ကရင် ရိုးရာပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကရင်တိုင်းရင်းသားတို့၏ရိုးရာပွဲတော်များမှကိုးကွယ် ယုံကြည်မှုဆိုင်ရာပွဲတော်များအကြောင်း
Image

ကရင်တိုင်းရင်းသားတို့တွင် စကောကရင် (သို့မဟုတ်)  မြန်မာကရင်နှင့် ပိုးကရင် (သို့မဟုတ်) မွန်ကရင် ဟူ၍အဓိကလူမျိုးစုကြီး(၂) စုရှိသည်။ ထိုလူမျိုးစုကြီးနှစ်စုမှာ ဓလေ့စရိုက်နှင့်အသုံးပြုသော ဘာသာစကားတွင် ကွဲပြား ခြားနားမှုရှိသည်။ ကရင်လူမျိုးစုကြီးတွင် ပါဝင်သော မျိုးနွယ်စု(၁၁)စုရှိသည်။ ၎င်းတို့မှာ-

(၁) ကရင်လူမျိုး

(၂) ကရင်ဖြူလူမျိုး(ဂေဘားကရင်)

(၃) မွန်ကရင်လူမျိုး(စာဖြူ)

(၄) ပလေကီးလူမျိုး(ပလေချီး)

(၅) စကောကရင်လူမျိုး

(၆) တလှေပွာလူမျိုး(တလှေပွား)

(၇) ပကူးလူမျိုး

(၈) ဘွဲလူမျိုး

(၉) မောနေပွားလူမျိုး

(၁၀) မိုးပွားလူမျိုး(မိုပွား)

(၁၁) ပိုးကရင်လူမျိုးတို့ဖြစ်သည်။

ကရင်မျိုးနွယ်စုတွင် အဓိကမျိုးနွယ်စုဖြစ်သော ပိုးကရင် (အရှေ့ပိုး/အနောက်ပိုးကရင်)နှင့် စကောကရင်သာမက ပကူး ကရင်၊ ဘွဲကရင်၊ ဂေခိုကရင်၊ ဂေဘားကရင်၊ မောနေပွား ကရင်၊ ကရင်ဖြူ၊ ထိုကလိဘော်ကရင်၊ တလှေပွားကရင်၊ ပလေချီ၊ ပလေကီးကရင်၊ စသည့်မျိုးနွယ်စုများသည်လည်း ကရင်မျိုးနွယ်စုများတွင်ပါဝင်သည်။

ကရင်လူမျိုးများမှာ  ကိုးကွယ်ယုံကြည်မှု အနေဖြင့်  တောင်ပေါ်နေကရင်များကမူ နတ်ကိုးကွယ်ကြ၍ မြေပြန့် ဒေသနှင့် ကရင်လူမျိုးတို့ကမူ ဗုဒ္ဓဘာသာကိုးကွယ်ကြပြီး မြို့ကြီးပြကြီးများနှင့် မြစ်ဝကျွန်းပေါ် ကရင်အများစုမှာ ခရစ်ယာန်(နှစ်ခြင်း)ဘာသာဝင်များ ဖြစ်ကြသည်။ ဗမာ လူမျိုးများကဲ့သို့ လုံချည်နှင့်ရှပ်အင်္ကျီကို ဝတ်ဆင်ကြပြီး ရိုးရာဓလေ့အရ အမျိုးသားဝတ်သင်တိုင်း၊ အမျိုးသမီးဝတ် သင်တိုင်းများရှိကာ  ယင်းရိုးရာဝတ်စုံများကို ပွဲလမ်းသဘင် များနှင့် ရိုးရာပွဲများတွင်ဝတ်ဆင်လေ့ရှိ်ကြသည်။  သို့သော် ခေတ်မီသော ပညာတတ်အမျိုးသားများကမူ ပွဲလမ်းသဘင် များတွင် အနောက်တိုင်းဘောင်းဘီနှင့် သင်တိုင်းများကို ဝတ်ဆင်၍ အမျိုးသမီးများကမူ အမဲရောင်သင်တိုင်းနှင့် အဖြူရောင်သင်တိုင်းကို ဝတ်ဆင်ကြသည်။ ဘာသာရေးကို အထူးလေးစားမှုရှိကြသည်။

