ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကရင်ပြည်နယ်အတွင်းရှိ ကရင်လူမျိုးတို့၏ အစားအသောက်များ
Image

        တိုင်းရင်းသား ကရင်လူမျိုးများသည် ဆန်စပါးကို အဓိကထား၍ စိုက်ပျိုးလုပ်ကိုင် ကြသည့်အလျောက် နေ့စဉ်စားသောက်သော အစားအစာများတွင် ဆန်ထမင်းသည် အဓိက အများဆုံး ပါဝင်သည်။ ငပိနှင့် ငရုတ်သီးသည်လည်း ထမင်းနှင့် တွဲဖက်ပါဝင်သော အဓိကအစား အစာများ ဖြစ်ကြသည်။ ရှေးအခါမှစ၍ ယနေ့တိုင် လယ် ယာ၊ တောခုတ်၊ ကိုင်း၊ ခြံ လုပ်၍ စားသောက်ကြသော ကရင်လူမျိုးမိသားစုများသည် ဆန်၊ ငပိနှင့် ငရုတ် ဖူလုံလျှင် ယင်းတို့၏ ဝမ်းစာ ဖူလုံပြီဟု ယူဆထားကြသည်။ 

မြေပြန့်နေ အရှေ့ရှို(ပိုး)ကရင်များသည် များသောအားဖြင့် တော၊ တောင်၊ မြစ်၊ ချောင်းနှင့် အင်းအိုင်ရှိရာ အနီးတွင် ရပ်ရွာတည်ထောင်လေ့ ရှိကြသည်။ ငါးကို မြို့နှင့် နီးစပ်သော ကျေးရွာ များမှအပ ကျန်ကျေးရွာများတွင် ငွေဖြင့်ဝယ်ယူစားသုံးခြင်း နည်းပါးသည်။ များသောအားဖြင့် ငါးကို ရွာအနီး မြစ်၊ ချောင်း၊ အင်းအိုင်၊ လယ် ကွင်းနှင့် ကန်များတွင် ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးများသည် အချိန်အခါမရွေး ရှာဖွေစားသောက်တတ်ကြသည်။ အပိုအလျှံ ရှာဖွေရရှိပါက ငပိထည့်ရန် ဆားဖြူးနေလှန်းထားတတ်ကြသည်။ အိမ်နီးချင်းများနှင့်လည်း ပစ္စည်းချင်း ဖလှယ်၍ ဝေမျှစားသောက်တတ်ကြသည်။ ငါးအပိုအလျှံရှိသူထံ ငရုတ်ရှိသူက လည်းကောင်း၊ ဖက်ရှိသူကလည်းကောင်း၊ ဆေး၊ ကွမ်း၊ ကွမ်းသီးရှိသူများကလည်းကောင်း လဲလှယ်၍ စားသုံး တတ်ကြသည်။ ငါးအပြင် များများစားစား စားသုံးသော နေ့စဉ်အစားအစာ အာဟာရများမှာ ဟင်းသီးဟင်းရွက်ဖြစ်သည်။ ဗူးသီး၊ ဖရုံသီး၊ ဖရဲသီး၊ သခွားသီး၊ ပိန္နဲသီး၊ ခရမ်းသီး၊ ပဲသီး၊ ငရုတ်သီးစိမ်း၊ ခဝဲသီး၊ သရက်သီး၊ ရုံးပတီသီး၊ နံနံရွက်၊ လက်ပံပွင့်၊ စပါးလင်၊ မျှစ်၊ မျှစ်ချဉ်၊ ကြိမ်ဖူး၊ ဆူးပုပ်၊ ပိန်းဥ၊ မျောက်ဥများနှင့် ရာသီအလိုက် အသီး၊ အရွက်၊ အပွင့်၊ အဖူး၊ အညွန့်နှင့် သစ်ဥများကို ငါးစိမ်း၊ ငါးကျပ်ကင်များနှင့် တာလပေါ့ ဟင်းချက်၍ တစ်မျိုး၊ ဟင်းချို သို့မဟုတ် အတို့ အပြုတ်များအဖြစ် တစ်နည်း၊ မြှုပ်၍၊ ဖုတ်၍ တစ်ဖုံ စားသောက်တတ်ကြသည်။

ကြက်၊ ဝက်၊ ဘဲ၊ နွား၊ ကျွဲများကိုမူ နေ့စဉ် စားသောက်လေ့မရှိပဲ ပွဲတော်အခါများတွင် လည်းကောင်း၊ ရပ်ဝေးမှ ဧည့်သည်လာလျှင်လည်းကောင်း၊ မင်္ဂလာဆောင်၊ အသုဘ၊ အရိုး ကောက်ပွဲ များတွင်လည်းကောင်း၊ နတ်တင်ပသသောအခါနှင့် လုပ်ငန်းတခုခုစတင် ပြုသည့်အခါတွင် လည်းကောင်း တစ်အိမ်လုံး၊ တစ်ရွာလုံး တပျော် တပါး စားသောက်ကြသည်။                                                                

