လူမျိုးတိုင်းတွင်အိမ်သစ်ဆောက်လုပ်ခြင်း ၊ အိမ် ပြောင်း ရွှေ့ခြင်းရှိသည့်အခါ အိမ်တက်မင်္ဂလာ ပြုလုပ် လေ့ရှိသလို အရှေ့ပိုးကရင်လူမျိုး တို့သည်လည်း အိမ် သစ်များ ဆောက်လုပ်ပြီးသည့်အခါ ရိုးရာဓလေ့အတိုင်း အိမ်တက် မင်္ဂလာကို ပြုကြလေ့ရှိသည်။ ယင်းကို အရှေ့ ပိုးကရင် စကားဖြင့် “ထောင်းဟိန်းသောင့်” ဟူ၍ ခေါ်ကြ သည်။
အရှေ့ပိုးကရင်လူမျိုးတို့၏ အိမ်သစ်တက်မင်္ဂလာ ကျင်းပရာတွင် တစ်ဒေသနှင့် တစ်ဒေသ၊ တစ်ရွာနှင့် တစ် ရွာ ကျင်းပပုံချင်း အနည်းနှင့်အများ ကွဲပြားမှုရှိကြသည်။ အချို့သောဒေသတွင် ရှေးဟောင်းဓလေ့အရ အိမ်သစ် တက်မင်္ဂလာကျင်းပသည့် နည်းမျိုးပပျောက်သလောက် နည်းပါးလျက်ရှိပြီး နီးစပ်ရာယဉ်ကျေးမှုနှင့် ရောနှော၍ တစ်မျိုး တစ်ဖုံ ပြောင်းလဲသွားခြင်း လည်းရှိပေသည်။ ဤနေရာတွင် ရှေးကရင်လူကြီးများ ကျင်းပ လေ့ရှိသော အိမ်သစ်တက် မင်္ဂလာပွဲတစ်ခုကို ရေးသား ဖော်ပြအပ် ပါသည်။
အရှေ့ပိုးကရင်လူမျိုးများတွင် ကွယ်လွန်သူ ဘိုး ဘွား မိဘတို့၏ ဂုဏ်ကျေးဇူးကို ပူဇော်ကျွေးမွေးသော “အောင်းဟှယ်” ဟူသော ရိုးရာတစ်ရပ်ရှိသည်။ မိဘ နှစ်ဦးလုံး ကွယ်လွန်ပြီးနောက်ပိုင်းတွင် အိမ်ဟောင်းကို ဖျက်၍ အိမ်သစ်ဆောက်လုပ် ကြလေ့ရှိသည်။ နောက် ထပ်မံ၍ ဆောက်သောအိမ်များသည် ဝါးများ၊ တောသစ် များဖြင့်သာ ဆောက်လုပ်နိုင်ကြ၍ ကြာရှည်ခိုင်ခံ့ခြင်း မရှိဘဲ မကြာမကြာ အိမ်သစ်ပြန်လည် တည်ဆောက် ရပြီး အိမ်သစ်တက် မင်္ဂလာလည်း မကြာမကြာ ပြုကြရ လေသည်။
အရှေ့ပိုးကရင်လူမျိုးများအိမ်ဆောက်ရာတွင်အိမ် ရှေ့မျက်နှာစာကို တောင်ဘက်အရပ်၊ အရှေ့ဘက် အရပ် တို့တွင် ဆောက်လေ့မရှိချေ။ အရှေ့အရပ်သည် နေထွက် ရာအရပ်ဖြစ်၍ ရိုသေလေးစားရသော အရပ်ဖြစ်သော ကြောင့် အိမ်ရှေ့မျက်နှာစာ မထားအပ်ပေ။ တောင်ဘက် အရပ်သည် ခေါင်းရင်းအရပ်ဖြစ်သောကြောင့် အိမ်ရှေ့ မျက်နှာစာ မထားထိုက်ဟု ယူဆကြသည်။ သို့ကြောင့် ရှေးကရင်လူမျိုးတို့က တောင်ဘက်အရပ်နှင့် အရှေ့ ဘက်အရပ်ကို ခေါင်းရင်းထားအပ်သော အရပ်အဖြစ် သတ်မှတ်ကြသည်။