ကရင်လူမျိုးတို့၏ ရိုးရာပွဲတော်များကို ဖော်ပြရမည် ဆိုလျှင်-

(က) အော်ပွဲ

(ခ) စိုက်ပျိုးရေးနှင့်ပတ်သက်သောပွဲတော်များ

(ဂ) လူမှုရေးနှင့်ပတ်သက်သောပွဲတော်များ

(ဃ) ဘာသာရေးနှင့်ပတ်သက်သောပွဲတော်များ

(င)  ကရင်အမျိုးသားများ၏နှစ်သစ်ကူးပွဲတော်များ

(စ) အရိုးကောက်ပွဲ

(ဆ) တောင်ယာစူးထိုးပွဲ

(ဇ) ရေမြောင်းတာတမံနတ်ပူဇော်ပွဲ

(ဈ) တောင်ယာစပါးရိတ်သိမ်းပွဲ

(ည) စပါးပုံလိပ်ပြာခေါ်ပွဲ

(ဋ) လယ်နတ်တင်ပွဲ

(ဍ) တောင်ယာနတ်တင်ပွဲ

(ဌ)တောင်ယာနတ်စားပွဲ စသည်တို့မှာ ကရင်လူမျိုး များ၏ ရိုးရာပွဲတော်များဖြစ်ကြသည်။

(က) စပါးပုံလိပ်ပြာခေါ်ပွဲ

စပါးပုံလိပ်ပြာခေါ်ပွဲမှာ ကောက်လှိုင်းများ တလင်း ကွင်း၌ နယ်၍ပြီးသောအခါ စုပုံထားသောစပါးပုံကြီးအတွက် လိပ်ပြာခေါ်ပေးခြင်းဖြစ်သည်။ ယင်းသို့ပြုလုပ်မှသာ စပါးပိုမိုထွက်သည်ဟု ယုံကြည်ကြသည်။ ကျီသွင်းသောအခါတွင်လည်း စပါးလိပ်ပြာမလွင့်နိုင်ဟု အယူရှိကြလေ သည်။ စပါးပုံလိပ်ပြာခေါ်ပွဲကို အရှေ့ပိုးကရင်ဘာသာစကားဖြင့် “ကိုးဖီးဘူးယော”ဟုခေါ်သည်။ အဖွားစပါး လိပ်ပြာခေါ်ခြင်းဟု အဓိပ္ပါယ်ရသည်။ မြန်မာလိုကောက်ဆိုင်ပုံ ထိုးသည်ဟူ၍လည်းခေါ်သည်။ ကိုးဖီးဘူးယောပူဇော်ပသပုံမှာကောက်လှိုင်းသိမ်းအပြီးတလင်းအတွင်းကောက်လှိုင်းများစုပုံရောက်ရှိပြီးသည့်အခါကောက်လှိုင်းပုံပတ်လည်တွင်ဝါးတိုင်(၉)တိုင်ထူရပြီးကောက် လှိုင်း ပုံထက်မြင့်ရသည်။ ဝါးတိုင်ထိပ်တွင် ခြင်းငယ်ဖြင့် ကောက်ညှင်း(၇)ထုပ်၊ ငှက်ပျောသီး(၇)လုံး၊ ကြက်မောက်ပန်း(၇)ခက်တင်ရသည်။ 

စပါးပုံလိပ်ပြာခေါ်ပွဲ

ဝါးတိုင်များသည် ကောက်လှိုင်းပုံဘက်သို့ညွှတ်ကိုင်းနေရ သည်။ စပါးနယ်ခါနီးတွင် ဝါးတိုင်များကိုဖြုတ်၍ စပါးပုံ ပေါ်တင်ရသည်။ဤသည်ကို “ကိုးဖီးဘူးယော”ဟုခေါ်သည်။ ထိုပသပွဲမှာ ဒေသတစ်ခုနှင့်တစ်ခုမတူချေ။ ထိုသို့နတ်တင်မှုမျိုး မပြုလုပ်ပါက လုပ်ကိုင်သူအဖို့ ကျွဲ၊ နွား၊ တိရစ္ဆာန်များကို ဒုက္ခပေးတတ်သည့်အပြင် စိုက်ပျိုးသော ကောက်ပဲသီးနှံ များပျက်စီးခြင်း၊ အထွက်နည်းခြင်းများဖြစ်စေတတ် သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဆိုင်ရာနတ်များကို ဓလေ့ထုံးစံ အတိုင်း တင်မြှောက်ပသကြလေသည်။