       ထမင်းကို တနေ့လျှင် နှစ်ကြိမ်စားသည်။ နံနက် ၈နာရီမှ ၁၀ နာရီအတွင်း တစ်ကြိမ်၊ ညနေ ၃ နာရီမှ ၅ နာရီအတွင်း တစ်ကြိမ် စားလေ့ရှိသည်။ အချို့မူ သုံးကြိမ်စား သည်။ နံနက်စောစော အိပ်ရာထတွင် ထမင်းကြမ်းနှင့် ငပိဖုတ်ကို စားတတ်ကြသည်။ များသောအားဖြင့် အလုပ်ရှိသည့် အခါများတွင် နံနက်အိပ်ရာထလျှင်ထချင်း ထမင်းစားကြသည်။ နေ့ခင်းနေ့လည် ဆာလောင်လျှင် ထမင်းနှင့် ငပိထောင်း၊ ငရုတ်သီးထောင်း၊ အပြုတ်၊ အတို့များနှင့် အဆာပြေ စားသောက်တတ် ကြသည်။ သရက်သီး၊ မရမ်းသီး စသော ရာသီအလိုက် လှိုင်လှိုင်ပေါ်သော အသီးအနှံများကို ငပိ၊ ကြက်သွန်၊ ငရုတ်သီးနှင့် သုတ်၍ စားတတ်သည်။ ဆား၊ ငပိများနှင့်လည်းတို့၍ စားသည့်အပြင် ရေရှည်စားနိုင်ရန် ခွဲစိတ်ပြီး ဆားဖြူးနေလှန်း၍ တစ်မျိုး၊ ဆားရေစိမ်၍တဖုံ သိုလှောင်သိမ်းဆည်း ထားတတ်ကြသည်။

တခါတရံ အိမ်နီးချင်းများ စုပေါင်း၍ မုန့်ဟင်းခါး ချက်စားတတ်ကြသည်။ တစ်ဦးချင်း ချက်စားသည်လည်းရှိသည်။ အရှေ့ရှို (ပိုး) ကရင်ဘာသာ စကားဖြင့်မုန့် ဟင်းခါးကို “ ခနွံ” ဟု ခေါ်သည်။ တောင်ပေါ်နှင့် မြေပြန့်နေ ကရင်အားလုံးပင် မုန့်ဟင်းခါးကို ကြိုက်နှစ်သက်ကြ သည်။ တစ်ဦးလျှင် တစ်ပိသာခန့်စားနိုင်သည်။ မုန့်ဟင်းခါးချက်ရာတွင် ပဲမှုန့်အစား ဆန်နှစ်ကို ခတ်တတ်သည်။ ရွာကြီးတိုင်းလိုလိုမှာပင် မုန့်ဟင်းခါးသည်ရှိသည်။ ပိုက်ဆံနှင့်လည်း ဝယ်စား နိုင်သည်။ ပစ္စည်းနှင့်လည်း ဖလှယ်၍ စားသုံးနိုင်၏။ အရိုးကောက်ပွဲ၊ အော်ပွဲ၊ ဒုံးပွဲ၊ ဘုရားပွဲ များတွင် မုန့်ဟင်းခါးကျွေးတတ်သည်။ နေ့ခင်းနေ့လယ်များတွင် မုန့်လက်ဆောင်း၊ ဥသျှစ်သီး ဖျော်ရည်၊ မန်ကျည်းသီး ဖျော်ရည်များကို ဖျော်သောက်တတ်သည်။ ယင်းတို့ကို အုန်းနို့၊ ကြံသကာ၊ ထန်းလျက်များနှင့်ဖျော်သည်။ အဖွားအို၊ အဖိုးအိုများ၊ အမျိုးသမီးများနှင့် ကလေး သူငယ်များသည် အထက်ပါအဖျော်ယမကာများကို များစွာကြိုက်နှစ်သက်ကြသည်။ ဧည့်သည် လာလျှင် ကွမ်း၊ ဆေး၊ ဓားလှီးဆေး၊ ဆေးတံ၊ ဘန့်ဘွေးဖက် ဆေးလိပ်များဖြင့် တည်ခင်း ဧည့်ခံ တတ်ကြသည်။ လက်ဖက်ရည်ကြမ်းကိုလည်း သောက်လေ့ရှိကြသည်။ အချို့ ဒေသများတွင် ကလောခေါက်၊ ကာဖီရွက်၊ လောက် သေခြောက်၊ မဲဇလီရွက်ခြောက်၊ ပေါက်ပွင့်ခြောက်များကို လက်ဖက်ခြောက်အစားခတ်၍ သောက်သုံးကြသည်။ ကလောခေါက်ခတ်၍ သောက်သော် အညောင်းအညာ အကိုက်အခဲပျောက်ကင်းသည်။ ဒူလာသမားများအတွက်ကောင်း၍ အနာရှိလျှင် ပိုးသေးသည်။ မဲဇလီရွက်ခြောက်ခတ်၍သောက်သော် ဝမ်းပျော့ပျော့သွားသည်။ ဝမ်းချုပ်တတ် သူများအဖို့ ဆေးတစ်လက်ဖြစ်သည်။ ပေါက်ပွင့်ခြောက်ခတ်၍ သောက်သော် ဆီးရွှင်သည်။ အခေါက်၊ အရွက်၊ အဖူး၊ အပွင့်များသည် ရွာတွင်း၊ တောတွင်း၌ သဘာဝအလျောက် ဖူးပွင့်နေ သဖြင့် အလွယ်တကူခူးယူ၍ အခြောက်လှန်းထားလေ့ရှိသည်။ အရှေ့ရှို(ပိုး) ကရင်အမျိုးသား များ၏ နေ့စဉ်အစားအစာများမှာ လူ၏ကျန်းမာရေးအတွက် သူ့နေရာနှင့်သူ ဆေးဖက်ဝင်သော အစားအစာများဖြစ်သည်။

