့ကြ၍ သဘာဝ၏ဖြစ်စဉ်များ၊ သဘာဝ၏သဘောတရားများကို အခြေပြုပြီး ရိုးရာ အမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ တူရိယာများကို ကိုယ်ပိုင်ပြယုဂ်အဖြစ် ဖန်တီး ခဲ့ကြပါသည်။
ကရင်လူမျိုးများ ကျွဲချိုပဒိုးကို စတင်တွေ့ရှိ အသုံးပြုဖြစ်ခဲ့ကြပုံမှာ ရေကြည်ရာ၊ မြက်နု ရာရွေ့လျားနေထိုင်လာကြရင်း တစ်နေ့၌ တောတွင်းတစ်နေရာတွင် ကျွတ်ကျနေသည့် ကျွဲဦး ချိုတစ်ခုကို တွေ့ရှိခဲ့ကြသည်။ အဆိုပါကျွဲချိုအပေါက်ကြီးထံမှ ထူးခြားသည့်အသံတစ်မျိုးထွက် ပေါ်လာ၍ အနီးအနားရှိ သားရဲတိရစ္ဆာန်များက ထိုကျွဲချိုပေါက်နှင့် မလှမ်းမကမ်းမှ ဝိုင်းအုံနေ ကြပါသည်။ မည်သည့် တိရစ္ဆာန်မှလည်း ကျွဲချိုအနားမကပ်ရဲကြဘဲ ထူးထူးခြားခြား စူးစူးရှရှ အသံကြောင့် မဝံ့မရဲနှင့် ဝိုင်းအုံကြည့်ကြပြီး ကြောက်ရွံ့စိတ်များနှင့် အလျှိုလျှိုထွက်ပြေးသွား ကြသည်။
ဤအချင်းအရာအား တွေ့ရှိသွားကြသည့် တောတွင်းသားကရင်လုလင် တစ်သိုက်သည် အဆိုပါထူးခြားသည့် ကျွဲချိုနား ချဉ်းကပ်သွားကြပါသည်။ ကျွတ်ကျနေသည့် ကျွဲချိုအခေါင်း ပေါက်ထဲသို့ ပိတုံးကဝင်ပြီး ထွက်ပေါက်ပျောက်နေသည့်အလား အထဲတွင် ပျံသန်းနေခြင်းသာ ဖြစ်သည်ကို သိရှိသွားကြတော့သည်။
ထိုကြောင့် ကရင်လုလင်များသည် “ဒီကျွဲချိုခေါင်းပေါက်ထဲက ပျားပိတုံးပျံသံကြားလျှင် တောရိုင်းတိရစ္ဆာန်များ ကြောက်လှန့်ပြီး ထွက်ပြေးကြသည်။ ပြီးလျှင်အသံသည် စူးရှပြီး ထူးလည်းထူးခြားသော အသံဖြစ်သည်။ ငါတို့သည် ဒီကျွဲချိုအခေါင်းပေါက်ကို အခုလိုအသံမျိုး ထွက်အောင်လုပ်ရမည်” ဆိုပြီး ကျွဲချိုအကျွတ်ကြီးအား နားခိုရာတဲပုတ်ဆီသို့ ပြန်ယူလာခဲ့ကြ သည်။
တဲပုတ်သို့ရောက်လျှင် စောစောကအသံမျိုးထွက်အောင် ကျွဲချိုကို အမျိုးမျိုးလုပ်ကြပါ သည်။ နောက်ဆုံးတွင် လိုချင်သည့်အသံမျိုးရအောင် လုပ်နိုင်ခဲ့ပါသည်။ တောထဲသွားတိုင်း ကျွဲချိုပဒိုးမှုတ်ပြီး သွားကြပါသည်။ ပဒိုးသံကို ခပ်ဝေးဝေးမှကြားသည်နှင့် မည်သည့်တောရိုင်း တိရစ္ဆာန်မှ အနားမကပ်ရဲကြဘဲ ခပ်ဝေးဝေးကရှောင်ပြီး ထွက်ပြေးသွားကြပါသည်။
