ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကရင်လူမျိုးတို့၏ အရှေ့ရှို(ပိုး)ကရင် ရိုးရာဓလေ့ပွဲတော်အကြောင်း
Image

နှစ်သစ်ကူးပွဲ

     ကရင်လူမျိုးများသည် နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးမင်္ဂလာပွဲတော်ကို ပြာသိုလဆန်း (၁)ရက်နေ့တွင် ကျင်းပကြသည်။ ကောက်ဦး၊ ကောက်သစ် ပေါ်ချိန်ဖြစ်၍ ရှာဖွေလုပ်ကိုင် ရရှိသော သီးနှံများကို ဘုရားအားရည်စူး၍ ဦးဦးဖျားဖျား အလှူဒါန ပြုလုပ်ကြသည်။

အိမ်သစ်တက်ပွဲ

      တပို့တွဲလတွင် အိမ်သစ်တက်ပွဲ ကျင်းပကြသည်။ အိမ်သစ်တည်ဆောက်ပြီးသည့်အခါ အကျွေးအမွေးများဖြင့် ဧည့်ခံ၍ အိမ်သစ်တက်မင်္ဂလာပွဲ ပြုလုပ်ကျင်းပသည်။

သဲပုံစေတီပွဲ

     တပေါင်းလမှ ကဆုန်လအထိ သဲပုံစေတီပွဲများ ကျင်းပကြသည်။ ဒေသတစ်ခုနှင့် တစ်ခု ကျင်းပသည့်အချိန်ချင်း မတူကြချေ။ဒုံရင်းနယ်၊ လာကဒေါင်၊ လှိုင်ဝါး ကျေးရွာအုပ်စုတွင် သဲပုံစေတီပွဲကို ကဆုန်လဆန်း (၆)ရက်နေ့တွင် ကျင်းပကြသည်။

ကဆုန်လ မိုးဦးကျခါနီးတွင် ဝမ်း၊ ကျောက်၊ ပုလိပ်ရောဂါဆိုးများ ကျရောက်တတ်သဖြင့် မြေဖုတ်ဘီလူး၊ သရဲ၊ တစ္ဆေများ မြူးတူးပျော်ပါးကြ၍ လူအများကို ဘေး ဥပဒ် ပေးတတ်သည်ဟု ယူဆပြီး အရံအတား အကာအကွယ် ပြုလုပ်ရန် မြတ်စွာဘုရားအား ရည်စူးကာ သဲပုံစေတီ တည်၍ ဆွမ်းခွက်တစ်ထောင်၊ သောက်တော်ရေခွက်တစ်ထောင်၊ ပန်းပွင့်တစ်ထောင်တို့ဖြင့် ဆွမ်းတော်တင်ခြင်း၊ ဘုန်းတော်ကြီးများကို ဆွမ်းကပ်၍ တရားနာ ရေစက်ချခြင်း၊ ကမ္မဝါ ခုတ်ခြင်း၊ ပရိတ်ရွတ်ခြင်း၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များအား ပင့်ဖိတ်၍ တရားနာ အမျှပေးဝေခြင်း ပြုလုပ်ကြသည်။ ထို့ပြင် အော်ပွဲ၊ ဒုံးပွဲ၊ လက်ဝှေ့ပွဲများ ထည့်သွင်းကာ သဲပုံစေတီပွဲတော် ပြုလုပ် ကျင်းပကြသည်။

ရေအိုးစင်ပွဲ

    ပြာသိုလ လယ်ယာလုပ်ငန်း ပြီးချိန်မှစ၍ တန်ခူးလအထိ ရေအိုးစင် တည်၍ ရေအိုးစင် ပွဲတော် အလှူဒါနများကို ပြုလုပ်ကျင်းပကြသည်။ အရှေ့ရှို(ပိုး)ကရင် အမျိုးသားများသည် လယ်ယာလုပ်ငန်း ပြီးဆုံးသည့်အခါ တန်ခိုးကြီးဘုရားများကို လှည့်လည်ဖူး‌မြော် တတ်ကြ သည်။ ခြေခင်းလက်ခင်း သာယာသော ရာသီဖြစ်သဖြင့် ခရီးသွားလာသူများ ပေါများသည်။ ဘုရားဖူး ခရီးသွားများ သောက်သုံးရန် ရည်ရွယ်ပြီး ရွာထိပ်တွင် ရေအိုးစင်ပွဲကျင်းပချိန်တွင် ဘုန်းကြီး ရဟန်းများအား ပင့်ဖိတ်၍ ဆွမ်းကျွေးလှူဒါန်းခြင်း၊ တရားနာ ရေစက်ချ အမျှပေးဝေခြင်းနှင့် အတူ အော်ပွဲ၊ ဒုံးပွဲ၊ လက်ဝှေ့ပွဲများကို ပြုလုပ်ကျင်းပတတ်ကြသည်။