ထမင်းကို မြေအိုး၊ ဒန်အိုးများဖြင့် ချက်သည်။ များသောအားဖြင့် ထမင်းရည်ကိုငှဲ့ပစ်သည်။ တောင်ပေါ်ကရင်များသည် တောင်ယာဆင်းချိန်များတွင် စလူဝါး၊ စလူဖက် (တောင်စောင်းဖက်) များနှင့် ထမင်းဟင်းကိုချက်ပြုတ်ကြသည်။ ထမင်းကို ရေခန်းချက်သည်။ အလှူအတန်းများတွင် မိုးပြဲဒယ်အိုးကြီးများဖြင့်ထမင်းရေခန်းချက်သည်။ ထမင်းကို မပျော့မမာ အနေတော်ထား၍ ချက်သည်။ ထမင်း၊ ဟင်းချက်ရာတွင် သမီးမိန်းကလေး သို့မဟုတ် မိခင်ကချက်သည်။ အိမ်ရှင် ယောက်ျားကြီးများလည်း ထမင်းချက်တတ်သည်။ သို့ရာတွင် နေ့စဉ်စားသောက်ရေးအတွက် အိမ်ရှင်ယောက်ျားက မချက်ပြုတ်။ ဘုရားပွဲတော်များ၊ အလှူအတန်းများအတွက် အိုးကြီး၊ ဒယ်ကြီးများဖြင့် ချက်ရာတွင် ယောက်ျားကြီးများသာ ချက်ပြုတ်ကြသည်။ အိမ်ရှင်မများကမူ ဘုရားကျောင်းသို့သွား၍ ဆွမ်းတော်တင်၊ ဆွမ်းကပ်၊ အိမ်ရှိ ဧည့်သည်များကို ကျွေးမွေးဧည့်ခံကြ ရသည်။ အပျို လူပျိုများကမူ ပွဲတော်လာ ဘုံဧည့်သည်များကို စတုဒိသာ၌ ကျွေးမွေးဧည့်ခံကြ ရသည်။

ကရင်လူမျိုးများသည် ကြက်နှင့် ဝက်ကို အိမ်တိုင်းစေ့ မွေးလေ့ရှိသည်။ အရှေ့ရှို(ပိုး) ကရင်နှင့် စဝှော်(စကော)ကရင် တလကူဗုဒ္ဓဘာသာဝင် ဂိုဏ်းသားများသည် ကုန်းသတ္တဝါနှင့် အရက်ကို အသက်ထက်ဆုံး မစားသောက်ကြရချေ။ အလားတူပင် လဲကယ်ဘာသာဝင် ကရင် အမျိုးသားများသည်လည်း ကုန်းသတ္တဝါ၊ ရေသတ္တဝါနှင့် အရက်သေစာများကို ရှောင်ကြဉ်ကြရ သည်။ ရပ်ရွာအနေအထားအလိုက် ဘဲ၊ ဆိတ်နှင့် ကျွဲများကိုလည်း မွေးမြူတတ်ကြသည်။ ကြက်နှင့် ဝက်ကို အရေးပေါ်သည့်အခါ နတ်တင်ရန်နှင့် အလှူအတန်းများ၊ ပွဲတော်များ၊ အသုဘနှင့် အရိုးကောက်ပွဲ ဧည့်ခံပွဲများတွင် ချက်ပြုတ်စားသောက်ရန် ရည်ရွယ်၍ မွေးသည်။ ဝယ်သူ လာသည့်အခါနှင့် ငွေအသုံးလိုသည့် အခါများ၌သာ ကြက်၊ ဘဲ၊ ဝက်နှင့် ဆိတ်များကို ရောင်းချ တတ်ကြသည်။ မြေပြန့်ကရင်များသည် အလှူအတန်းနှင့် အခမ်းအနား ဧည့်ခံပွဲများတွင် ကြက်၊ ဝက်တို့ဖြင့် ဧည့်ခံကျွေးမွေးတတ်ကြသည်။