ထိုအချိန်မှစ ကျွဲချိုပဒိုးကို ဘေးအန္တရာယ်ကင်းဝေးစေသည့် တူရိယာအဖြစ် အိမ်တိုင်းတွင် အမြတ်တနိုး ချိတ်ဆွဲထားတတ်ကြပါသည်။ ခရီးထွက်သည့်အခါတိုင်း ယူဆောင်သွားလေ့ရှိပြီး အန္တရာယ်ကင်း၊ ရန်ရှင်းစေရန်အတွက် ပဒိုးမှုတ်သွားလေ့ရှိကြပါသည်။
နှစ်ကာလများ ရွေ့လျားလာသည်နှင့်အမျှ နောက်ပိုင်းတွင် မိသားစုပျော်ပွဲရွှင်ပွဲများတွင် သော်လည်းကောင်း၊ ထိမ်းမြားလက်ထပ်ခြင်း ပြုလုပ်သည့်အခါမျိုးတွင်သော်လည်းကောင်း၊ ဘေးအန္တရာယ်များ၊ အခြားသောအနှောင့်အယှက်များ မဖြစ်ပေါ်စေရန်သော်လည်းကောင်း၊ စစ်ချီထွက်ရာမှာသော်လည်းကောင်း အသုံးပြုလာကြပါသည်။ ဘေးအန္တရာယ်ကင်းဝေးစေပြီး မင်္ဂလာရှိစေသော ကျွဲချိုပဒိုးကို ရိုးရာအမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်လိုက်ကြပြီး လက်ဆင့်ကမ်းအသုံးပြုလာကြပါသည်။ နောက်ပိုင်းတွင် ကျွဲချိုပဒိုးကို နှုတ်ဦးတည့်ရာ ကြုံသလိုမမှုတ် ကြတော့ဘဲ လေးနက်ပြီးအဓိပ္ပာယ်ပြည့်ဝသည့် သံစဉ်မျိုးထပ်မံ တီထွင်လာကြပါသည်။
အလှူများ၊ ပွဲလမ်းသဘင်များတွင် မှုတ်ရမည့်အသံ၊ မင်္ဂလာဆောင်များတွင် မှုတ်ရမည့်အသံ၊ စစ်ချီထွက်ရာတွင် မှုတ်ရမည့်အသံဟူ၍ သီးခြားသတ်မှတ်ခဲ့ကြသည်။ အန္တရာယ်ကင်း၊ အနှောင့်အယှက်ကင်းစေခြင်းနှင့် မင်္ဂလာရှိစေခြင်းအကြောင်းအရာခြင်းတူကြသော်လည်း ပဒိုးကွက်(သံစဉ်အကွက်) များကို ခွဲခြားသတ်မှတ်ခဲ့ကြသလို ပဒိုးအလုံးအရေအတွက်နှင့်လည်း ခွဲခြားကန့်သတ်ခဲ့ကြသည်။ ပဒိုးသံစဉ်ကိုလည်း နက်နဲသည့် အဓိပ္ပါယ်များနှင့် အပိုဒ်အခန်းများ ခွဲပြီး ဖော်ကြူးခဲ့ကြပါသည်။
ရှေးကရင်လူကြီးများက သတ်မှတ်ခဲ့ကြသည့် ကျွဲချိုပဒိုး အခန်းကဏ္ဍမတူကြပုံမှာ စိတ် ဝင်စားစရာ ကောင်းသကဲ့သို့ အမျှော်အမြင်ကြီးလွန်းလှပါသည်။ စစ်မက်ချီရာတွင်ဦးဆောင်သူတစ်ဦးကအချက်ပေးမှုတ်ရသည့် ပဒိုး(၁)လုံး၊ အလှူ၊ ပွဲလမ်းသဘင်၊ ရိုးရာပွဲတော်များတွင်ပဒိုး(၉) လုံး၊ မင်္ဂလာပြုလက်ထပ်ခြင်းအရာတွင် ပဒိုး(၃)လုံး သို့မဟုတ် (၅)လုံး သို့မဟုတ်(၇)လုံး မှုတ်ရပါသည်။
