မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုး တစ်မျိုး စီတိုင်း၌သူတို့နှင့် သက်ဆိုင်သည့် သမိုင်းကြောင်း၊ ယုံကြည် ကိုးကွယ်မှုနှင့်ဓလေ့စရိုက်၊ အသက်မွေးဝမ်းကျောင်းများကိုထင်ဟပ်စေသည့်ယဉ်ကျေးမှုအမွေ အနှစ်များ၊ ရိုးရာအကများ တိုင်းရင်းသားလူမျိုးတိုင်းတွင် ရှိကြ ပါသည်။
ကရင်လူမျိုးတို့သည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသနှင့် ကမ်းရိုးတန်းဒေသများ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာထိုင်းနယ်နိမိတ်တစ်လျှောက်တွင် ပြန့်နှံ့နေထိုင်ကြပြီးဇွဲကပင်တောင်သည် ကရင်ပြည်နယ်၏အလှကိုပုံဖော်ထားသကဲ့သို့ ကရင်ရိုးရာဒုံးအကသည်လည်းကရင်လူမျိုးတို့၏ဘဝ၊ အလှနှင့် လူနေမှုစနစ်ကို ထင်ဟပ်ဖော်ကျူးနိုင်သော ရိုးရာအက တစ်ခုဖြစ်သည်။
ကရင်လူမျိုးနွယ်စုများတွင် ရှေးယခင်က ဒုံးအကကို မူလတီထွင်သော မျိုးနွယ်စုမှာ အရှေ့ပိုးကရင်ဖြစ်ပြီး ဒုံးအက၌ တေးသီချင်းများ၊ ဒုံးအကနှင့် ပတ်သက်သော တူရိယာပစ္စည်းများ အရှေ့ပိုးကရင် ဘာသာ စကားများ၏ အခေါ်အဝေါ် အသုံးအနှုန်းများသာရှိသည်။ ဒုံးအကကို ဗုဒ္ဓဘာသာကိုးကွယ်သော ပိုးကရင်များ၊ ဗုဒ္ဓဘာသာ အနွယ်ဝင်ဖြစ်သော လဲကယ်၊ တလဂုဏ်တို့ကသာ ကကြ သည်။ ပိုးကရင်ဖြစ်သော် လည်း ခရစ်ယာန်ဘာသာဝင်များသည် ဒုံးအကကို ကလေ့မရှိချေ။
ရှေးအခါက ကရင်လူမျိုးတို့သည် ကောက်ဦးစားပွဲ၊ အရိုးကောက်ပွဲနှင့် အလှူအတန်းပွဲတို့တွင် ညအချိန်၌ အပျို၊ လူပျို တို့က (ဆိုအိုင်လင်) ခေါ် အော်ပွဲ(သြပွဲ) သို့မဟုတ် တေးသီဆိုပွဲကို သီဆိုကြသည်။ တေးသီပွဲကို သီဆိုခြင်းမပြုမီ လူပျို၊ အပျိုတို့က နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲဖြင့် မျက်နှာချင်းဆိုင် ထိုင်ပြီး တစ်ဖက်နှင့် တစ်ဖက် စကားထာ၊ အလင်္ကာ၊ တေးကဗျာ အပြန်အလှန် စကားဆိုကြသည်။ ကရင်လူမျိုးတို့သည် တေးကဗျာ၊ လင်္ကာ၊ တေးသီချင်း သီဆိုနိုင်ခြင်းကို အတတ်ပညာရပ်အဖြစ် သတ်မှတ်ကြသည်။ ခေတ်အချိန် အခါ အလျောက်တေးကဗျာ၊ လင်္ကာတတ်ကျွမ်းသူ တို့သည် အထူးလေးစားခံရခြင်း ပွဲတော်တို့တွင် မျက်နှာ စမ်းပွင့်ခြင်း ရှိလေရာ လူပျို၊ အပျိုတို့က လူတိုင်းကျွမ်းကျင် စေရန် လေ့လာသင်ယူကြသည်။
သမိုင်းအရ ကရင်လူမျိုးတို့သည် ပါးမီးယား ကုန်းပြင်မြင့်မှ ဆင်းသက်လာခဲ့ပြီး အဆင့်ဆင့်ပြောင်းရွေ့ လာခဲ့ရာ တိဘက်ကုန်းပြင်မြင့်ကိုဖြတ်ကျော်၍ တရုတ် ပြည် ယူနန်နယ်သို့ရောက်ရှိပြီး တောင်ယာလုပ်ကိုင် စား သောက် ခြင်းဖြင့် နှစ်ပေါင်းရှည်ကြာစွာ အခြေစိုက်၍ နေထိုင်ခဲ့ ကြကြောင်း တောင်ယာစပါး ရိတ်သိမ်းပြီးချိန် နှင့် စပါး ချွေလေ့ရာတွင် ကာလသမီးတို့က တေးကဗျာ၊ လင်္ကာ သီဆိုကြပြီး ကာလသားတို့က ကောက်နှံစပါး အထွက် ကောင်းမွန်ခြင်းကို ရွှင်မြူးအားရဖြစ်ပြီး စပါးပုံ များကို လှည့်ပတ်ကခုန် ကြလေသည်။ ထို့အတူ စပါး စောင့်နတ် သမီး၊ (ဖီ့ဗူးယော်)ကို ပင့်ဖိတ်၍ အကအခုန် တို့ဖြင့် ကန်တော့ကြလေသည်။