အိမ်သစ်ဆောက်လုပ်ရာတွင် ဥရူတိုင်ကို အရှေ့ တောင်ထောင့်အစွန်းတွင်စိုက်ထူကြသည်။ ထို့သို့ တိုင် ထူပြီးနောက် အလယ်တိုင်တစ်တိုင်၏ အောက်ခြေတွင် နှီးနှစ်ပင်ကို မြက်ကွက်ဖော်နည်းဖြင့် သုံးမြောင်းဖြစ် အောင် ရက်လုပ်ပြီး လူခါးတစ်ရပ်ခန့် အမြင့်ရှိအိမ်တိုင် တွင် ကပ်ချည်ထား လိုက်သည်။ ထို့နောက် ဝါးရင်း တုတ်တစ်ချောင်းကိုလည်း တွဲ၍ ချည်နှောင်ထားလိုက် သည်။
ထိုသို့ပြုပြီးနောက် ပိုးကရင်ဘာသာဖြင့် “ဒိုခါ ဟေးအောင်းခိုလား ဟိန်းအေခန့်ဝေါ့” ဟူ၍ ဆုတောင်း စကားပြောဆိုရသည်။ အဓိပ္ပာယ်မှာ ကုမ္ဘဏ်ကြီးရေ၊ အိမ်ကို ခိုင်ခံ့အောင် စောင့်ရှောက်ပါလော့ဟူ၍ ဖြစ်၏။
အရှေ့ပိုးကရင်တို့၏ ရပ်ရွာဓလေ့အတိုင်း အိမ်ကို ဆောက်လုပ်ရာတွင် တစ်ဦးနှင့်တစ်ဦး စုပေါင်းကူညီ ဆောက်လုပ်ပေးလေ့ရှိသည်။ နေ့ချင်းပေါက် ပြီးမြောက် ပါက အိမ်ရှင်ယောက်ျားက ဆောက်လက်စ အိမ်ပေါ်တွင် စပါးတစ်တောင်း၊ ဓားတစ်လက်၊ ပလိုင်းနောက်လွယ် သို့မဟုတ် နှစ်ဆရှိသော ဝါးကျည်တောက်တွင် အိမ်သုံး ကိရိယာထည့်ပြီး တင်ထားရသည်။ ထို့နောက် ရေအိုး တစ်လုံး၊ ဓားသွေးကျောက်များတင်ပြီး အိမ်ပေါ်သို့ တက် ရောက်အိပ်ရသည်။ ထို့သို့ပြုလုပ်ခြင်းကို ကရင်ဘာသာ အားဖြင့် “မီဆောက်ဟိန်း” ဟုခေါ်သည်။
အိမ်ကို အားလုံးဆောက်လုပ်ပြီးသောအခါ ညနေ ဆည်းဆာချိန်တွင် အိမ်သစ်တက်မင်္ဂလာ ပြုလုပ်ရလေ သည်။ အိမ်သစ်ဆိုသည့်အတိုင်း အိမ်ပေါ်တွင် ရေအိုး အသစ်၊ပန်းကန်ခွက်ယောက်အသစ်၊နောက်ဆုံးယောက်မ အသစ် စသည့် ပြည့်စုံစွာတင်ထားရသည်။ အိမ်၏ ဥရူတိုင် ကိုလည်း သပြေရွက်ဆုပ်ဖြင့် ချည်ထားရသည်။
ထိုသို့ပြုပြီးသော်အိမ်ရှေ့တွင်နှစ်ဆစ်ပိုင်းဝါးကျည် တောက်ခွက်ကိုချထားပြီး ရေနှင့်ကျောက်ခဲများကို ထည့် ထားရသည်။ ပြီးသော် “ရှူးလားဘေထီ-အောကုံလာ ဘေလုံး” “ရေကဲ့သို့ အေးချမ်း၍ ကျောက်ကဲ့သို့ စုစည်း ပါစေ” ဟူ၍ ဆုတောင်းအဓိဌာန်ပြုကြသည်။