     မြေပြန့်နေ ရှို(ပိုး)ကရင်ကျေးရွာများတွင် နေ့စဉ်ချက်ပြုတ် စားသောက်တတ်သော ဟင်းများအနက် လူကြိုက်များသော လူကြိုက်များသော ဟင်းအချို့မှာ ပိန္ဒဲသီးနုတာလပေါ့၊ ပိတ်ချင်းရွက်တာလပေါ့၊ မျှစ်စို့တာလပေါ့၊ ကြိမ်ဖူးတာလပေါ့၊ မျှစ်ချဉ်ဟင်း၊ ပိန်းဥနှင့်မျှစ်ချဉ်ဟင်း၊ ကဒဟင်း၊ ကိုင်းဟင်း၊ မုဆိုးဟင်းနှင့် အခါကြီးရက်ကြီးများနှင့် ဥပုသ်နေ့များတွင် ချက်ပြုတ်စားသောက်သော သက်သတ်လွတ်ဟင်းများဖြစ်သည်။ “ယာအူးထိ”ခေါ်ငပိရည်ကျိုမှာမူမပါမပြီးသောစားဖွယ်တစ်ခွက်ဖြစ်သည်။

“ပိန္နဲသီးနုတာလပေါ့” ချက်ပြုတ်ရာတွင် ပိန္နဲသီးနုနု၊ ဆား၊ ပုစွန်၊ ငပိ၊ ငါးကျပ်တင်၊ ဆန်လှော်၊ ဂျင်း၊ ငရုတ်သီးအခြောက်ထောင်းနှင့် ငရုတ်ကောင်းတို့ ပါရသည်။

“ပိတ်ချင်းရွက်တာလပေါ့”ကို ပိတ်ချင်းရွက်၊ ကြက်သား၊ ဆန်လှော်မှုန့်၊ စိမ်းစားငပိ၊ နနွင်း၊ စပါးလင်၊ ငရုတ်ခြောက်ထောင်းနှင့် ငရုတ်ကောင်းပါရသည်။ 

“မျှစ်စို့တာလပေါ့”ကို လှီးပြီးသား မျှစ်စို့၊ ငါးခူ၊ ငါးရံ့၊ ပုစွန်စိမ်း၊ ဂဏန်း၊ ဆား၊ နနွင်း၊ စပါးလင်၊ ပင်စိမ်း၊ စိမ်းစားငပိနှင့် ငရုတ်သီးခြောက်များထည့်၍ ချက်ရသည်။

“ ပိန်းဥနှင့် မျှစ်ချဉ်ဟင်း” ချက်ပြုတ်ရာတွင် ပိန်းဥ၊ မျှစ်ချဉ်၊ ငါးဖန်းမ အစိမ်း၊ ငါးခူ၊ ငါးရံ့၊ ငါးပတ်အစိမ်း၊ စပါးလင်၊ ပင်စိမ်း၊ စိမ်းစားငါးပိနှင့် ငရုတ်သီး အခြောက်ထောင်း၍ ထည့်ရသည်။

“ကဒဟင်း” ချက်ပြုတ်ရာတွင် ကဒဥ၊ ငါးခူ၊ ငါးရံ့ကျပ်တင်၊ ငပိ၊ ဆား၊ နနွင်း၊ ပင်စိမ်းရွက်၊ စပါးလင်၊ ငရုတ်သီးအခြောက်ထောင်းများကို ထည့်၍ ချက်ရသည်။

“ကိုင်းဟင်း” ချက်ပြုတ်ရာတွင် ဖရဲသီး၊ ခဝဲသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ဆီးသီး၊ ပဲလိပ်ပြာသီး၊ နံနံရွက်၊ လက်ပံပွင့်၊ ငါးကျပ်တင်၊ ငရုတ်သီးစိမ်းထည့်၍ ချက်ပြုတ်သည်။

“ဆယ်ဟင်း” ကို ငါးကလေးအမျိုးမျိုး၊ ရေတောင်သလဲရွက်၊ ကြက်သွန်နီ၊ ဆား၊ ပုစွန်ငပိနှင့် ငရုတ်သီး ကြမ်းကြမ်းထောင်းထည့်၍ ချက်ပြုတ်ရသည်။

“ မုဆိုးဟင်း” ကို ချက်ပြုတ်ရာတွင် ကြက်သား၊ ပုစွန်ငပိ၊ စပါးလင်၊ ရှမ်းနံနံရွက်နှင့် ဆားထည့်၍ ချက်ပြုတ်သည်။ 