နှစ်သစ်ကူးနှင့် ဘုရားပွဲ

    တန်ခူးလတွင် ဗုဒ္ဓဘာသာဝင် အရှေ့ရှို (ပိုး)ကရင်များသည် နှစ်သစ်ကူးပွဲတော်နှင့် ဘုရားပွဲ တော်များ ကျင်းပကြသည်။ လွန်းည၊ ဆဒ္ဒန်ဂူ၊ ရေတံခွန်၊ ကော့ဂွန်းဂူ၊ ရသေ့ပြန်ဂူ ဘုရားပွဲများမှာ ထင်ရှား စည်ကားလှသည်။ ဘုရားပွဲသို့ အနယ်နယ်အရပ်ရပ်မှ လာရောက် ကြသည်။ ရွာခံများက အိမ်တွင်လည်းကောင်း၊ စတုဒိသာမဏ္ဍပ်တွင်လည်းကောင်း ဧည့်ခံ ကျွေးမွေးကြသည်။

လိပ်ပြာခေါ်ပွဲ

အရှေ့ရှို(ပိုး)ကရင်များသည် ဝါခေါင်လတွင် အခြားလများထက် ထမင်းပိုမိုစားနိုင်သည်ဟု အယူရှိသည်။ ယင်းသို့ အစားကြမ်းလာခြင်းမှာ မြေဖုတ်ဘီလူး၊ သရဲ၊ တစ္ဆေများ ပူးကပ် စားသောက် သောကြောင့် ဖြစ်သည်ဟု အယူရှိသည်။ ထိုသို့ မြေဖုတ်ဘီလူး၊ သရဲ၊ တစ္ဆေများ ပူးကပ်သည့်အခါ  လူ၌ရှိသော လိပ်ပြာကောင်ကို လွင့်ပါမသွားစေရန် လက်ချည်လိပ်ပြာ ခေါ်ပွဲများကျင်းပရသည်။ ရွာလုံးကျွတ် ခေါစာကျွေးပွဲများ ပြုလုပ်တတ်ကြသည်။ အချို့ရွာ များတွင် ဘိုးဘိုးကြီးနတ်၊ ရုက္ခစိုး နတ်များကိုပါ ပူဇော်ပသကြသည်။ ကြက်၊ ဝက်၊ အရက်များပါရသည်။ ရွာနှင့်ချီ၍ လုပ်သဖြင့် ကြက်၊ ဝက်၊ အရက် ပေါများလှသည်။ နတ်ကို စတိသဘောတင်ပြီး ယောက်ျားလူကြီး၊ လူပျိုလူရွယ်များက တပျော်တပါး စားသောက်တတ်ကြသည်။ ကရင်လူမျိုးများသည် ပွဲတော် ရှိလျှင် အထူးပျော်ရွှင် တတ်ကြသည်။

သင်္ဘောလွှတ်ပွဲ

   ကော့ကရိတ်ခရိုင် လောင်းကိုင်နယ်ရှိ ရှို(ပိုး)ကရင် အမျိုးသားများသည် တော်သလင်းလတွင် သင်္ဘောလွှတ်ပွဲတော်ကို ကျင်းပကြသည်။ လေးငါးခြောက်ရွာ ပူးပေါင်း၍  သင်္ဘောလွှတ်ပွဲတော်ကို ပြုလုပ်တတ်ကြသည်။ အလျား ၁၅ ပေ၊ အနံ ၆ပေ ခန့်ရှိ ဝါးရာဇမတ်များဖြင့် သင်္ဘောပြုလုပ်၍ ဘုရားတွင် ဆွမ်းတော်တင်ကြသည်။ ဆွမ်းတော်တင် ပြီးစီးပါက ဆွမ်းတော်များကို သင်္ဘောပေါ်သို့ စွန့်ရသည်။ ထိုအလှူဒါနပွဲတွင် ပိန္နဲခွက်ဖြင့် ထည့်ထားသော ဆွမ်းတော်တစ်ထောင်၊ ဝါးကျည်တောက် ငယ်များဖြင့် ထည့်ထားသော သောက်တော်ရေ တစ်ထောင်၊ ပန်းတစ်ထောင်ပါရသည်။ နိဗ္ဗာန်ကို ရည်စူး၍ လှူဒါန်းရာတွင် သံသရာရေလှိုင်းကို မဂ္ဂင်ရှစ်ပါးတည်းဟူသော သင်္ဘောနှင့် ကူးရန် ရည်စူးချက် အဓိပ္ပာယ်ဖြင့် သင်္ဘောလွှတ်ပွဲကို ကျင်းပခြင်း ဖြစ်သည်။

အရိုးကောက်ပွဲ  

နတ်စားကရင်များသည် အရိုးကောက်ပွဲ ပြုလုပ်လေ့ရှိကြသည်။