ထိုသို့ကခုန်ရာတွင် ညီညာစေရန် ဦ:စွာ လက်ခုပ်လက်ဝါး တီးပေးခြင်းသာရှိပြီး နောင်အခါတွင် ဝါးကျည်တောက်ကိုထုချ၍ မြည်သောအသံကိုဆိုင်းချက်အဖြစ်အသုံးပြုကြလေသည်။ ဝါးကျည်တောက်ထုချသံ၏ တုံ- တုံ- တုံမြည်သောအသံကို အစွဲပြုပြီး ကရင်အခေါ်(ထုံးလီတုံ) ဒုံးအကသည် စတင်လာလေသည်။
တရုတ်ပြည် ယန်စီကျန်မြစ်မှ ယူနန်နယ်မြောက် ပိုင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသောအခါဖားစည်ကိုတူရိယာအဖြစ်သွန်းလုပ်အသုံးပြုလာကြရာဒုံးအကမှာလည်း ဖားစည်ကိုအသုံးပြု၍ ဝါးကျည်တောက်နှင့်တွဲပြီး တီးမှုတ်ကြလေသည်။ ထိုအချိန်မှစ၍ ဒုံးအက၏ တူရိယာတစ်မျိုးဖြစ်သော ဖားစည်ကို စတင်အသုံးပြုကြ လေသည်။
ယူနန်နယ်မြောက်ပိုင်းတွင် နေထိုင်စဉ် ရှမ်းလူမျိုး တို့၏ တူရိယာနှင့် ဆင်တူဖြစ်သော အိုးစည်၊ လင်းကွင်း၊ မောင်း၊ နှဲတို့ကို တီထွင်၍ ဒုံးအက ကရာတွင် အသုံးပြုကြ လေသည်။ ကရင်ဒုံးအကသည် စည်းလုံးမှုကို အခြေခံပြီး သွက်လက်မြူးကြွစွာ ညီညီညာညာ ကရသောအက တစ်မျိုးဖြစ်ပြီးအများနှင့် စုပေါင်းကရခြင်း၊ ဒုံးအဖွဲ့သား တို့သည် ညီညွတ်ခြင်း၊ တက်ကြွခြင်း၊ ရှေ့ဆောင်မှု ကောင်းခြင်း၊ နာခံမှုရှိရခြင်း၊ အချိန်လေးစားခြင်းတို့ကို အခြေ ခံ အဖြစ် ဆောင်ရွက်ရခြင်းတို့ကြောင့် ကရင်ဒုံးအကကို ကြည့်ခြင်းအားဖြင့် ကရင်လူမျိုးတို့၏ လူမျိုးဓလေ့အရ စုပေါင်းနေထိုင်ခြင်း၊ စုပေါင်းဆောင်ရွက်ခြင်း၊ အချင်းချင်း ရိုင်းပင်းကူညီခြင်းရှိကြောင်း သိရှိနိုင် ပါသည်။ “မောင်ရို့ လေလေ့… လေလေ့မောင်ရို့ ….” ဆိုသောမြူးကြွသည့်သီချင်းသံ၊ မာန်ပါသည့်တီးလုံးသံ၊ တက်ကြွ သည့်ကဟန်ကြောင့် ကရင်ဒုံးအကသည် လူသိများကျော် ကြားပြီး အားလုံးစိတ်ဝင်စားနေရသည့် အကတစ်ခုလည်း ဖြစ်ပါသည်။
ကရင်ဒုံးအကတစ်ဖွဲ့ ဖြစ်မြောက်ရန်အတွက် တီးမှုတ်သူ၊ သီဆိုသူ၊ ကပြသူများနှင့် စုစုပေါင်း လူဦးရေ ၅၀ကျော်လိုအပ်ပြီး ကရင်ရိုးရာဒုံးအကကို ကပြတင်ဆက် နိုင်ရန်အတွက် တေးသီချင်း သံစဉ်ကောင်းမွန်မှု၊ စာသား အဓိပ္ပါယ် လေးနက်ပြည့်ဝမှု၊ ကကြိုးများ ပီပြင်မှုနှင့် ခေါင်း၊ ခါး၊ ခြေ၊ လက်၊ ကိုယ်ဟန်ပန်သေသပ်မှုအပြင် ကကွက် သရုပ်ဖော်ရာမှာ ရှင်းလင်းပြီး မျက်စိပသာဒ ဆွဲဆောင် နိုင်မှုတို့မှာလည်း အလွန်အရေးကြီးပါသည်။
ကရင်ရိုးရာ ဒုံးအကများမှာ အပျိုလူပျိုဒုံးအက၊ ဝါးညှပ်အက၊ ကြိုးကျစ်အက၊ ကျွဲဒုံးအက၊ သမင်ဒုံးအက၊ မျောက်ဒုံးအက၊ မိချောင်းဒုံးအက၊ ရှာလဖလုံ (လူပျိုကြီး ဒုံးအက)၊ မူးနောင်ရှာ (အပျိုကြီးဒုံးအက) အပြင် ကရင် ဓားသိုင်းအက၊ ပျားဖွပ်အက၊ တေးသရုပ်ဖော်အကစသည့် အမျိုးအစားများစွာ ရှိပါသည်။