သံတောင်နယ် တောင်ပေါ် ကရင်အမျိုးသားများ၏ နေ့စဉ် စားသောက်သော ဟင်းများ အနက် အများကြိုက်ဟင်းမှာ “တာဟဲဖိုး” ခေါ် “ ကျည်တောက်ထိုးဟင်း” နှင့် “ခူလာမူ” ခေါ် ပိန်းပုတ်မှုန့်ထောင်းဖြစ်သည်။

“တာဟဲဖိုး” ခေါ် ကျည်တောက်ထိုးဟင်းကို အချင်း ၄ လက်မ အလျား ၁၈ လက်မခန့်ရှိ စလူဝါး နုနုတချောင်းကို အဆစ်ဖောက်၍ အသားခြောက်၊ ပဲတောင့်ရှည်သီး၊ ငရုတ်သီးစိမ်း၊ မျှစ်ချဉ်၊ ခရမ်းကစော့သီး၊ ပိန်းရိုး၊ လဲလူရွက်၊ ဆူးပုပ်၊ ဖီးကြမ်းငှက်ပျောသီးစိမ်း၊ ငပိ၊ ရာသီအလိုက် ရွှေဖရုံ၊ ကျောက်ဖရုံထည့်၍ အဆစ်ပိတ်ပြီး မီးတွင်ဖုတ်သည်။ ကျက်လောက်မည့် အချိန် ရောက်လျှင်ချ၍ စားသည်။ အများကြိုက်ဟင်း တခွက်ဖြစ်၍ ဝက်သားနှင့် မလဲနိုင်ကြပေ။

“ခူလာမူ” ခေါ် ပိန်းပုတ်မှုန့်ဖြစ်အောင် “ခူလာ” ခေါ် ပိန်းရွက်ခြောက်ကို ငရုတ်သီး၊ ဆား တို့ဖြင့် ထောင်းယူရသည်။ “ ခူလာမူ” ပိန်းပုတ်မှုန့်နှင့် “တာဟဲဖိုး” ကျည်တောက်ထိုး ဟင်းမှာ အဖတ်များဖြစ်၍ လူကြိုက်များကြသည်။

မြေပြန့်ကျေးလက်နေ အရှေ့ရှို(ပိုး) ကရင်များနှင့် တောင်ပေါ်ကရင်များသည် ရိုးရာဓလေ့ ဟင်းချက်ရာတွင် ဆီကိုအသုံးနည်း၍ ဟင်းခတ် အမွှေးအကြိုင်အဖြစ် စပါးလင်၊ ဂျင်း၊ ပင်စိမ်းရွက်၊ နံနံရွက်၊ ငရုတ်ကောင်းများကို အသုံးများကြသည်။ မြေပြန့်နေ အရှေ့ရှို (ပိုး) ကရင်များသည် “တာလပေါ့” ဟင်းချက်သည့်အခါ ဆီထည့်၍ ချက်သည်ကို မကြိုက်။ ဆီ ထည့်မိလျှင် ဇာတ်ပျက်၍ မြို့ဆန်သွားပြီဟု နောက်ပြောင်တတ်သည်။ “တာလပေါ့”ဟင်း စစ်စစ်ချက် ရာတွင် ဆီမထည့်ရ။ တိုင်းရင်းသား ကရင်လူမျိုးတိုင်းသည် “တာလပေါ့” ဟင်းကို ကြိုက်နှစ် သက်ကြသည်။

ထမင်းစားရာတွင် စားပွဲဝိုင်းအနိမ့်ဖြင့်လည်းကောင်း၊ ကြမ်းပေါ်ချ၍လည်းကောင်း၊ မိသားစုတစ်စုတစ်ဝေးတည်း စားသောက်တတ်ကြသည်။ အချို့ရွာများ၌ ဒေါင်းလန်းတွင်ထည့်၍ ဝိုင်းစားသည်။ အချို့မူ ဒေါင်းလန်းကိုပွဲတော်ရက်နတ်စားပွဲများတွင်သာ ရိုးရာမပျက် အသုံးပြု ကြသည်။ ဒေါင်းလန်း မရှိသူများသည် ဆန်ကော တွင် ထည့်ကာ မိသားစုဝိုင်း၍ စားလေ့ရှိသည်။ စားသောက်ရာတွင် ကြွေပန်းကန်၊ ကြွေခွက်၊ ကြွေဇွန်း သို့မဟုတ် ကြွေရည်သုတ် သံပန်းကန်များ၊ ခွက်နှင့်ဇွန်းများကိုလည်း သုံးလေ့ရှိကြသည်။ အစွန်အဖျားကျသော ရွာများတွင် ဝါးခွက်၊ ဝါးဇွန်းများ အသုံးပြုသည်ကို တွေ့နိုင်သေးသည်။ ရွာကြီးများမှာပင် အရက်ဝိုင်း၊ လက်ဖက် ရည်ကြမ်းဝိုင်း များ၌ ဝါးခွက်များကို များများစားစား အသုံးပြုကြသေးသည်။