(ခ) လယ်နတ်တင်ပွဲ

လယ်နတ်ကို “တလောတိုက်” ဟုခေါ်သည်။ နယုန်လနှင့် ဝါဆိုလများတွင် လယ်ကွင်းထဲ၌ လယ်နတ်တင် ကြရာတွင် ကန်သင်းဘေး၌ တဲအိမ်ဆောက်လုပ်၍ ငါးသုံးကောင်၊ ထမင်းတစ်ပန်းကန်၊ ကွမ်းတစ်ရာ၊ ဖယောင်းတိုင်တစ်တိုင်ဖြင့် လယ်နတ်တင်ကြရသည်။ ဤသို့တင်မြှောက်ပြီး လယ်ကို ကြည့်ရှုစောင့်ရှောက်ရန် လူနှင့်တိရစ္ဆာန်များ ဘေးရန်ကင်းဝေးစေရန်၊ ပိုးမွှားစသော အနှောင့်အယှက်အဖျက်အစီးများမှ ကင်းဝေးစေရန်၊ ဆန်စပါးဖြစ်ထွန်း အောင်မြင်စေရန် ဆုတောင်းရသည်။ အချို့ဒေသများတွင် တော်သလင်း၌ လယ်နတ်တင်ပွဲ ပြုလုပ်ကြပြီး ကောက်ညှင်း၊ နှမ်း၊ ရေ၊ ဖယောင်းတိုင် တို့ဖြင့် သက်သက်လွတ် တင်ကြရသည်။ ထိုသို့လယ်နတ် တင်ပွဲမပြုလုပ်ပါက ကျွဲ၊ နွား၊ တိရစ္ဆာန်များကို ဒုက္ခ ပေးတတ်သည့်အပြင် စိုက်ပျိုးသော  ကောက်ပဲသီးနှံများ ပျက်စီးခြင်း၊ အထွက်နည်းခြင်းများ ဖြစ်စေတတ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ဆိုင်ရာနတ်များကို ဓလေ့ထုံးစံအတိုင်း တင်မြှောက်ပသ ကြလေသည်။

(ဂ) တောင်ယာနတ်ပွဲ

တောင်ယာနတ်ပွဲကို တောင်ယာခုတ်ပြီးလျှင် မတင်သေးဘဲ အပင်စိုက်တော့မည့် အချိန်ကျမှ တင်ရသည်။ ထိုတောင်ယာနတ်ပွဲတွင် အရက်နှစ်ပုလင်း၊ ကြက်ဖ တစ်ကောင်၊ ကြက်မတစ်ကောင်ပြုတ်၍ ခြေထောက် နှစ်ချောင်းစီ၊ တောင်ပံနှစ်ဖက်စီ၊ ခေါင်း၊ အသည်းများကို ငရုတ်သီး၊ ကြက်သွန်၊ မရမ်းပြားများနှင့် ရောထည့်ပြီး ထမင်းတစ်ပန်းကန်၊ ဆေးလိပ်တစ်လိပ်၊ ရေတစ်ခွက်နှင့် တင်ရသည်။ ယင်းသို့ တင်မြှောက်ပြီးလျှင် အထိအခိုက်  အပျက်အစီး မရှိစေရန်နှင့် သီးနှံဖြစ်ထွန်းစေရန်အတွက် ဆုတောင်းကြရလေသည်။

(ဃ) တောင်ယာနတ်စားပွဲ

တောင်ယာနတ်စားပွဲကို တောင်ယာမြေသစ်ရှာဖွေတွေ့ရှိချိန်တွင်ကြက်၊ဝက်၊အရက်စသည်တို့ဖြင့်တောင်ယာနတ်အားပူဇော်ပသ၍‌မြေနေရာကောင်း၏မကောင်း ၏ကို နိမိတ်ဖတ်ခြင်းဖြစ်သည်။

ယင်းပွဲတော်များသည် ကရင်တိုင်းရင်းသားများ နှစ်စဉ်ကျင်းပြုလုပ်လေ့ရှိသော ပွဲတော်များအနက် ရိုးရာ ဓလေ့များနှင့်အညီ ကျင်းပလေ့ရှိသော ပူဇော်ပသမှုဆိုင်ရာ ရိုးရာပွဲတော်များဖြစ်လေသည်။