စစ်မက်ချီရာတွင် ပဒိုး(၁)လုံးတည်း အသုံးပြုရခြင်းမှာ ဦးဆောင်သူတစ်ဦးတစ်ယောက် တည်း၏ အမိန့်စကားအောက်တွင် တစ်စည်းတစ်လုံးတည်းရှိကြစေလိုခြင်း၊ ဦးဆောင်သူများလျှင် အမျိုးမျိုးအထွေထွေသော မတူကွဲပြားမှုများ မဖြစ်ပေါ်လာစေခြင်း၊ အခြားသောအသံတုများ ပေါ်လာပါက ဆင်ခြင်သိရှိနိုင်စေခြင်း စသည့်အကြောင်းများကြောင့် ပဒိုး(၁)လုံးတည်းသာ အသုံး ပြုခဲ့ကြခြင်းဖြစ်ပါသည်။
အလှူရိုးရာ၊ ပွဲတော်များတွင် ကျွဲချိုပဒိုး (၉) လုံးအသုံးပြုရခြင်းများ ရောင်ခြည်ကိုးသွယ် ဒီကိုးဒီကို အစွဲပြုပြီး သံစုံ၊ လူစုံ၊ ညီညွတ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်ရည်ညွှန်း ခြင်းဖြစ်ပါသည်။
လက်ထပ်မင်္ဂလာပွဲများတွင်မူ မတူကွဲပြားစွာ ကျွဲချိုပဒိုး(၃)လုံး၊ (၅)လုံး၊ (၇)လုံး ဟူ၍ (၃)မျိုးသတ်မှတ်ခဲ့ကြပါသည်။ လက်ထပ်မင်္ဂလာဆောင်တွင် ကျွဲချိုပဒိုးအလုံးရေ ခွဲခြားထားခဲ့ ကြခြင်းမှာလည်း အကြောင်းရှိပါသည်။ လူငယ်ချင်းသာမေတ္တာမျှ၍ လူကြီးများကသဘောမတူ သော်လည်း မတတ်သာ၍ ထိမ်းမြားပေးခဲ့ကြသော မင်္ဂလာပွဲတွင် ပဒိုး(၃) လုံးသာမှုတ်ရပါ သည်။ လူငယ်ချင်းမေတ္တာမမျှသော်လည်း နှစ်ဖက်မိဘများက သဘောတူပေးစားသော မင်္ဂလာ ပွဲမျိုးတွင် ပဒိုး (၅)လုံးမှုတ်ရပါသည်။ လူငယ်ချင်းလည်းမေတ္တာမျှ၊ နှစ်ဖက်မိဘလည်း ကြည်ကြည်ဖြူဖြူ သဘောတူပေးစားကြသော မင်္ဂလာပွဲများတွင် ပဒိုး (၇) လုံးမှုတ်ရပါသည်။
ထို့ကြောင့် မင်္ဂလာဆောင်ပွဲများတွင် သတို့သားဘက်မှ အိမ်တက်မှုတ်လာသော ကျွဲချို ပဒိုးအရေအတွက်ကိုကြည့်ရုံဖြင့် သတိုးသမီး၊ သတို့သား၏ နှစ်ဖက်အသိုင်း အဝိုင်းပတ်သတ်မှု အခြေအနေကို သိရှိနိုင်ပါသည်။ မင်္ဂလာဆောင်ပွဲနှင့် ပတ်သတ်၍ ယနေ့ခေတ်နေရာဒေသအချို့တွင် ဤပဒိုးထုံးတမ်းအစဉ်အလာများကို မသိရှိကြတော့သလို ပဒိုးအလုံးရေကန့်သတ်မ ထားတော့ဘဲ အဆင်ပြေသလိုသာ မှုတ်ကြပါတော့သည်။
အချုပ်အားဖြင့်ဆိုသော် ကရင်လူမျိုးတိုင်း၏ အထွဋ်အမြတ်ပစ္စည်းတစ်ခုဖြစ်သည့် ကျွဲချိုပဒိုးသည် ယနေ့အချိန်ထိ ကရင်လူမျိုးတိုင်း၏ အမြတ်တနိုးတန်ဖိုးထားကြသည့် ကရင့်ပြယုဂ်အဖြစ်တည်ရှိနေဆဲပင်ဖြစ်ပါသည်။