သားသမီးများ‌သော အိမ်ထောင်စုများတွင် ကလေးငယ်များသည် ဝိုင်းပြင်ထွက် စားသောက် ကြသည်။ သာမန်အချိန်တွင် ယောက်ျား၊ မိန်းမ၊ လူကြီး၊ လူငယ်မခွဲခြားပဲ တဝိုင်းတည်း စားသောက် ကြသည်။ ဧည့်သည်ရှိသည့်အခါ ယောက်ျားဝိုင်းတွင် အိမ်ရှင်ယောက်ျားက ဝင်ရောက်စားသောက်ပြီး အမျိုးသမီးနှင့် ကလေးဝိုင်းတွင် အိမ်ရှင်မ အမျိုးသမီးနှင့် ကလေးများဝိုင်း၍ စားသောက်ကြ သည်။ ထမင်းစားရာတွင် အိမ်ရှင်မနှင့် သမီးအကြီးက တည်ခင်းကျွေးမွေးရသည်။

ကရင်လူမျိုးများသည် နတ်စားရာတွင်လည်းကောင်း၊ ဘိုးဘွားများကိုပသရာတွင်  လည်းကောင်း၊ အရိုးကောက်ပွဲကျင်းပ၍ သေသူအား ကျွေးမွေးဖြေဖျော်ရာတွင်လည်းကောင်း၊ မင်္ဂလာအခမ်းအနား၊ အလှူပွဲ၊ ဧည့်ခံပွဲများ ပြုလုပ်ရာတွင်လည်းကောင်း အရက်ပါရသည်။(အချို့ ရိုးရာနတ်များသည် အရက်မကြိုက်ကြချေ။) များသောအားဖြင့် လူပျိုများမှစ၍ လူကြီးများအထိ အရက်ကို ကြိုက်နှစ်သက်ကြသည်။ ဒေသအလိုက် အမျိုးသမီးများမှအစ ကလေးငယ်များနှင့် အဖိုးအို၊ အဖွားအိုများပါ သောက်ကြသည်လည်းရှိသည်။ ရှောင်ကြဉ်ကြသည်လည်းရှိသည်။ ဗုဒ္ဓ ဘာသာဝင် ရှို(ပိုး)ကရင်များသည် အသက်အရွယ်ကြီးရင့်လာသည့်အခါ ဘုရားကျောင်းကန်နှင့်သာ နီးနီးကပ်ကပ်နေ၍ အရက်ကို မသောက်ကြတော့ချေ။

အရက်အမျိုးမျိုးရှိသည်။ ခေါင်ရည်၊ စိမ်ရည်၊ ကဇော်၊ ထန်းရည်နှင့် ချက်အရက်များဖြစ် သည်။ ချက်အရက်ကို ကြံသကာ၊ ပိန္နဲသီးအမှည့်၊ ကဘောင်းသီး၊ ဆန်၊ ကောက်ညှင်းများနှင့် ချက်လုပ်ကြသည်။ အရက်သေစာ သောက်စားခြင်းသည် မိရိုးဖလာ အများလက်ခံထားသော ဓလေ့တခုဖြစ်သည်။ အရှေ့ရှို(ပိုး) ကရင်အချို့သည် အရက်သောက်မှ အလုပ်လုပ်နိုင်သည်ဟု ယူဆကြသည်။ ဓလေ့ထုံးစံအရ အရက်ကိုချက်ပြီး သောက်တတ်ကြသည်။ အရှေ့ရှို(ပိုး) ကရင် များသည် ချက်အရက်ကို ပို၍ နှစ်သက်ကြသည်။ သံတောင်မြို့နယ်မြောက်ပိုင်း တောင်ပေါ် ကရင်အမျိုးသားများသည် ခေါင်ရည်ကို ကြိုက်နှစ်သက်ကြသည်။ ဓလေ့ထုံးစံအရ အိမ်တွင် ခေါင်ရည်ထည့်၍ သောက်တတ်ကြသည်။ တစ်အိမ်တွင် အနည်းဆုံး ၁၀ ပိသာဝင် စဥ့်အိုး ၅ လုံး ၁၀ လုံးမှ အလုံး ၂၀ အထိ ခေါင်ရည်အိုးများ ထားရှိတတ်သည်။ အသက်အရွယ်ကြီးသူများ ရှိသောအိမ်တွင် ခေါင်ရည်အိုး ပို၍များသည်။