အိမ်ပေါ်သို့ ဦးစွာတက်ရောက်ရန် ဖိတ်ကြားထား သော လင်စုံမယားစုံတစ်ကွဲက ရေခွက်တွင်ခြေဆေးပြီး တက်ရသည်။ ပြီးနောက်တွင် အိမ်ရှင်ယောကျ်ားက ဦးဆောင်၍ ဇနီးသားသမီးများက အစဉ်အတိုင်း တက် ကြ ရသည်။ ယင်းနောက်တွင် ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ မိတ်ဆွေအပေါင်းအသင်းများက ရေခွက် တွင် ခြေကို စင်ကြယ်အောင် ဆေးကြော၍ တက်ကြရ သည်။
အိမ်ပေါ်သို့ အားလုံးရောက်ပြီးသောအခါ ဦးစွာ တက် ရောက်သော လင်စုံမယားစုံတို့က အိမ်၏ ခေါင်းရင်း ကို နံ့သာရည်ဖြင့် သပြေခွက်ကိုယူပြီး ပက်ဖျန်းပေး ရ သည်။ ထို့နောက် အိမ်ရှင်လင်မယား ပက်ဖျန်းပြီးသော် လူကြီးသူမများက နံ့သာရည်ခွက်ကိုယူပြီး အသီးသီး ပက်ဖျန်းကြကာ “ဤအိမ်တွင် နေသမျှကာလပတ်လုံး ဘေးအန္တရာယ်ရောဂါကင်း၍ ကျန်းမာစေသား၊ ကြီးပွား တိုးတက် ပါစေသား၊ မိသားစုပျော်ရွှင်ချမ်းမြေ့စွာ နေနိုင် ပါစေသား”ဟူသော အဓိပ္ပာယ်သက်ရောက်သည့် စကား များ ကို ဆုတောင်း ပေးကြသည်။
ထိုသို့ ဆုတောင်းပြီးနောက် တတ်အားသမျှ လက်ဖက်ရည်၊ ထမင်းဟင်းတို့ဖြင့် အိမ်ရှင်က ဧည့်ခံ ကျွေးမွေးလေသည်။ အချို့သောဒေသတွင် အရက်ဖြင့် ဧည့်ခံပြီးနောက် စားကောင်းသောက်ဖွယ် ရာများဖြင့် ကျွေးမွေးလေသည်။ အချို့သော အိမ်ရှင်များက ရိုးရာ ဓလေ့ အတိုင်းအိမ်ပေါ်၌ အရက်သေစာ မတင်ရသော ပညတ် ထားချက်အရ အရက်တင်၍ မရသောအိမ်၌ ထမင်း၊ လက်ဖက်ရည်တို့ဖြင့်သာ ဧည့်ခံကြလေသည်။ ထို့နောက် တက်ရောက်လာသော လူကြီးသူမများက အိမ်ရှင်လင်မယား မိသားစုအား ဩဝါဒဆုံးမစကားများ ပြောကြားပြီး ပြန်ကြ လေသည်။ ယင်းမှာ ရှေးကရင် လူမျိုးတို့၏ အိမ်သစ်တက်မင်္ဂလာကျင်းပခြင်း အစီအစဉ် တစ်ရပ်ဖြစ်သည်။
မျက်မှောက်ခေတ်တွင် အချို့သောသူတို့က ရှေး ထုံးစဉ်လာအတိုင်း လိုက်နာပြုကျင့် လေ့ရှိသော်လည်း အချို့ကအိမ်သစ်တက်ဆွမ်းကျွေးအလှူပေးခြင်း၊ ပရိတ် တရား နာခြင်း စသည့်ဖြင့် ပြုကြသည်လည်းရှိသည်။မည်သို့ပင်ဖြစ်စေ၊ ရိုးရာယဉ်ကျေးမှုဓလေ့အရ အရိုးကို အရွက်မဖုံးစေလိုသည့် သဘောဖြင့် ပိုးကရင် လူမျိုးတို့၏ ပြုမြဲဖြစ်သည့် အိမ်သစ်တက်မင်္ဂလာ တည် တံ့ နေခြင်းသည်ကား လေးစားဖွယ်ပင် ဖြစ်ရပါသည်။