ခေါင်ရည်ထည့်မည်ဆိုလျှင် အမျိုးသမီးများသည် ကောက်ညှင်းစပါးကို သုံးပုံတစ်ပုံခန့်  ကွဲအောင်ထောင်းရသည်။ အမှုန်အမွှားများ စင်အောင်ဆေး၍ ရေစစ်အောင်ထားရသည်။ ထို့နောက် ပေါင်းအိုးနှင့်ပေါင်းရသည်။ နပ်လျှင် ဖျာပေါ်တွင်ဖြန့်၍ လေသလပ်အောင် နေရိပ်တွင် လှန်းရသည်။ အေးသွားလျှင် တဆေးဖြူး၍ မွှေပြီးနောက် စဥ့်အိုးတွင် သိပ်ရသည်။ ထို့နောက် လေလုံအောင်နှီးပါး ဖျာငယ်ဖြင့် အုပ်၊ အပေါ်မှ စလောင်းဖုံးနှင့် လုံအောင်ဖုံး၍ ဂုံနီအိတ်ဖြင့် အုပ်ထားရသည်။ ခေါင်ရည် ထည့်ပြီးနောက် ခုနစ်ရက်အကြာတွင် သောက်နိုင်သည်။ သို့သော် ရက်ကြာလျှင် ပို၍ကောင်းသဖြင့် သုံးလ၊ ခြောက်လမှ တစ်နှစ်အထိထား၍ သောက်တတ်ကြ သည်။

ခေါင်ရည်ကို အချို၊ အချဉ်၊ အခါး၊ ချိုမြ၊ ချိုပြင်း၊ ချဉ်ပြင်း၊ ခါးပြင်း ဟူ၍ ထည့်လေ့ရှိသည်။ အချို၊ အချဉ်၊ အခါး ဟူ၍ အမျိုးအစား ကွဲပြားခြင်းမှာ တဆေး အရင့်အနု၊ အနည်းအများပေါ်တွင် တည်သည်။ ရေဆေးသည့်အခါ၊ နေလှန်းသည့်အခါ၊ ပေါင်းသည့်အခါ မသန့်လျှင် အလွန် ချဉ်တတ်သည်။ တဆေးများလျှင်ဖြစ်စေ၊ ဆန် ကြမ်းများလျှင်ဖြစ်စေ ခါးတတ်သည်။ ကောက်ညှင်း များ၍ တဆေးနည်းလျှင် ချိုတတ်သည်။ နွေအခါထည့်သော ခေါင်ရည်သည် အချဉ်ဖြစ်လွယ် သည်။ မိုးတွင်း၊ ဆောင်းတွင်းတွင် ထည့်သောခေါင်ရည်သည် ချိုလွယ်သည်။ စဥ့်အိုးတွင် ခေါင်ကို နှစ်လ၊ သုံးလ သိပ်ထားပါက အရည်များ အိုးအောက်ပိုင်း၌ ထိုင်လာပြီး အနည်းငယ် ပျစ်လာသည်။ ထိုအရည်ကို “ အကျရည်” ဟု ခေါ်သည်။ အပေါ်မှ ခေါင်ဖတ်များ ဖယ်၍ ခပ်ယူ ရသည်။ အကျရည် တစ်ဆကို ရေနွေးသုံးဆ၊ လေးဆဖြင့်ရော၍ သောက်နိုင်သည်။ အရသာမှာ ချို၍ပြင်းသည်။ တစိမ့်စိမ့် မူးသည်။ လူအများ ကြိုက်နှစ်သက်ကြသည်။ လူကြီးလူကောင်းများ၊ ကြေးရတတ်များ သုံးစွဲကြသည်။

အချို၊ အချဉ်၊ အခါး သုံးမျိုး အနက် အမျိုးသမီးအချို့ ကြိုက်သည်။ အရက် ဂျိုးများက အခါးကြိုက်သည်။ အသက်အရွယ် ကြီးရင့်သူများက ချိုပြင်း၊ ခါးပြင်းကို ကြိုက်သည်။ ပင်ပန်း ကြီးစွာ လုပ်ရသူတို့အဖွဲ့ ချဉ်ပြင်းကို ကြိုက်ကြသည်။ နွေအခါတွင် အချဉ်သောက်သူများ၍ မိုးတွင်း၊ ဆောင်းတွင်း၌ အချိုသောက်လေ့ရှိသည်။

ခေါင်ရည်ကို သောက်သည့်အခါ ဝါးဗူးအတွင်း(ဝါးရှားသည့်အရပ်တွင် စဥ့်အိုးငယ်နှင့်ထည့် သည်။) ခေါင်ဖတ်ကို ခပ်ထည့်၍ ရေပူ သို့မဟုတ် ရေအေးလောင်းထည့်ရသည်။ ရေပူထည့်လျှင် မိနစ် ၂၀ ခန့်၊ ရေအေးထည့်လျှင် မိနစ် ၃၀ ခန့်အကြာတွင် ခေါင်ဖတ်နူး၍ ခေါင်ရည်ရသည်။ ယင်းကို အဖောက်ရည်ဟုခေါ်သည်။ အကျရည်လောက် မကောင်းချေ။ ပလူတံများကို တဖြည်းဖြည်းထိုး၍ သောက်နိုင်သည်။ ဧည့်သည်လာလျှင် ခေါင်ရည်နှင့် ဧည့်ခံလေ့ရှိသည်။ အိမ်ရှင်ပါ သောက်ရသည်။ တစ်ဗူးတည်းကို လက်လှည့်သောက်သော အလေ့အထရှိသည်။ ပလူတံ လက်လှည့် ဟုခေါ်ကြသည်။ တစ်ဦးနှင့်တစ်ဦး အပင်းခတ်၊ အဆိပ်ခတ်မည်ကို စိုးရိမ် သဖြင့် အိမ်ရှင်နှင့် တဗူးတည်းအတွင်းမှ ခေါင်ရည်ကို လက်လှည့်၍ သောက်ရခြင်းဖြစ်သည်။ အချို့ကမူ ကျည်တောက်ဖင်ကို အပေါက်ဖောက်၍ သစ်ပင် သို့မဟုတ် တိုင်တွင်ချိတ်ဆွဲပြီး တစိမ့်စိမ့် ကျလာသော အပေါက်မှ ခေါင်ရည်ကို ဝါးဗူးနှင့်ခံ၍ မော့သောက်သည်။ ဤနည်းမှာ ပလူတံနှင့် လက်လှည့်သောက်သည်ထက် ကျန်းမာရေးနှင့် ညီညွတ်၍ ခေတ်မီသော်လည်း အများက ပလူတံဖြင့် လက်လှည့်စုတ်သည့် စနစ်ကိုပင် နှစ်သက်ကြသည်။

ပွဲလမ်းသဘင်များ၊ အသုဘများတွင် လူကြီးလူကောင်းများသည် မူးယစ်အောင်သောက်၍ တစ်ဦးနှင့်တစ်ဦး လုပ်အားပြိုင်ခြင်း၊ ထကြွလုံ့လဝိရိယရှိမှု ပြိုင်ဆိုင်ခြင်းများကို ပြောဆိုငြင်းခုံ ကြသည်။ လူငယ်များကမူ ခေါင်သောက်၍ မူးသည်ဟု အပြောခံရမည်ကို ရှက်ကြောက်ကြ သည်။ အပျို၊ လူပျို ဧည့်ခံရာတွင် ခေါင်ရည်ဖြင့် ဧည့်ခံတတ်ကြသည်။ သို့သော် မူး၍ ရမ်းကားခြင်း၊ ခိုက်ရန်ဒေါသ ဖြစ်ခြင်းနည်းပါးသည်။ အပျိုလူပျို သစ္စာဆိုကြသည့်အခါ ခေါင်မော့၍ဖြစ်စေ၊ ပလူတံဖြင့် လက်လှည့်ကမ်းစုတ်၍ဖြစ်စေ အဓိဋ္ဌာန်ပြု သောက်ကြသည်။ ထိုအခါ အမျိုးသမီးက  “သက်ဆုံးတိုင် ပေါင်းပါမည်၊ သစ္စာ မဖောက်ပြားပါ” ဟု ဆိုပြီးနောက် ယောက်ျားလေးကလည်း အလားတူ သစ္စာအဓိဋ္ဌာန်ပြု၍ ခေါင်ရည်သောက်ရင်း မေတ္တာကြိုး ဖွဲ့နှောင်ကြသည်။

သံတောင် မြောက်ပိုင်း တောင်ပေါ် ကရင်လူမျိုးများသည် ခေါင်ရည်ကို အမြတ်တနိုး ထား၍ သောက်ကြသည်။ ထမင်းထက် ခေါင်ရည်ကို ခုံမင်ကြသည်။ ဆန်စပါးဝမ်းစာထက် ခေါင်ရည်ဝမ်းစာကို ပို၍သိုလှောင်ရသည်။ ထမင်းတဆ၊ ခေါင်ရည်နှစ်ဆခန့်ရှိမည်။ ခေါင်ရည် ကိုသာ ခုံခုံမင်မင်သောက်သဖြင့် အလုပ်လုပ်ချိန် လျော့နည်းလာတတ်သည်။ ထကြွလုံ့လရှိမှု၊ တက်ကြွမှုများ၊ ဆုတ်ဆိုင်းလာတတ်သည်။ စီးပွားရေးတွင် ခေါင်ရည်လျှော့သောက်သူများနှင့် များစွာကွာခြင်း နိမ့်ကျသည်။ ခေါင်ရည်သည် အာဟာရကောင်းတခုဖြစ်သည်။ ပျော်ပွဲရွှင်ပွဲ၊ သာရေးနာရေး အခမ်းအနားများတွင် ဈေးပေါပေါအရသာရှိရှိ သောက်နိုင်သည့် အရက်တစ်မျိုး ပင်ဖြစ်ပေသည်။